ကျွန်းစုတွင် တည်ဆောက်ပြုပြင်နေ သည့် ဆိပ်ခံတံတား ချို့ယွင်းမှုရှိက တာဝန်ခံမည်ဟု စည်ပင်ဝန်ကြီးဆို

0
458

ကျွန်းစုမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောက်လုပ်မည့် ဆိပ်ခံဧရိယာ တည်ဆောက်၊ ပြုပြင်ခြင်း လုပ်ငန်းနှင့်ပတ်သက်ပြီး ချို့ယွင်း၊ အားနည်းချက်များရှိက အပြည့်အ၀ တာဝန်ယူ၊ တာဝန်ခံကြောင်း တနင်္သာရီ တိုင်း လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားလိုက်သည်။

အောက်တိုဘာလ ၁ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဝန်ကြီးဦးဟိုပင်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းအစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ကျွန်းစုမြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ ကွန်ကရစ်ရေဆင်း ဆိပ်ခံတံတားတည်ဆောက်၊ ပြုပြင်ရေးနှင့် သံမဏိဆိပ်ခံ ဘောတံတား တည်ဆောက်ရေးလုပ်ငန်း တို့ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

ယင်းလုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ်သိန်းသုံးထောင်နီးပါး(၂၇၉၀ သိန်း ကျော်)ဖြင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းအရ တင်ဒါ ခေါ်ကာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကျွန်းစုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ကမူ ပစ္စည်းဝယ်ယူရေးကိုသာ တင်ဒါ ခေါ်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း ကိုမူ စည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်မည်ဟု သိထားရကြောင်း ၎င်းက ပြော သည်။

ယင်းကဲ့သို့ စည်ပင်သာယာရေး အဖွဲ့က တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ကို ဒေသခံများလည်း မကျေနပ်ကြကြောင်း ၎င်းက ပြောသည်။

“အကယ်လို့များ တစ်စုံတစ်ခု ပြဿနာများရှိခဲ့လျှင် ဝန်ကြီးကိုယ်တိုင်က တာဝန်ယူမှု၊ တာဝန်ခံမှု ဆောင်ရွက် ပေးနိုင်ပါ့မလားဆိုတဲ့မေးခွန်းတစ်ခု မေးလိုပါတယ်”ဟု ဦးတိုးလွင်က လွှတ်တော်တွင် ဝန်ကြီးအား မေးခွန်းထုတ်ခဲ့သည်။

ယင်းမေးခွန်းကို လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြန်လည် ဖြေဆိုရာတွင် အပြည့်အ၀ တာဝန်ယူ၊ တာဝန်ခံကြောင်း ထည့်သွင်းဖြေဆိုခဲ့ သည်။

“စည်ပင်သာရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု အားနည်းချက် များရှိခဲ့ရင် ဝန်ကြီးအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါသလားဆိုတဲ့ မေးခွန်းကို ကျွန်တော်အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံပါကြောင်း ပြောကြားလိုပါတယ်”ဟု ဦးဟိုပင်က ဆိုသည်။

တိုင်းအတွင်းရှိ စည်ပင်သာရေး လုပ်ငန်းက လုပ်ဆောင်သည့် လုပ်ငန်း များကို ပြည်သူများက ယုံကြည်မှုအား နည်းနေကြောင်း ဦးတိုးလွင်ကထောက်ပြ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလက ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ဆောက်လုပ်သော ထားဝယ်မြို့ ဆန်းချီချောင်း ရေထိန်းနံရံ အရှည်ပေ ၁၀၀ ခန့်သည် တည်ဆောက်ပြီး လပိုင်း အကြာတွင် ပြိုကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ဖူးသည်။

ကျော်သူစိုး