ဘယ်လိုနိုင်ငံရေးသမားမျိုး ဖြစ်ချင်လဲ

0
116

“နိုင်ငံရေးသမား”ဆိုတာကို ဘယ်လို အဓိပ်္ပာယ်ဖွင့်ဆိုကြမလဲဆိုတာ အရင် ဆွေးနွေးချင်ပါတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ“နိုင်ငံ ရေး”ဆိုတဲ့ ဝေါဟာရဟာ သာမန်လူတွေနဲ့ မသက်ဆိုင်တဲ့ စကားလုံးအဖြစ် သတ်မှတ်ခံရတဲ့ ခေတ်ရှည်ကြီးတစ်ခေတ် ရှိခဲ့ဖူး ပါတော့လေ။

အကြမ်းဖျင်း ပြောရရင် စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ခေတ်ပေါ့။

အဲဒီခေတ်က နိုင်ငံရေးဆိုတာ မြည်း ကြည့်ဖို့ မပြောနဲ့ မျက်စောင်းလေးတောင် မထိုးအပ်တဲ့အရာအဖြစ် ရိုက်သွင်းခံခဲ့ ကြရတာမျိုးကိုး။

နိုင်ငံရေးသမား ဆိုတဲ့လူတွေနဲ့ စကားပြောရဖို့ အသာထား…၊ အစိုးရက လွှင့်တဲ့ မြန်မာ့အသံမဟုတ်တဲ့ ရေဒီယို လိုင်းတွေ နားထောင်သူကိုတောင် ပတ်ဝန်းကျင်က မခေါ်ရဲ မပြောရဲဘူးရယ်။

နိုင်ငံရေးဆိုတာကြီးက ပတ်သက် မိသူကို ဒုက္ခမျိုးစုံ ရောက်နိုင်တယ်ဆိုတဲ့ အသိကို စူးစမ်းတတ်စအရွယ်ကတည်းက ရိုက်သွင်းခံခဲ့ကြရတာဆိုတော့။ ရှောင်လေ ဝေးဝေး နိုင်ငံရေးပေါ့လေ။

အဲဒီတုန်းက ကိုယ့်ကို အုပ်ချုပ်နေ တဲ့ အစိုးရအကြောင်းဖြစ်ဖြစ်၊ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ့်ရပ်ကိုယ့်ဒေသ အခြေ အနေဖြစ်ဖြစ် ဆွေးနွေးမိရင်တောင်  ဟုတ်ဟုတ် မဟုတ်ဟုတ် “ဒီလူ နိုင်ငံရေးသမား”ဆိုပြီး လွယ်လွယ် တံဆိပ်ကပ်လိုက်ကြ၊ ခပ်ခွာခွာ နေလိုက်ကြတာပါပဲ။

အဲဒီခေတ် စကားဝိုင်းတွေမှာ အတော့်ကို ရေပန်းစားခဲ့ပြီး ခုထိ စနောက်နေဆဲ စကားလုံးတစ်ခု ရှိခဲ့တယ်ဟုတ်။

“နိုင်ငံရေး မပါစေနဲ့”တဲ့။

ဒီတော့ စစ်အစိုးရခေတ်မှာ“နိုင်ငံရေးသမား”ဆိုတာက မပတ်သက်အပ်တဲ့ သီးခြားအုပ်စုတစ်ခုအဖြင့် ရိုက်သွင်းခဲ့ သူတို့၊ ခြိမ်းခြောက်ခဲ့သူတို့ အောင်မြင် ခဲ့တယ်လို့ ဆိုရမှာပေါ့။

နိုင်ငံရေးသမားဆိုတာ တကယ်ပဲ သီးခြားအုပ်စု တစ်စုလား။ ဒြပ်ခွဲကြည့် ကြစို့။

“နိုင်ငံရေး” နဲ့“သမား”ကို ခွဲကြည့်ရအောင်ပါ။

စီးပွားရေး + သမား = စီးပွားရေးလုပ်သူ

ကား + သမား = ကားမောင်းသူ

လယ် + သမား = လယ်လုပ်သူ

စာနယ်ဇင်းသမား = သတင်းစာ/ ဂျာနယ်/မဂ္ဂဇင်း ရေးသားသူ

စသဖြင့် နားလည်သဘောပေါက် လက်ခံထားကြပြီးသား မဟုတ်ပါလား။

ဒီတော့ နိုင်ငံရေး + သမား = နိုင်ငံ့အရေးကို လုပ်ဆောင်သူလို့ပဲ ဖွင့်ဆိုရမှာ ပါ။

နိုင်ငံရဲ့ အရေးအရာကိစ္စတွေကို ဆောင်ရွက်သူတိုင်းကို နိုင်ငံရေးသမားလို့ ခေါ်ထိုက်ပါတယ်။

တချို့က နိုင်ငံရေးသမားဆိုတာကို နှစ်မျိုး ခွဲပြောဖူးပါသေးတယ်။

“ပါတီနိုင်ငံရေးသမားနဲ့ အမျိုးသား နိုင်ငံရေးသမား”

ပါတီနိုင်ငံရေးသမားဆိုတာက နိုင်ငံ့ အာဏာ/လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရယူ ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်သူ။

အမျိုးသားနိုင်ငံရေးသမားဆိုတာက အာဏာ/လုပ်ပိုင်ခွင့် ရယူခြင်း၊ ရယူရန် ကြိုးစားခြင်း မရှိဘဲ နိုင်ငံ့ကောင်းကျိုးကို ဆောင်ရွက်ကြသူတွေပေါ့။ ဒီဘက်ခေတ် မှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေကို ညွှန်းဆိုပြရ မယ် ထင်ပါတယ်။

ဒီဘက်ခေတ်မှာ လက်ခံလာကြ၊ ဆွေးနွေးလာကြတာက နိုင်ငံအတွင်း မှီတင်းနေထိုင်ပြီး တစ်စုံတစ်ခု လုပ်ဆောင် နေသူတိုင်းဟာ နိုင်ငံရေးသမားပဲ ဆိုတဲ့ အယူအဆပါ။

နိုင်ငံသားတိုင်း နိုင်ငံရေးသမားပေါ့ လေ။

နိုင်ငံသားတိုင်း ကိုယ့်အလုပ်ကို ကျေပွန်အောင် လုပ်ဆောင်နေကြခြင်းက နိုင်ငံ့အရေး ဆောင်ရွက်နေတာပဲပေါ့။ လယ်သမားတွေ လယ်မလုပ်ဘဲ ကားတွေ ပဲ မောင်းနေ၊ အာဏာရဖို့ နိုင်ငံရေးပါတီ ကိစ္စတွေချည်း ထလုပ်နေရင် ဆန်ဘယ်က ထွက်တော့မလဲ။ နိုင်ငံဘယ်လို ရပ်တည် မလဲ။

အာဏာရထားသူတွေက လယ်ထဲ ဆင်း စပါးပဲ ဆင်းစိုက်နေရင် နိုင်ငံ့အရေး အရာကိစ်္စတွေ ဘယ်မှာ စီမံခန့်ခွဲနိုင်တော့ မလဲ။

ထို့အတူပဲ စီးပွားရေးလုပ်သူတွေ၊ စာနယ်ဇင်းသမားတွေ စသဖြင့်တွေက ကိုယ့်အလုပ်ကိုယ် လုပ်ကြရင်း နိုင်ငံ့တာဝန် ထမ်းနေကြတာပဲ မဟုတ်လား။

နိုင်ငံသားတွေက ကိုယ့်အလုပ်ကိုယ် မလုပ်ကြရင် နိုင်ငံရေး ဂေဟစနစ် ပျက် သွားမှာပေါ့။

ဒီတော့ ကိုယ့်အလုပ်ကိုယ် ကျေပွန်အောင် လုပ်ဆောင်နေကြခြင်းက နိုင်ငံ့ အရေး၊ နိုင်ငံရေး လုပ်နေတာပဲ မဟုတ်ဘူး လား။ နိုင်ငံရေးသမားဆိုတာဟာ သီးခြား အုပ်စုတစ်စုဆိုတဲ့ အယူအဆကို ချန်ထား ခဲ့ရတော့မှာပါ။

တစ်ထောင့်တစ်နေရာက နိုင်ငံ အရေးဆောင်ရွက်နေတဲ့ နိုင်ငံသားတိုင်း နိုင်ငံရေးသမားတွေပါပဲ။

နောက်တစ်ဆင့် တက်ရအောင်ပါ။

“ဘယ်လို နိုင်ငံရေးသမားမျိုး ဖြစ် ချင်လဲ”

ပိုမို ထူးချွန်ထက်မြက်သူတွေ၊ လုပ် ရည်ကိုင်ရည်ရှိသူတွေက မိမိဝန်းကျင်ကို၊ မိမိလူ့အဖွဲ့အစည်းကို ပိုမို အကျိုးပြုနိုင်တဲ့၊ ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးသမား တွေ ဖြစ်လာတတ်ပါတယ်။

လယ်သမားဆိုရင် လယ်သမား ကိုယ်စားလှယ် ဖြစ်လာမယ်။ ပါတီနိုင်ငံရေး သမားဆိုရင် ထိပ်ပိုင်းခေါင်းဆောင်/ အစိုးရ ဖြစ်လာမယ်။ ပရဟိတသမားဆိုရင် အသင်းအဖွဲ့ခေါင်းဆောင်တွေ ဖြစ်လာ မယ်၊ စာနယ်ဇင်းသမားဆိုရင် လူထု ယုံကြည်တဲ့ သတင်းတွေ တင်ဆက်နိုင်၊ ဝေဖန်ထောက်ပြနိုင်သူဖြစ်လာမယ်ပေါ့လေ။

ဒါဟာ သူ့တို့ရဲ့ ကိုယ်ရည်ကိုယ် သွေးအလိုက်၊ ကြိုးစားအားထုတ်မှု အလိုက်၊ လူထုရဲ့ ထောက်ခံယုံကြည်မှု အလိုက် ထင်ရှားကျော်ဇောတဲ့၊ အာဏာသြဇာရှိတဲ့ နိုင်ငံရေးသမားတွေ ဖြစ်လာ ခြင်းပါပဲ။

တချို့နိုင်ငံရေးသမားတွေက သေဆုံးသည့်တိုင် လူထုယုံကြည်မှုတွေ၊ နာမည်ကောင်းတွေ ရရှိသွား၊ စောင့်ထိန်း သွားနိုင်ကြပါတယ်။ လူအများကို အကျိုး ပြုသွားနိုင်ကြပါတယ်။

တချို့နိုင်ငံရေးသမားတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးရတတ် ပါတယ်။ မိမိတို့ ရရှိထားတဲ့ နေရာ။တာဝန်ကနေ ဖယ်ရှားခံရတာမျိုး ဖြစ်တတ် ပါတယ်။

အဲဒီမှာ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတဲ့ နိုင်ငံရေးသက်လုံနဲ့ အနိမ့်အမြင့် လောကဒဏ်ကို ခံနိုင်တဲ့ ရောင့်ရဲတင်းတိမ် ခြင်းတို့က စကားပြောလာပါတယ်။

ပါတီနိုင်ငံရေးသမားတစ်ယောက် က ပါတီထိပ်ပိုင်းက အဖြုတ်ခံရနိုင်တာ ဓမ္မတာပါ။ ဒါကို “ငါ့နိုင်ငံရေးတော့ သေပါပြီ”ဆိုပြီး လူတော မတိုးတော့တာ၊ ကိုယ့်ရဲ့ နဂိုရှိနှင့်ပြီးသား အစွမ်းအစတွေ ကို ကိုယ့်ဝန်းကျင်အတွက် အသုံးမချတော့ တာဟာ နိုင်ငံရေးသက်လုံ မကောင်းခြင်း ပါပဲ။

အဝေးပြေးကားကြီးမောင်းတဲ့ ကား သမားတစ်ယောက်က ယာဉ်တိုက်မှုတစ်ခု ဖြစ်လို့ အလုပ်ဖြုတ်ခံရ၊ အဝေးပြေး ကားသမားဘဝကို စွန့်လွှတ်လိုက်ရ ပေမယ့် ရွာက သာရေးနာရေးကားကို ပြန်မောင်းပြီး ရပ်ရွာအကျိုးပြုတာဟာ အနိမ့်အမြင့် လောကဓံကို ခံနိုင်တဲ့၊ ရောက်ရဲတင်းတိမ်တဲ့ နိုင်ငံရေးသမားပါ။

လူ့ဝန်းကျင်က ဘယ်လို နိုင်ငံရေး သမားမျိုးကို အလိုရှိသလဲ၊ တန်ဖိုးထား ကြသလဲဆိုတာ နိုင်ငံရေးသမားတိုင်း သိပြီးသားပါ။

ဘယ်လို နိုင်ငံရေးသမားမျိုး ဖြစ်ချင် သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြ၊ ပြန်သုံးသပ်ကြ၊ ပြင်ဆင်ကြရမှာပါ။

မင်းခန့်