မြန်မာ့အားကစား ကမ္ဘာက လွမ်းရမည်

0
102

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်း ရမည်။” မြင့်မားလွန်းသည့် ရည်မှန်းချက်။

မြင့်မိုရ်တောင်ကတောင် အရှုံးပေး ရလောက်သည်။ သို့သော် လက်တွေ့တွင် မူကား အ၀ီစိကတောင် မတက်နိုင်သေး။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည့် အစား ကမ္ဘာက လွမ်းနေရမည့်အဖြစ်။

“မြန်မာဘောလုံးအသင်းအတွက် အနိုင်ဆိုတာ အဆိုတော်ပါ”ဟု နောက် ပြောင်ခံရသည်အထိ အခြေအနေက ဆိုးလှသည်။ ဂျပန်လိုအသင်းမျိုးကို ရှုံးရခြင်းအတွက် ဖြေသိမ့်နိုင်သော်လည်း မွန်ဂိုလီးယားလို အသင်းမျိုးကို ရှုံးနိမ့်ခဲ့မှု အပေါ်မှာတော့ မည်သူမျှ ကြည်ကြည်ဖြူဖြူဖြင့် လက်ခံလိုစိတ် မရှိကြ။ ဂျပန် နှင့်ပွဲစဉ်တွင်လည်း ဂျပန်ဂိုးသမားအတွက် အိပ်ရာလိပ်ပို့ပေးရတော့မလား အောက်မေ့ရသည်အထိ ခြေစွမ်းက ကွာလွန်းသည်။ ဒီလို အခြေအနေမျိုး ဖြစ်မည်ကို ကြိုတွက်ထားပြီး သားမို့သာ စိတ်ဖြေသာကြသည်။

သို့သော် အတွေးပွားစရာတစ်ခုက ကိုယ့်ကိုအပြတ်အသတ်အသာစီးက ကစားသွားခဲ့သည့် ဂျပန်အသင်းကို ဘောလုံးအားကစားနည်းကို နည်းစနစ် ကျကျ ကစားတတ်အောင် လမ်းပြပေးခဲ့သူ က မြန်မာလူမျိုးတစ်ဦး။ အခုအချိန်တွင်တော့ အရာရာက ကပြောင်းကပြန်။ ကိုယ်က ဂျပန်ဆီက ဘောလုံးနည်းပညာတွေ ပြန်သင်ရတော့မည့် အနေအထား။ ဘာတွေကများ အခုလို ဖြစ်အောင် ဖန်တီးလိုက်လည်း မသိ။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအတွက် အားကစားနည်းအားလုံးထဲတွင် အလွှမ်းမိုးဆုံးက ဘောလုံးကစားနည်း။ ဘောလုံးမှာ အောင်မြင်မှုရလျှင် အားလုံးက လေးစားသည်။ နိုင်ငံကြီးကြီးသေးသေး ဘာမျှမဆိုင်။ ဘောလုံး၏အရှိန်အ၀ါက ကြီးလွန်းသည်။

မြန်မာကြက်တောင်မယ်လေး သက်ထားသူဇာက ကြက်တောင် အားကစားပြိုင်ပွဲမှာ ထိုင်းကစားသမားကို အနိုင်ရခဲ့သောကြောင့် ဂုဏ်ယူပျော်ရွှင် နေကြသည်မှ ရက်မလည်သေး။ မြန်မာ ယူ-၁၆အသင်းက ထိုင်းယူ-၁၆အသင်း ကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့် သွားပြန်သည်။ လှူတိုင်းကုသိုလ်မရသည့်အထဲတွင် ဂိုးအလှူမပါကြောင်း ဘုန်းကြီးတွေ အနေဖြင့် မြန်မာဘောလုံးသမားများကို တရားပြပေးဖို့ သင့်နေပါပြီ။ 

ကျွန်တော့အထင်ပြောရလျှင် နိုင်ငံတကာက ဘောလုံးကို ဦးနှောက်ဖြင့် ကန်နေချိန်တွင် မြန်မာက ခြေထောက်ဖြင့် ကန်နေကြဆဲ။ အဆိုးဆုံးကတော့ လိမ်လို့ ညာလို့ ကောင်းနေကြဆဲ။ သက်တမ်း တွေကို လိမ်ပြီးကစားကောင်းနေဆဲ။ ဆိုတော့ နောက်တက်မယ့် မျိုးဆက်သစ် တွေအတွက် အနာဂတ်ပျောက်ကုန်သည်။ လမ်းပျောက်ကုန်သည်။

နောက်တစ်ချက်က အားကစားသမားများအတွက် ပံ့ပိုးပေးမှုအားနည်း ခြင်းပင်။ နိုင်ငံ့လက်ရွေးစင်အဆင့် ကစားသမားတစ်ယောက်အတွက် လစဉ် ပံ့ပိုးငွေက မက်လောက်စရာ တစ်စက်မှမရှိ။ ဘ၀ရပ်တည်ရေးအတွက် အထောက် အပံ့မဖြစ်။ အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ် ရွေးချယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စ။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆိုလျှင်တော့ စဉ်းစားကြည့်ကြပေတော့။

ပြီးခဲ့သည့် တစ်ပတ်ကျော်ကျော် လောက်က မြို့နယ်အဆင့် ဘောလုံး ပြိုင်ပွဲတစ်ခုတွင် ချန်ပီယံအသင်းကို ချီးမြှင့်သည့် ဆုကြေးငွေက လေးသောင်း ရှစ်ထောင်တဲ့။ ဘော်လုံးကန်ဖိနပ် တစ်ရံ စာဖိုးလောက်သာ။ ဘောလုံးအသင်းတစ် သင်းအတွက် ပွဲစဉ်အစအဆုံး ကုန်ကျသည့် စရိတ်က ဆုကြေးငွေ၏ ဆယ်ဆမက ရှိပေမည်။ ထိုအဖြစ်အပျက်ကို ကြည့်ရုံ မျှဖြင့် သက်ဆိုင်သူတို့အနေဖြင့် မည်မျှ လောက် စိတ်ဝင်စားတန်ဖိုးထားကြ သည်ကို သဘောပေါက်ပေလိမ့်မည်။

ပညာရေး၊ ကျန်းမာရေးနှင့် အားကစားသည် တစ်ခုကိုတစ်ခု အပြန် အလှန်အကျိုးပြု နေကြသည်။ အားကစား လုပ်ခြင်းဖြင့် ဦးနှောက်ကို ကြည်လင် လန်းဆန်းစေမည်ဖြစ်သည်။ ကိုယ်လက် ပေါ့ပါးမှု ရှိပေမည်။ အားကစားနည်း တစ်မျိုးမျိုးကို နေ့စဉ်မိနစ်သုံးဆယ်ခန့် ပြုလုပ်ပေးပါက ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း ကျန်းမာရေးနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ခုတွင် ဖတ်ဖူးသည်။

ထိုင်းနိုင်ငံတွင်တော့ ညနေပိုင်း ကျောင်းဆင်းချိန်တွင် ကျောင်းသား များကို အားကစားနည်းတစ်ခုခုကို နေ့စဉ် ပြုလုပ်ခိုင်းပြီးမှ အိမ်ကိုပြန်စေသည်ဟု သိရသည်။ သူတို့မှာ ကျူရှင်တက်စရာ မလိုသည့်အတွက် မိုးချုပ်မှ အိမ်ပြန်လည်း ရသည်။ ဆိုတော့ ၀ါသနာပါရာ အားကစားနည်းတစ်ခုကို နည်းပြဆရာ နှင့် နေ့စဉ်စနစ်တကျလေ့ကျင့်သွားပါက အချိန်အတိုင်းအတာ တစ်ခုအရောက်တွင် ထူးချွန်သော အားကစားသမားကောင်း တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုအားကစားသမားများသည် နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် များစွာ အထောက်အကူဖြစ်လာပေမည်။ သည် အချက်က ထိုင်းနိုင်ငံကို ဒေသတွင်း အားကစားလောကတွင် အောင်မြင်မှု ရစေသည်ဟု မြင်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင်တော့ ကျောင်းဆင်းလျှင် အားကစားလုပ်ဖို့မဆို ထားနှင့် အထက်တန်းဆင့် ကျောင်းသား များဆိုလျှင် ကာယအချိန်တွင်ပင်လျှင် စာသင်စာကျက် လုပ်နေကြရသည်။ ထို့ အပြင်ကျောင်းဆင်းပြီဆိုလျှင်လည်း ကျူရှင်အချိန်မီဖို့အတွက် ကျောင်းသား နှင့်ဆရာ သူ့ထက်ငါဦးအောင် အလုအယက် ပြေးကြရသည်။ တချို့မိဘများက အားကစားလုပ်သည်ကိုပင် အပြစ်တစ်ခု ကဲ့သို့ သတ်မှတ်ချင်နေကြဆဲ။ အချိန်တိုင်း စာကျက်နေမှ သဘောကျကြသည်။ ဆိုတော့ ကလေးတွေမှာ ရုပ်ပိုင်း ဆိုင်ရာအားနည်းချက် ဖြစ်ပေါ်နေပေမည်။ နိုင်ငံတော်အတွက်လည်း ထူးချွန်သည့်အားကစားသမားကောင်းများ ပေါ် ထွက်လာဖို့ ရာနှုန်းနည်းသွားပေလိမ့်မည်။

လက်ရှိအတိုင်း ဆက်သွားနေ လျှင်တော့ မြန်မာ့အားကစားကို ကမ္ဘာက လွမ်းနေရပေဦးမည်။ အရှေ့တောင် အာရှအဆင့် တွင်ပင်လျှင် အောင်မြင်မှု နှင့်ဝေးကွာနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့ပေပြီ။ ဘောလုံးဆိုသည်က တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် အောင်မြင်မှုရသည့် ကစားနည်းမျိုး မဟုတ်လေတော့ မည်သည့်အချိန် လောက်ရောက်မှ မြန်မာ့ဘောလုံး ရွှေခေတ်ကို ပြန်ရောက်တော့မည်မသိ။ 

သန်းဇော်ဦး(ရလိုင်)