တနင်္သာရီဂျာနယ်အမှု အောက်တိုဘာလ ၁၈ ရက်တွင် နှစ်ဘက်အပြီးသတ် ကြားနာမည်

0
758

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဘက်အပြီးသတ်ကြားနာမည်ဖြစ်သည်။

တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်း အစိုးရကတရားစွဲဆိုခဲ့ပြီး ထားဝယ်မြို့ နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ဖေဖော်ဝါရီလက အမိန့်ချခဲ့သည်။

မြို့နယ်တရားရုံး၏ အမိန့်ချမှတ် မှုအပေါ် ခရိုင်တရားရုံးထံ အယူခံတင် သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ် သည့် အမိန့်ချခဲ့သည်။

ထိုကြောင့် တနင်္သာရီဂျာနယ်ဘက်က ဇွန်လ ၃ ရက်တွင် တိုင်းတရားလွှတ်တော်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်မံလျှောက် ထားခဲ့သည်။

တနင်္သာရီဂျာနယ်၏ လျှောက်ထား မှုအပေါ် တိုင်းတရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉/၂၀၁၉ ဖြင့် လက်ခံခဲ့သည်။

အပြီးသတ်လျှောက်ထားချိန်တွင် အကြောင်းပြချက် ၈ ချက်အပေါ်အခြေခံကာ အကျယ်တဝင့် လျှောက်လဲမည်ဖြစ်ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှု လိုက်ပါဆောင်ရွက်နေသည့် တရား လွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

“အကောင်းဆုံးနဲ့ တရားမျှတမှုဖြစ် ဖို့ မျှော်လင့်ထားပါတယ်”ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ် အပြုံးသရော်စာသည် တနင်္သာရီတိုင်း ဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲ ဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထားဝယ်မြို့နယ် တရားရုံးက အမိန့်ချ ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်မှာ လက်ရှိတွင် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံ ထားရပြီး ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထားကာ တိုင်းဒေသကြီး တရားလွှတ်တော်တွင်ပင် စစ်ဆေးနေသည်။

ကိုဇော်