သီတင်းကျွတ်ကာလအတွက် ပန်းခြင်းမီးအိမ် အဓိကထားရက်လုပ်

0
661

သီတင်းကျွတ်မီးထွန်းပွဲတော်တွင် အသုံးပြုကြသည့် မြိတ်ဒေသထွက် လက်လုပ်မီးအိမ်များအနက် ပန်းခြင်း မီးအိမ်ကို အဓိကထားရက်လုပ်နေကြောင်း လက်လုပ်မီးအိမ်ပြုလုပ်သူ ဦးကြီးမြင့်က ပြောသည်။

ပန်းခြင်းပုံသဏ္ဌာန်မီးအိမ်၊ တိုက်အိမ်ပုံစံမီးအိမ်၊ ဘောလုံးမီးအိမ်နှင့် ဆင်ချေးတုံးမီးအိမ်များကို ရက်လုပ်နေ ပြီး ၎င်းတို့အနက် ဈေးအနည်းဆုံးနှင့် ရောင်းရအများဆုံးဖြစ်သည့် ပန်းခြင်း မီးအိမ်ကို အလုံးရေ ၁၂၀၀ အထိ ရက် လုပ်မည်ဖြစ်ကြောင်း ဦးကြီးမြင့်က ပြောသည်။

ဆင်ချေးတုံးမီးအိမ်အလုံး ၁၀၀ နှင့် ဘောလုံးမီးအိမ် အလုံး ၄၀၀ ရက်လုပ် မည်ဖြစ်ပြီး တိုက်မီးအိမ် အလုံး ၃၀ ခန့်သာ ရက်လုပ်မည်ဟု ၎င်းက ဆိုသည်။

လက်လုပ်မီးအိမ်များကို အခြေခံအားဖြင့် ဝါး၊ နို့စည်ဗူးခွံ၊ ကော်ရည်၊ ရောင်စုံဆီစိမ်စက္ကူများ၊ စက္ကူထူ (ဆေး လိပ်အခွံ့စက္ကူ)များ ဖြင့် ပြုလုပ်ထားပြီး မီးအိမ်အတွင်းတွင် ဖယောင်းတိုင်မီး အသုံးပြုလေ့ရှိသည်။

ဈေးနှုန်းများမှာ ပန်းခြင်းမီးအိမ် တစ်လုံးလျှင် ၂၅၀ ကျပ်၊ တိုက်မီးအိမ် တစ်လုံးလျှင် ၈၀၀ ကျပ်၊ ဘောလုံးမီးအိမ် တစ်လုံးလျှင် ၄၀၀ ကျပ်နှင့် ဆင်ချေးတုံး မီးအိမ်တစ်လုံးလျှင် ၃၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ရောင်စုံမီးသီးများနှင့် တရုတ် လုပ်မီးအိမ်များဈေးကွက်အတွင်း ဝင် ရောက်ထိုးဖောက်မှုကြောင့် မြိတ်ဒေသထွက် လက်လုပ်မီးအိမ်များသည် နယ်ဈေးကွက်ကို မှီခိုနေရခြင်းနှင့် မီးအိမ် ရက်လုပ်သည့် လုပ်ငန်းကို အမွေဆက်ခံ မည့်သူမရှိခြင်း စသည့် အခက်အခဲများ နှင့်ကြုံတွေ့နေရကြောင်း နှစ်ပေါင်း နှစ်ဆယ်ကျော် မီးအိမ်များရက်လုပ်နေသူ ဦးကြီးမြင့်က ဆိုသည်။

မြင့်မိုရ်(မြိတ်)