ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအား မြို့အဖြစ်သတ်မှတ်မည်

0
1259

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကံမော်ကျေးရွာအား မြို့အဖြစ် သတ်မှတ်နိုင်ရေး  အမြန်ဆုံး အမှုတွဲဖွင့်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် တိုင်းလွှတ်တော်အမတ် ဒေါက်တာထူးနေအောင်က မေးမြန်းသည့် ကံမော်ကျေးရွာအား မြို့အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကံမော်ကျေးရွာအား မြို့အဖြစ် ပြောင်းလဲရန်အတွက် မြို့မြေအဖြစ် လျာထားသည့်စာရင်းတွင် မြေအသုံးချ မှုမှတ်တမ်းများပါဝင်ခြင်းမရှိသေးသဖြင့် ယင်းမှတ်တမ်းများ ပြန်လည်တင်ပြရန် ၂၀၁၈ ခုနှစ်က ဒီဇင်ဘာလ ကတည်းက တောင်းခံထားကြောင်း ဒေါ်ရီရီချိုက ပြောသည်။

ယင်းအပြင် ကံမော်ကျေးရွာအား မြို့အဖြစ်ပြောင်းလဲမည်ဆိုပါက ယင်းကံမော်ကျေးရွာအုပ်စုအတွင်းရှိ အခြား ကျေးရွာများကို စုပေါင်းပြီး နောက်ထပ် ကျေးရွာတစ်ရွာအဖြစ် ပြောင်းလဲဖွဲ့စည်း ရန်လည်းဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။

နောက်ထပ်ပေါ်လာမည့်ကျေးရွာအုပ်စုအတွက် ရွာနာမည်သတ်မှတ်ပေးရန် ကံမော်ကျေးရွာအုပ်ချုပ်ရေးမှူးအား စက်တင်ဘာလ ၅ ရက်က အကြောင်းကြားထားသော်လည်း ကျေးရွာအသစ် နာမည်ကို ပေးပို့လာခြင်းမရှိသေး ကြောင်း ၎င်းက ပြောသည်။

“ကံမော်ကျေးရွာကို မြို့အဖြစ် အမြန် ဆုံးလုပ်ပေးဖို့တော့ရှိတယ်။ ဒါပေမယ့် တချို့ဟာတွေမှာ တိတိကျကျ လိုအပ်တဲ့ အချက်အလက်တချို့ရှိနေသေးတယ်။ အဲဒီအချက်အလက်တချို့ရရင်တော့ (မြို့အဖြစ်) လုပ်ပေး သွားမယ်” ဟု ၎င်းက ဆိုသည်။

မြို့အဖြစ်မည်သည့်အချိန်တွင် သတ်မှတ်နိုင်မည်ကိုမူ လက်ရှိအခြေ အနေတွင် ပြောကြားနိုင်ခြင်းမရှိသေး သော်လည်း အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်း ဒေါ်ရီရီချိုက ပြောသည်။

ကျွန်းစုမြို့နယ်နှင့် အလှမ်းကွာဝေးလွန်းသည့် ယင်းကျေးရွာအား မြို့အဖြစ် သတ်မှတ်ပေးလိုက်ပါက အုပ်ချုပ်ရေး ကိစ္စရပ်များကို လွယ်ကူစွာ စီမံခန့်ခွဲ နိုင်မည်ဖြစ်ကြောင်း မေးခွန်းမေးမြန်း ခဲ့သည့် ဒေါက်တာထူးနေအောင်က ပြောသည်။

ကံမော်ကျေးရွာအုပ်စုသည် ကျွန်းစုမြို့နယ်၏ ဒုတိယအကြီးဆုံးကျွန်းဖြစ်သည့် ကံမော်ကျွန်းပေါ်တွင် တည်ရှိပြီး ကျွန်းစုမြို့နယ်အတွင်း လူဦးရေအများဆုံးနှင့် အိမ်ခြေအများဆုံးကျေးရွာအုပ် စုဖြစ်ကြောင်း ၎င်းက ပြောသည်။

ကံမော်ကျေးရွာအုပ်စုတွင် ကျေးရွာကိုးရွာ၊ အိမ်ခြေ နှစ်ထောင်ကျော်(၂၅၉၅)၊ လူဦးရေ နှစ်သောင်းကျော် (၂၁၃၁၀ ဦး) နေထိုင်ကြောင်း ဒေါက်တာထူးနေအောင်က ပြောသည်။   

Dawei Watch