ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူ များတွေ့ဆုံဆွေးနွေး၊ အချက် ၇ ချက်ကို သဘောတူ

0
742

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ထိုင်း-မြန်မာနိုင်ငံတာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၇ ချက်ကို သဘောတူလိုက်သည်။

အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်တွင် ကျင်းပခဲ့သည့် ၉ ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဝန်ကြီးအဆင့်အစည်းအဝေးတွင် အထက်ပါ အတိုင်း သဘောတူလိုက် ခြင်းဖြစ်ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာသတင်းဌာန အချို့တွင် ဖော်ပြချက်အရ သိရသည်။

အစည်းအဝေးတွင် ထားဝယ်အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး  ဆက်လက်ဆောင်ရွက်သွားရန်၊ ထိုင်း နယ်စပ်နှင့် DSEZ အကြား နှစ်လမ်းသွား ဖောက်လုပ်ရေး တိုးတက်မှုများကို အသိအမှတ်ပြုရန်၊ မြန်မာဘက်မှ ဒုတိယသမ္မတနှင့် ထိုင်းဘက်မှ ဒုတိယဝန်ကြီးချုပ် ပါဝင်သည့် အဆင့်မြင့် ပူးတွဲကော်မတီ အစည်းအဝေးကို မကြာမီ အမြန်ဆုံး ကျင်းပသွားရန် သဘောတူခဲ့ကြသည်။

၎င်းအပြင် ကနဦး (Initial Phase Project) စီမံကိန်းကို ဆောင်ရွက်နေရင်း ပင်မစီမံကိန်းကြီး(Full Phase Project) ကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ရန်၊ DSEZ အတွင်း လျှပ်စစ်ဓာတ်အားရရှိရေး မြန်မာဘက်က ဆောင်ရွက်နေ သည့် အစီအစဉ်များကို တင်ပြရန်၊ DSEZ အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး နှစ်ဘက် စလုံးက ဖိတ်ခေါ်သွားရန်၊ ၁၀ ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်း ကော်မတီဝန်ကြီးအဆင့်အစည်းအဝေးထိုင်းနိုင်ငံတွင် မကြာမီ ဆက်လက်ကျင်းပ သွားရန် သဘောတူခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ နိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆန်းနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း  ၃၆ ဦးနှင့် ထိုင်းဘက်မှ ၃၅ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်းများအနက် တစ်ခု ဖြစ်သည့် ထီးခီးလမ်းကို ထိုင်းနိုင်ငံ၏ ချေးငွေဖြင့် လမ်းဦးစီးဌာနက တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိ တွင် ထိုင်းနိုင်ငံ၏ ချေးငွေရရှိရေးအတွက် နှစ်နိုင်ငံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိ သည်။

Dawei Watch