ထားဝယ်သပိတ်မျှောပွဲတော်တွင် ပလပ်စတစ်သပိတ် မျှောခွင့်မပြု

0
948

သီတင်းကျွတ်လပြည့်နေ့ နံနက်တွင် ကျင်းပမည့် ထားဝယ်ရိုးရာသပိတ် မျှောပွဲတော်တွင် ပလပ်စတစ်သပိတ်မျှော ခွင့်ပြုမည် မဟုတ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

ရိုးရာသပိတ်မျှောပွဲတွင် မြေသား ဖြင့် ပြုလုပ်ထားသည့် သပိတ်များကိုသာ မျှောခွင့်ပြုမည်ဖြစ်ပြီး ပလပ်စတစ် သပိတ်တွေ့ပါက တားဆီးကာ သိမ်းဆည်းမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

ယခင်နှစ်များက ကျင်းပခဲ့သည့် သပိတ်မျှောပွဲတွင် မြေသားသပိတ်ကိုသာ အသုံးပြုရာမှ ယခုနှစ်တွင် ပလပ်စတစ် ဖြင့်ပြု လုပ်ထားသည့် သပိတ်များ ဈေးကွက်အတွင်း စတင်ရောင်းချနေသည်။

“သေချာဂရုစိုက်ပြီးတော့ ပလပ် စတစ်သပိတ်ကို တွေ့ရင် ယဉ်ယဉ်ကျေးကျေးနဲ့ တားဆီးပြီး သိမ်းဆည်းမှာဖြစ် ပါတယ်”ဟု ဦးရဲထွဋ်နိုင်က ပြောသည်။

ယင်းအပြင် ပလပ်စတစ်သပိတ် မသုံးစွဲရန် အထူးမေတ္တာရပ်ခံထားသည့် ဗီနိုင်းများဖြင့် ကြေညာခြင်းနှင့် ထိရောက်သည့် ကမ်ပိန်းတစ်ခုကိုပါ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သပိတ်မျှောပွဲကို ကော်မတီက စီစဉ်သည့် နေရာတွင် ကျင်းပသည့်အပြင် ထားဝယ်ဒေသရှိ အခြားနေရာများတွင်လည်း ကျင်းပလေ့ရှိသည်။

အခြားနေရာတွင် ကျင်းပသည့် သပိတ်မျှောပွဲများတွင်လည်း ပလပ်စတစ် သပိတ်အသုံးမပြုရန် စည်းရုံးလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ဆိုသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဒေသအိုးလုပ်ငန်း ထိခိုက်မှုမရှိစေရန် အတွင် ပလပ်စတစ်သပိတ်များ အသုံးမပြု သင့်ကြောင့် မြို့ခံအချို့ကလည်း ဝေဖန်နေ ကြသည်။

ထားဝယ်ဒေသတွင် ရိုးရာသပိတ် မျှောပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။

ထားဝယ်ကမ်းနားဈေးအနီးတွင် ကျင်းပမည့် သပိတ်မျောပွဲတော်ကာလအတွင်း ထားဝယ်ရိုးရာယဉ်ကျေးမှုအက အစီအစဉ်များ၊ ခေတ်ပေါ် တေးဂီတ အစီအစဉ်များ၊ မီးပုံးလွှတ်ပွဲနှင့် စတုဒိသာ ကျွေးမွေးခြင်းအစီအစဉ်များကိုပါ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

ကိုဇော်