မောင်းမကန်ကမ်းခြေတွင် ပင်လယ်ကဗွီးပင်များ ခုတ်လှဲခံနေရ၊ အစိုးရက ထိန်းသိမ်း၊ စိုက်ပျိုးရန် လိုအပ်နေဟုဆို

0
1376

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေတွင် ပေါက်ရောက် နေသည့် ပင်လယ်ကဗွီးပင်များ ခုတ်လှဲ ခံနေရသဖြင့် တိုင်းအစိုးရအစီအစဉ်ဖြင့် ပြန်လည်ထိန်းသိမ်းစိုက်ပျိုးသင့်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောသည်။

မောင်းမကန်ကမ်းခြေတွင် ပေါက်ရောက်နေကြသည့် ပင်လယ်ကဗွီးပင် အချို့ကို ယင်းကမ်းခြေရှိ စားသောက်ဆိုင် ပိုင်ရှင်များက ဆိုင်မျက်နှာစာနှင့်ကွယ်သည်ဟုဆိုကာ ခုတ်လဲှခြင်း၊ သဲသောင် ပြင်ကို ကားများဝင်ထွက်သွားလာနိုင်စေရန် မြေဖို့ခြင်းတို့ကြောင့် ပင်လယ်ကဗွီးပင်များ နှစ်စဉ်သေဆုံးနေကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

လူတို့ဖျက်ဆီးခြင်းအပါအဝင် သဘာဝအလျောက်သေဆုံးခြင်း၊ မီးဘေးကြောင့် သေဆုံးခြင်းတို့ကြောင့် လက်ရှိ တွင် ပင်လယ်ကဗွီးအပင် တစ်ရာခန့် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ပင်လယ်ကဗွီးပင်တွေက လူတွေ ဖျက်ဆီးမှုကြောင့်လည်းပါသလို လွန်ခဲ့ တဲ့ ၂ နှစ်လောက်က မီးလောင်သွား တာလည်း ရှိတယ်။ အဲဒီမီးလောင်တဲ့ နေရာပေါ်မှာ ဆိုင်တွေ ဝင်ဆောက်လိုက် တဲ့အခါကျတော့ အပင်ပေါက်ဖို့နေရာက မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ပင်လယ်ကဗွီးပင်များ ခုတ်လှဲ၊ သေဆုံးမှုများ ရှိလာသဖြင့် တိုင်းအစိုးရအနေဖြင့် စီမံချက်ရေးဆွဲပြီး အပင်အသစ်စိုက်ပျိုးရန်နှင့် အပင်ဟောင်းများကို လူတို့ဖျက်ဆီးခြင်းမှ ကာကွယ် ပေးရန် အစီအစဉ်ရှိမရှိ အောက်တိုဘာလ ၁ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် တွင် ၎င်းက မေးခွန်းထုတ်ခဲ့သည်။


ဒေသခံများကို ပင်လယ်ကဗွီးပျိုးပင်များပေးပြီးစိုက်ပျိုးခိုင်းခြင်းထက် အစိုးရမှ စီမံချက်ဖြင့် စနစ်တကျစိုက် ပျိုးခြင်းကသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

“ဒီအပင် တွေဟာ ဆိုင်တန်းတွေ ဝင်ရောက်လာလို့ ဖျက်ဆီးခံရတာဖြစ် တယ်။ အဲဒီနေရာမှာ သာမန်လူထုက အပင်ဝင်စိုက်မယ်ဆိုရင် ဒါဟာစိန်ခေါ်မှု ဖြစ်ပါတယ်။ အစိုးရအစီအစဉ်ဖြင့် စိုက် ပေးဖို့ တိုက်တွန်းပါတယ်” ဟု ဦးဗိုလ်ထွေး က ပြောသည်။

ယင်းကြောင့် ပင်လယ်ကဗွီးပင်များကို အစိုးရအစီအစဉ်ဖြင့် စိုက်ပျိုးရန် အစီအစဉ်ရှိ၊ မရှိ ထပ်ဆင့်မေးမြန်းခဲ့ရာ စာဖြင့်သာပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း ဝန်ကြီးဦးလှထွေးက ပြောသည်။

ပင်လယ်ကဗွီးပင်များစိုက်ပျိုးခြင်း ဖြင့် ကမ်းပါးရေတိုက်စားမှုများကိုကာကွယ်ပေးခြင်း၊ လေကာပင်အဖြစ်အသုံး ပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခြင်း၊ ခရီးသွား ဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

Dawei Watch