မွန်တွင် ကိုးလခန့်အတွင်း မူးယစ်ဆေးဝါးအမှု သုံးရာကျော်မိ

0
449

မွန်ပြည်နယ်တွင် ကိုးလခန့်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း သုံးရာကျော် ဖမ်းမိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၅ ရက်ထိ မူးယစ်ဆေးဝါး အမှုပေါင်း ၃၂၇ မှုဖမ်းမိခဲ့ပြီး ပြစ်မှုကျူး လွန်သည့် အမျိုးသား ၄၈၈ ဦးနှင့် အမျိုး သမီး ၄၀ ဦးရှိသည်ဟု အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် ၅၅ ကြိမ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်း အနားတွင် ဝန်ကြီးချုပ်က ပြောခဲ့သည်။

ဖမ်းမိသည့် မူးယစ်ဆေးဝါးများ တွင် WY စိတ်ကြွဆေးပြား၊ ICE ၊ ဆေးခြောက်၊ ဘိန်းစာရွက်၊ ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါးမျိုးစုံပါဝင်ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃,၃၈၆ ကျော်ရှိသည်။

“မွန်ပြည်နယ်အတွင်း မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်ရေးကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နေသလို သုံးစွဲမှုလျှော့ချ နိုင်ဖို့အတွက် ကျောင်းသားလူငယ်ထုနဲ့ ပြည်သူလူထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိရှိ ဆင်ခြင်နိုင် ဖို့အတွက် အသိပညာပေးဟောပြောမှုတွေ လုပ်ဆောင်တယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ပြည်နယ်အတွင်းက ရောင်းဝယ် သုံးစွဲမှု ပိုမိုများပြားလာနေသည့် မူးယစ် ဆေးဝါးပြဿနာကို အစိုးရအနေဖြင့် နေ့စဉ်ဖမ်းဆီးလျက်ရှိပြီး ထောင်ထဲတွင် လည်း ထားစရာနေရာမရှိလောက်အောင် မူးယစ်ဆေးဝါးအမှုကို ဖမ်းဆီးဆောင် ရွက်နေသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့သည့် ဒုတိယ အကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင်လည်း ပြောခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးအတွက် ရဲတပ်ဖွဲ့တစ်ခုတည်းဖြင့် မရဘဲ အားလုံးပူးပေါင်းပါဝင်မှသာ ထိရောက်မည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့ပတ်ဝန်း ကျင်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူရှိလို့ ရှိရင် မိသားစုက နောက်တစ်ခု ပတ်ဝန်း ကျင် ကျောင်းမှာဆိုရင် ဆရာ/ဆရာမ တွေရှိမယ် ရပ်ကွက်မှာဆိုရင် ရပ်ကွက် ပြည်သူလူထုတွေရှိမယ် သူတို့ ပူးပေါင်း ပါဝင်မှသာ အဆင်ပြေမယ်။ မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းဖို့ဆိုတာက ရဲတပ်ဖွဲ့ တစ်ခုတည်းနဲ့တော့ မရဘူး။ အကုန်လုံး ပူးပေါင်းပါဝင်မှရမယ်လို့တော့ မြင်တယ်”ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်း ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုများအနက် ရေးနှင့် မော်လမြိုင်မြို့နယ်တို့တွင် ဖမ်းမိမှု အများဆုံးဖြစ်သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာသည့် အနေအထားရှိနေပြီး လူငယ် ၇၃ ရာခိုင် နှုန်းကျော်တို့က မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO) ၏ စစ်တမ်းအရ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်က မူးယစ်ဆေးဝါး အမှုပေါင်း ၄၃၄ မှု ဖမ်းမိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၂၇၀ မှု ဖမ်းမိခဲ့သည်ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးရှိ စာရင်းအရ သိရသည်။

Dawei Watch