ဘိုးဘွားတို့ခေတ် သီတင်းကျွတ်

0
154

မြန်မာ့ ၁၂ ရာသီပွဲတော်များတွင် ပျော်ကြရဆုံးပွဲတော်မှာ သြင်္ကန်ပြီးလျှင် မိုးလေကင်းလွတ် သီတင်းကျွတ်ပွဲတော် ဟု ဆိုနိုင်ပါသည်။

တောရောမြို့ပါ တစ်နည်းနည်းဖြင့် လျှပ်စစ်မီးရရှိနေသည့် ယခုခေတ် သီတင်း ကျွတ်ပွဲတော်တို့တွင် လမ်းများနှင့် အိမ်တိုင်းနီးပါး ခေတ်ပေါ် ရောင်စုံလျှပ်စစ် မီးသီးမီးတန်းများဖြင့် ထိန်ထိန်သာနေ ကာ ကား၊ ဆိုင်ကယ်လည်း ပေါများနေပြီ ဖြစ်ရာ တစ်နေရာမှ တစ်နေရာ အချိန် အခါမရွေး ကူးလူးလည်ပတ်နိုင်နေကြ ပေပြီ။

ခေတ်ပေါ် ဗျောက်အိုး၊ မီးရှူးမီးပန်း တို့ကလည်း သူ့ထက်ငါ တအုန်းအုန်း မြည်အောင် ပြိုင်ဖောက်ကြ၊ ပလပ်စတစ် မီးပုံးပျံ ဆိုက်စုံဂိုဒ်စုံတို့လည်း သူ့ထက်ငါ အကြီးပြိုင်၊ အလှပြိုင်လွှတ်တင်နိုင်ကြပြီ ဖြစ်ပါသည်။

ပွဲတော်အချိန်အတွင်း ခေတ်ပေါ် ဖျော်ဖြေမှုအချို့ကိုလည်း နေရာအတော် များများတွင် တွေ့မြင်ကြည့်ရှုခွင့် ရနေ ကြပါပြီ။

ယခု အသက် ၈၁ နှစ် ရှိပြီဖြစ်သည့် လောင်းလုံးမြို့နယ် သာယာကုန်းကျေး ရွာမှ ဦးသီးဟန်တို့ ငယ်စဉ်အရွယ် ကတော့ ယခုကဲ့သို့ မဟုတ်ပါ။

အိမ်တွင် မီးထွန်းရန်ဆိုလျှင် အဓိက အားကိုးရသည်က ဆီမီးခွက်။

ရောင်စုံမီးအိမ်ဖြင့် မီးထွန်းချင်လျှင် ဆီစိမ်စက္ကူဝယ်ကာ ကိုယ့်ဘာသာကိုယ် လုပ်ကြရသည်။

ဝါးခြမ်းပြားကို ပုံစံဖော်ကာ ဆီစိမ် စက္ကူဖြင့်ကပ်၍ ပြုလုပ်ထားသည့် တိုင် ကပ်မီးအိမ်၊ ကြွက်နားရွက်မီးအိမ်၊ ကြယ် မီးအိမ်၊ ဝါးကျည်တောက်ပုံမီးအိမ်တို့တွင် ဖယောင်းတိုင် ထည့်ထွန်းကြလေသည်။

“ဝါးလုံးကျည်တောက်မီးအိမ်ကိုတော့ တချို့လူတွေက လုပ်ရောင်းကြတယ်။ ဈေးကတော့ တစ်မူးစ နှစ်မူးစ လောက်ပေါ့” ဟု ဦးသီးဟန်က ငယ်ဘ၀ သီတင်းကျွတ်အကြောင်းကို ပြန်ပြောပြ ပါသည်။

မီးပုံးပျံအတွက်လည်း ဆီစိမ်စက္ကူ သည်သာ အခရာ။ ဆီစိမ်စက္ကူကို မိမိတို့ ကျွမ်းကျင်သလို ပုံစံအမျိုးမျိုး ပြုလုပ်ကာ လွှတ်တင်ကြသည်။ များများစားစား၊ ကြီးကြီးမားမားကား မလုပ်နိုင်ကြပါ။

“သီတင်းကျွတ်သုံးညလုံးလုံး တစ်နေ့ သုံးလေးလုံး လွှတ်ကြတယ်။ ဆီစိမ်စက္ကူကိုပဲ ချုပ်ပြီးလွှတ်တာများတယ်။ ငါတို့ ခေတ်တုန်းကတော့ စက္ကူပဲရှိတယ်လေ။ အခုခေတ်လို မီးပုံးပျံအကြီးကြီးတွေတော့ မလုပ်ကြဘူးပေါ့”ဟု ဦးသီးဟန်က ပြောသည်။

ထိုစဉ်က လမ်းမီးထွန်းလျှင် ဝါးလုံး ဖြင့် ပြုလုပ်ထားသည့် ရေနံဆီမီးတိုင်၊ ဆီသီးဖတ်မီးတိုင်တို့ဖြင့် လမ်းဘေးဝဲယာတွင် တိုင်ငယ်လေးများစိုက်ထွန်း ကြသည်။

တချို့က စုပေါင်း၍၊ တချို့က ကိုယ်ထူကိုယ်ထ။

“ဝါးတိုင်လေးတွေနဲ့ ကိုယ့်အိမ်လမ်း တောက်လျှောက် လိုက်ထွန်းတယ်။ ဟိုတုန်း ကလည်း လမ်းက ဒီလိုမဟုတ်ဘူးလေ၊ မြေသားလမ်းဆိုတော့ ဝါးတိုင်စိုက်လို့ ရတယ်။ ဝါးဆစ်အထက်မှာ သံပြားလေး ကိုအပေါက်ဖောက်ပြီး ဆီးဇာ(မီးစာ)နဲ့ မီးထွန်းတယ်”ဟု ထားဝယ်၊ ကရပ်ပြင် မြောက်ရပ်၊ အသက် ၇၆ နှစ်အရွယ် ဦးတင်ဌေးက ပြောသည်။

မီးရှူးမီးပန်းကား ထိုစဉ်က သူတို့ မဖောက်ကြရဖူးပါ။

အသံမြည်ရန် သူတို့ အားကိုးကြရ သည်က သစ်သားချောင်းထဲ အခေါင်း ပေါက်ပါသော သော့ချောင်း၊ တံခါးပတ္တာ အဟောင်းအပိုင်းအစတို့ ထည့်မြှုပ်ကာ ကိုယ်တိုင်ပြုလုပ်ထားကြသည့် သစ်သား လက်ရိုက်တုတ်။

သော့တံနှင့် ပတ္တာအဟောင်းအပိုင်း အစ အပေါက်ထဲသို့ ယမ်းမီးခြစ်ဆံ ခြစ်ထည့်ကာ အပေါ်က ယမ်းပြားပိတ်၍ အနေတော်ဖြတ်ထားသော သံထိုးထည့် ပြီး မာကျောသည့်နေရာသို့ ရိုက်လျှင် ထွက်လာမည့် “ဖောင်း” ဟူသည့်အသံက သူတို့၏ သီတင်းကျွတ်သင်္ကေတတစ်ခု။

“ယမ်းကို သစ်သားမာမာထက်ကို တင်ပြီး ထုပြီးဖောက်တာလည်းရှိတယ်၊ မီးရှူးသေးသေးလေးကို မီးရှို့ပြီးဝှေ့ယမ်း ကစားတာလည်း ရှိတယ်။ ဟိုတုန်းကမီးရှူးမီးပန်းဗျောက်အိုးဖောက်တာ အခု လို အုန်းအုန်းဒိုင်းဒိုင်းမရှိဘူး”ဦးတင်ဌေးက ပြောသည်။

ရပ်ရွာအတွင်း အစည်ကားဆုံး နေရာက ရွာဘုန်းတော်ကြီးကျောင်း ဖြစ်ပါသည်။ ဘုန်းတော်ကြီးကျောင်းများ တွင် နေ့ဘက်၌ ဝက်ဆီတိုင်(ချောတိုင်)တက်ပွဲ၊ အုန်းသီးလုပွဲ၊ ခေါင်းအုံးရိုက်ပွဲ စသည့် ပျော်ပွဲများကျင်းပပြီး ညဘက် တွင် ရွာလုံးကျွတ်နီးပါး ကျောင်းသို့သွား ကာ မီးထွန်းညှိပူဇော်ကြသည်။

“ဘုန်ကြီးကျောင်းတွေမှာ တော် တော်စည်တယ်။ တချို့ရွာတွေမှာတော့ စာနာသွား(အဘိဓမ်္မာဖတ်တာကို သွား ရောက်နားထောင်)တယ်ဆိုပြီး ဘုန်းကြီး ကျောင်းကိုသွားကြတာရှိတယ်”ဟု ဦးသီးဟန်က ဆိုသည်။

မြိတ်မြို့ နောက်လယ် ၂ လမ်းနေ အသစ် ၈၅ နှစ်ရှိ စာရေးဆရာဦးအောင်သင် က သူငယ်စဉ်က သီတင်းကျွတ်တွင် ရပ်ကွက်အသီးသီး၌ နာမည်ကျော် ကာတွန်းဆရာများ၏ ကာတွန်းလက်ရာ ပိုစတာပြပွဲများကို လိုက်ကြည့်ရင်း နိဗ္ဗာန်ဈေး လျှောက်စားရသည်မှာ ပျော်စရာ ကောင်းကြောင်း  ဆိုသည်။

ထိုခေတ်က ရပ်ရွာအတော်များများတွင် ဝင်္ကပါပြုလုပ်လေ့ရှိရာ ကလေးလူကြီး ဝင်္ကပါထဲ မျက်စိလည်ကြရသည် ကလည်း သီတင်းကျွတ်အရသာတစ်မျိုးပင် ဖြစ်နေ တော့သည်။

“ဝါးထရံတွေနဲ့ ဝင်္ကပါအကြီးကြီး တွေလုပ်ကြတယ်၊ ဝင်လိုက်ထွက်လိုက်နဲ့ ပျော်စရာကြီး”ဟု ဦးအောင်သင်က ပြောသည်။

တချို့ရွာများရှိ ဘုရားများတွင် သီတင်းကျွတ်ပွဲတော်များ ကျင်းပရာ၌ ဇာတ်ပွဲများ ထည့်သွင်းကျင်းပတတ်ရာ လှည်းတန်းကြီးဖြင့် သီတင်းကျွတ်ဘုရားပွဲ သွားရသည်ကလည်း ထိုခေတ်၏ လွမ်းစရာတစ်ခု။

သရက်ချောင်းမြို့နယ် သင်းကျွန်းရွာမှ အသက် ၆၆ နှစ်အရွယ် ဒေါ်ကြည်သန်း တို့ငယ်စဉ်ကမူ ရွာနှင့် ၄ မိုင်ခန့်အကွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်မုတ်္ထီးဘုရားပွဲက သီတင်းကျွတ်တွင် အစည်ဆုံး။

“ရှင်မုတ်္ထီးဘုရားပွဲဆို နွားလှန်မယ့် နေရာကို မရှိသလောက်စည်ကားတယ်။ နွားလှည်းပေါ်မှာ ကောက်ရိုးတွေခင်းပြီး ကလေးတွေလည်းပါတာပေါ့။ ကလေးတွေ အိပ်ငိုက်ရင်လည်း ပွဲခင်းထဲမှာပဲ အိပ်။ အိမ်နီးချင်းတွေလည်း ပါတယ်။ တစ်ခါသွားရင် လှည်းသုံးလေးငါးစီးပေါ့”ဟု ဒေါ်ကြည်သန်းက ပြောသည်။

ဒေါ်ကြည်သန်းတို့ ရွာနီးစပ်မှ ရွာသားများက ဘုရားပွဲကပြန်ပြီးနောက် မနက် ၃ နာရီခန့်ဆိုလျှင် ရွှေဂူချောင်းသို့ ဆင်းကြကာ သပိတ်မျှောကြသည်။

“မိသားစုတစ်စုလုံးကို သပိတ်အိုး တစ်လုံးပေါ့။ မိသားစုအလိုက်သွားကြတာပဲ”ဟု ဒေါ်ကြည်သန်းက ပြောသည်။

ထားဝယ်တွင်မူ ထိုစဉ်သီတင်းကျွတ် က ကမ်းနားဈေးအနီးတွင် အစည်ဆုံးဟု ဦတင်ဌေးက ပြောသည်။

“အစည်ကားဆုံးကတော့ ကမ်းနား ဈေးမှာပဲပေါ့။ ဟိုတုန်းက သပိတ်မျှောတဲ့ နေရာက အဲဒီတစ်နေရာပဲ မျှောကြတာ များတယ်”ဟု ဦးတင်ဌေးက ပြောသည်။

လောင်းလုံးမြို့နယ် သာယာကုန်း ကျေးရွာမှ ဦးသီးဟန်တို့ကမူ ထားဝယ် သီတင်းကျွတ်သို့ လာမလည်နိုင်။ ထိုစဉ် က ကမြောကင်းတံတား မရှိသေး။

ကမ်းနားဈေးနှင့် မြစ်တစ်ဘက် ကမ်းဟု ဆိုရမည့် ကဘူတောင်တွင်မူ ကုလားကိုးတောင်အက ရှိသည်။ ရွာမှ ၂ မိုင်ခန့်ဝေးသည့် ထိုကဘူတောင်သို့မူ ဦးသီးဟန်တို့ လူငယ်တစ်သိုက် ခြေကျင် ချီတက်ကြသည်။

ယခုခေတ်တွင်မူ ဦးသီးဟန်တို့ ငယ်စဉ်ကကဲ့သို့ ကဘူတောင်သီတင်း ကျွတ်တွင် ကုလားကိုးတောင်အက မရှိ တော့။ သို့သော် မီပုံးပျံလွှတ်ပွဲကား ကဘူတောင်တွင် ကျင်းပနေဆဲဖြစ်သည်။

သို့သော် ကဘူတောင်သီတင်းကျွတ်ပွဲသို့ ဦးသီးဟန် မရောက်ဖြစ်တော့ပါ။

“အခုခေတ်သီတင်းကျွတ်က ရှုပ်ယှက် ခတ်နေတာပဲ။ ရောထွေးယှက်တင်၊ ဆိုင် ကယ်အကြမ်းမောင်းတဲ့သူကမောင်း၊ မူးတဲ့ သူကမူး။ အရင်က အဲလိုမဟုတ်ဘူး။ အေးအေးဆေးဆေးပဲ”ဟု ဦးသီးဟန်က ဆိုသည်။

တနင်္သာရီသတင်းအဖွဲ့