ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါအောင်ကုမ္ပဏီက ပြိုင်ဘက်ကုမ္ပဏီကို တရားစွဲမည်

0
1003

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေလုပ်ငန်းအတွက် တင်ဒါအောင် ထားသည့် Petro & Trans ကုမ္ပဏီက တင်ဒါရှုံးထားသည့် Stellar Power House Pet လီမိတက်ကို တရားစွဲဆိုမည် ဟု Petro & Trans ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

7 Day Daily သတင်းစာအား Stellar Power House Pet လီမိတက် ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစစ်ငြိမ်း ဖြေဆိုထားသည့် အချက်များမှာ ကုမ္ပဏီ၏ပုံရိပ်ကို ထိခိုက်စေသည့်အတွက် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

 Stellar Powerhouse Pet ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးစစ်ငြိမ်း၏ ပြောဆိုချက်များမှာ ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက်စေပြီး တိုင်းအစိုးရနှင့် ဒေသခံပြည်သူများကိုစော်ကားသည့် သဘောဖြစ်နေကြောင်း Petro & Trans ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးချိပ် ပိတ်တင်ဒါမဖွင့်ဖောက်မီ ၎င်းတို့နှင့် အဆက်အသွယ် လုံးဝမရှိသည့်ပြိုင်ဘက် Petro & Trans ကုမ္ပဏီက ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ် ငန်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်ဟုဆိုကာ သြဂုတ် ၁၅ ရက်တွင်ဆက်သွယ်လာသည်ဟု ဦးစစ်ငြိမ်း၏ ပြောဆိုချက်ကို 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် သြဂုတ် ၁၈ ရက် တွင် ရန်ကုန်မြို့ရှိ ကုန်းမြင့်သာ စားသောက်ဆိုင်၊ သံလွင်ခန်း၌ Petro & Trans ကုမ္ပဏီဒါရိုက်တာ ဦးဇင်ကိုလင်းနှင့် တွေ့ဆုံခဲ့သည်ဟု  ၎င်းက ပြောကြောင်း အထက်ပါသတင်းစာတွင် ဖော်ပြသည်။

ယင်းသို့တွေ့ဆုံစဉ် လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်း လုပ်ကိုင်ရန်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ လုပ်ကိုင် နေသော GGS ကုမ္ပဏီနေရာတွင် Petro & Trans ကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်မည်ဖြစ်ကာ Stellar Powerhouse Pet ကုမ္ပဏီက Aggreko နေရာတွင် အစားထိုးလုပ်ကိုင်ပေးရမည် ဟု Petro & Trans ကုမ္ပဏီဒါရိုက်တာ ဦးဇင်ကိုလင်းက ညှိနှိုင်းခဲ့သည်ဟု ဦးစစ်ငြိမ်း၏ ပြောဆိုချက်ကို 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။

Aggreko ကုမ္ပဏီသည် GGS ကုမ္ပဏီအား မီးစက်များငှားရမ်းထားသည့် ကုမ္ပဏီဖြစ်သည်။

ပြိုင်ဘက် Petro & Trans ကုမ္ပဏီ၏ ကမ်းလှမ်းချက်များကို ကြည့်ခြင်းဖြင့် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည်ဟု ချိပ်ပိတ်တင်ဒါမဖွင့်မီကပင် ကြိုတင် သိရှိနေသည်မှာ ထင်ရှားကြောင်း ဦးစစ်ငြိမ်းက ပြောဆိုသည်ဟု ရေးသားထားသည်။

Petro & Trans ကုမ္ပဏီအနေဖြင့် ဦးစစ်ငြိမ်းဖြေဆိုထားသည့်အတိုင်းပင် သွားရောက်တွေ့ဆုံခဲ့သော်လည်း ပူးပေါင်းလုပ်ဆောင်နိုင်မည့် အကြောင်း အရာများကိုသာဆွေးနွေးခဲ့ပြီး အခြားအချက်များကို ဆွေးနွေးပြောဆိုခဲ့ခြင်းမရှိကြောင်း ဦးဇော်မင်းဦးက ဆိုသည်။

Petro & Trans ကုမ္ပဏီက Stellar Powerhouse Pet ကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီ ၇ခု ခန့်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဦးဇော်မင်းဦးက ပြောသည်။

ယင်းကြောင့် ရှေ့နေများနှင့်တိုင်ပင်နေပြီး ဦးစစ်ငြိမ်းကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့သူကို အခုတရားပြန် စွဲမယ်။ ကျွန်တော်တို့ကုမ္ပဏီကို သူက ကုမ္ပဏီရဲ့ပုံရိပ်ကို ထိခိုက်တာပေါ့ဗျာ၊ အသရေဖျက်မှုပေါ့”ဟု ဦးဇော်မင်းဦးက ပြောသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးတင်ဒါခေါ်စဉ်က အထက်ပါ ကုမ္ပဏီနှစ်ခုသာ ဝင်ပြိုင်ခဲ့သည်။

Stellar Powerhouse Pet လီမိတက်က မန်နေဂျင်းဒါရိုက်တာ ဦးစစ်ငြိမ်းက၎င်း၏ ပြောကြားချက်များအပေါ် တရားစွဲဆိုလိုက စွဲဆိုနိုင်သည်ဟု  ဆိုသည်။

“ပုဒ်မဘယ်လောက်နဲ့ တရားစွဲမယ် ဆိုရင် စွဲလေ။ စွဲလို့ရတယ်။ ဒါပေမယ့် ပုဒ်မမရှိဘဲနဲ့ စွဲလို့မရဘူး”ဟု ဦးစစ်ငြိမ်းက ပြောသည်။

ဦးစစ်ငြိမ်း၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ထားဝယ်မြို့တွင် သတင်းစာ ရှင်းလင်းပွဲလုပ်မည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေး တင်ဒါခေါ်ယူရာတွင် မသမာမှု များရှိသည်ဆိုကာ တာဝန်ရှိဝန်ထမ်း များကို စစ်ဆေး အရေးယူပေးရန် Stellar Powerhouse Pet ကုမ္ပဏီက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင် ပင်ခံရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် တိုင်းအစိုးရထံ တိုင်ကြား ထားသည်။

Dawei Watch