၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှု ရုံးချိန်း ထူးခြားချက်များ

0
3384

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၃၁ ကြိမ် နှင့် ၃၂ ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ၁ ရက်တို့တွင် စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းနှစ်ရက်အတွင်း ထားဝယ်မြို့ရှိ CB ဘဏ်ခွဲတာဝန်ခံ၊ အောင်မိုးမြတ်ကုမ္ပဏီ၏ တာဝန်ခံမန်နေ ဂျာဟောင်း၊ ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာနှင့် F22 ဆန်နီကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ(MD) တို့ကို စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းနှစ်ရက်အတွင်း ထူးခြား ချက်များကို ကောက်နုတ်ဖော်ပြလိုက် သည်။

F22 ဆန်နီကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဇံသီး ခေါ် ဦးဆန်နီကို စစ်ဆေး

ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်းချုံနွယ်ရှင်းလင်း ခဲ့သည့် အမှုအတွက် လိုပြသက်သေ အဖြစ်စစ်ဆေးခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် မတိုင်မီ ၁၀ ရက်ခန့်အလိုတွင် တိုင်းအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က ဖုန်းဖြင့်ခေါ်သည့်အတွက် သွားတွေ့ခဲ့ရာ ထားဝယ်လေယာဉ်ကွင်းတွင် သစ်ပင် ချုံနွယ်များထူထပ်နေပြီး ခြံစည်းရိုးတွင် အပေါက်အပြဲများဖြစ်နေ သည့်အတွက် သွားကြည့်ရန် ပြောခဲ့ကြောင်း ဦးဆန်နီ က တရားခွင်အတွင်း ထွက်ဆိုသည်။

ထိုကြောင့် အခြေအနေအား သွားကြည့်ပြီး ဦးဝင်းရှိန်ကို ပြန်လည်တင်ပြခဲ့ ကြောင်း ၎င်းက ဆိုသည်။

ထိုသို့တင်ပြပြီးနောက် ဦးဝင်းရှိန်က လုပ်ငန်းအပ်နှံသည့်စာချုပ်ကို နောက်မှ ချုပ်ဆိုမည်ဖြစ်ပြီး သစ်ပင်ချုံရှင်းသည့် လုပ်ငန်းကို စလုပ်နိုင်ပြီဟု ပြောဆိုခဲ့ကြောင်း ဦးဆန်နီက တရားခွင်အတွင်း ပြောသည်။

လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ မည်မျှ (ကုန်ကျစရိတ်ငွေ ပမာဏ) သုံးစွဲ ခွင့်ရှိကြောင်းကို ၎င်းအားပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးဆန်နီက ဆိုသည်။

လုပ်ငန်းစလုပ်နိုင်ပြီဖြစ်ကြောင်း ပြောဆိုသည့်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သစ်ပင်ချုံ ရှင်းသည့်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ ကြောင်း ၎င်းက ပြောသည်။

ယင်းနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ ၂၀ ရက်တွင်မှ လုပ်ငန်းစာချုပ် ချုပ်ဆိုခဲ့ပြီး ထိုလုပ်ငန်းအတွက် ကျပ်သိန်း လေးထောင် သုံးစွဲခွင့်ရရှိထားသည်ကို သိရကြောင်း ဦးဆန်နီက တရားခွင်အတွင်း ပြောဆိုသည်။

သစ်ပင်ချုံနွယ်များရှင်းမည့် လေယာဉ်ကွင်းအကျယ်အဝန်းကို သိလို၍ လေဆိပ်တာဝန်ခံအား မေးမြန်းခဲ့ သော်လည်း ၎င်းထံတွင် စာရွက်စာတမ်းများ မရှိဟု ပြောဆိုခဲ့ကြောင်း ဦးဆန်နီက တရားခွင်အတွင်း ပြောသည်။

ထိုကြောင့် ထားဝယ်မြို့နယ် မြေ စာရင်းရုံးသို့ သွားတောင်းရာတွင်လည်း ဌာနအကြီးအကဲနှင့် မတွေ့ရဘဲ ဝန်ထမ်း အငယ်များနှင့်သာတွေ့ရသည့်အတွက် အကျယ်အဝန်းနှင့် ပတ်သက်သည့် အထောက်အထားမရခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းအတွက် ထားဝယ်လေယာဉ် ကွင်း၏ ဧရိယာကို တိုင်းတာရာ ၂၅၂ ဒသမ ၃၃၆ ဧက ရှိပြီး သစ်ပင်ချုံနွယ် များရှင်းလင်းရမည့် အကျယ်အဝန်းမှာ ၂၀၃ ဒသမ ၁၂ ဧကရှိသည်ကို တွေ့ရ ကြောင်း ဦးဆန်နီက တရားခွင်အတွင်း ပြောသည်။

လေယာဉ်ကွင်းဧရိယာအား တိုင်း တာရာတွင် လေဆိပ်တာဝန်ခံအား အသိ ပေးပြီး ၎င်းင်း၏ခွင့်ပြုချက်အရ တိုင်းတာခဲ့ကြောင်း ၎င်းက ပြောသည်။

သစ်ပင်ချုံနွယ်ရှင်းရမည့် အကျယ် အဝန်းကို စတုရန်းပေတွက်ချက်ရာ ၈၈၄၈၀၃၁ ဒသမ ၁၆ စတုရန်းပေရှိပြီး တစ်ပေ ပတ်လည်လျှင် ၄၅ ကျပ် ၂၃ ပြားဖြင့် တွက်ချက်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက တရားခွင်အတွင်း ထွက်ဆိုသည်။

သစ်ပင်ချုံရှင်းသည့် စံဈေးနှုန်းကို ဖော်ပြထားသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ဒေသပေါက်ဈေးနှုန်း (ဘဏ္ဍာရေး အခြေခံဈေးနှုန်း) စာအုပ်တွင် တစ်ပေ ပတ်လည်လျှင် ၆၂ ကျပ် ၃၁ ပြားဟု ဖော်ပြထားသော်လည်း ၎င်းက လျှော့၍ တွက်ချက်ယူထားကြောင်း ဦးဆန်နီက ဆိုသည်။

အဆိုပါလုပ်ငန်းကို တင်ဒါခေါ်ခဲ့ ခြင်းမရှိဘဲ တိုင်းအစိုးရက လုပ်ခွင့်ပြုခဲ့ ပြီး ၎င်းနှင့် တိုင်းအစိုးရကြားတွင် အခြားအကြောင်း တစ်စုံတစ်ရာမရှိကြောင်း ၎င်းက ထွက်ဆိုသည်။

F22 ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ(MD) ဦးဆန်နီက အထက်ပါ အချက်များအပြင် အခြားအကြောင်းအရာ များကိုလည်း ထွက်ဆိုခဲ့သည်။

ထားဝယ်လေဆိပ်တာဝန်ခံဟောင်း ဦးထွန်းထွန်းဝင်းကမူ ထားဝယ်လေယာဉ်ကွင်း၏ စုစုပေါင်းဧရိယာအကျယ်အဝန်း မှာ ၃၆၄ ဒသမ ၆၇၇ ဧကရှိကြောင်း တရားခွင် အတွင်း ထွက်ဆိုထားသည်။

၂၀၁၆ ခုနှစ်အတွင်း F 22 ကုမ္ပဏီ ချုံနွယ်များရှင်းလင်းစဉ်က ထိုဧရိယာ၏ တစ်ဝက်ခန့်တွင် သစ်ပင် ချုံနွယ်များဖြင့် တောထူထပ်နေကြောင်း ၎င်းက ထွက်ဆို ထားသည်။

လေယာဉ်ကွင်းခြံစည်းရိုးကိုဖျက်ပြီး ကွင်းအတွင်းရှိ သစ်ပင်ချုံနွယ်များရှင်းလင်းချိန်တွင်လည်း ကြိုတင်သိရှိ ခြင်း မရှိဘဲ အလုပ်သမားများကို သွားမေးချိန်မှသာ တိုင်းအစိုးရ၏ ခွင့်ပြုချက် အရရှင်းလင်းနေသည်ဟု သိရကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။     

Dawei Watch