ကမ်းနီးတွင်ဝင်ဆွဲသည့် ကမ်းဝေးငါးဖမ်းလှေငါးစီးနှင့် ရေလုပ်သား ခြောက်ဆယ်ကျော်ကို ဖမ်းဆီး

0
555

ကမ်းနီးရေပြင်တွင် ဝင်ရောက်ငါး ဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ငါးစီးအပါအဝင် ရေလုပ်သား ခြောက်ဆယ် ကျော်ကို စက်တင်ဘာလ ၂၈ ရက်က ဖမ်းဆီးခဲ့ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

နံနက် ၃ နာရီနှင့် ၅ နာရီကြား အချိန် တွင် တပ်မတော်(ရေ) မှ ကင်းလှည့်စဉ် ဘုတ်ပြင်းမြို့နယ်၊ ကမာကျွန်းအနောက် ဘက် ကမ်းနီးရေပြင်နှင့် ထိုက်မြင့်ကျွန်း မြောက်ဘက်ရှိ ကမ်းနီးရေပြင်တို့တွင် ငါးခိုးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ငါးစီးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြိတ် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။

“ငါးဖမ်းရာသီစဖွင့်ပြီး တစ်လအကြာ ပထမဆုံးဖမ်းမိတာဖြစ်တယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

ဖမ်းမိခဲ့သည့် ကမ်းဝေးလှေ ၅ စီးနှင့် ရေလုပ်သား ၆၁ ဦးအား တပ်မတော်(ရေ)မှ စက်တင်ဘာ ၂၉ ရက်တွင် မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လာရောက်အပ် နှံခဲ့ပြီး မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေဖြင့် အရေးယူနိုင်ရေး တင်ပြထားကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ အရ ကမ်းနီးရေပြင်ကို ကမ်းခြေအခြေခံမျဉ်း(ရေစစ်မျဉ်း)မှ ရေပြင် ၁၀ မိုင်အတွင်း သတ်မှတ်ထားပြီး ၎င်းဧရိယာအတွင်း ဝင်ရောက်ဖမ်းဆီးသည့် ကမ်းဝေးငါးဖမ်း လှေများကို စည်းပျက်လှေအဖြစ်သတ်မှတ်ပြီး  ပထမအကြိမ်ဖမ်းမိပါက လှေ ၁ စီးလျှင် ဒဏ်ငွေကျပ်သိန်း ၃၀ နှင့် ငါးဖမ်း ခွင့် ၃ လပိတ်သိမ်းနိုင်ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ကိုဆန်း