ပင်လယ်ကမ်းက မခတ္တာ

0
125

ခတ္တာတစ်ယောက် ပင်လယ်ပြင် ကြီးကို မျက်နှာမူရင်း သဲသောင်ကမူလေး ရဲ့ ကဗွီးပင်ကြီးအောက်မှာ တစ်ယောက် တည်းခပ်ငြိမ်ငြိမ်ထိုင်လို့ နေတယ်။ တကယ်တော့ များပြားလှတဲ့ နိစ္စဓူ၀ ဗာဟီရ ကိစ္စတွေကနေ ခတ္တာအားတဲ့ အချိန် ခဏလေးမှာ သူရဲ့ သိပ်မလှတဲ့ အတိတ်အကြောင်းကို ဖြစ်ဖြစ်၊ မီးစင်ကြည့်ကနေရတဲ့ ပစ္စုပ္ပန် အကြောင်းတွေ ဖြစ်ဖြစ်၊ ဘာမှမရေရာတဲ့ အနာဂတ်မှာ သူဖြစ်ချင်တဲ့ ဆန္ဒမှိန်မှိန်တွေအကြောင်း ကိုပဲဖြစ်ဖြစ် သူဉာဏ်မီသလောက် တွေးနေမိတာပါ။

ခတ္တာလူမှန်းစသိတဲ့ အရွယ်က ခတ္တာတို့ အိမ်မှာ ၁၂ တောင်လောက် ရှည်တဲ့ လှေတစ်စီး ပိုင်ခဲ့တယ်။ တဲသာသာ ဓနိမိုး ဓနိကာ အိမ်လေး။ ရွာအပြင် ကမ်းစပ်မှာ အများနည်းတူ ဝင်းခြံရယ်လို့ သီးသီးသန့်သန့် မရှိ။ ကမ်းခြေက တံငါတဲအိမ်စုလေးဆို ပိုမှန်မလားပဲ။ အိမ်မှာပေါတာဆိုလို့ အရွယ်စုံပိုက်ဟောင်းတွေ၊ ကြိုးတွေ၊ ဖော့သီးဟောင်းတွေပဲ။ အဲဒီတုန်းက ခတ္တာက အငယ်ဆုံး။ ခတ္တာမှာ အစ်ကိုကြီးနဲ့ အစ်မ ခရေတို့ပဲ ရှိတယ်။ အခုတော့ အမေက ထပ်မွေးလို့ ခတ္တာမှာ ညီမနှစ်ယောက်နဲ့ မောင်ထွေးလေး တစ်ယောက်ရှိနေပြီလေ။ သူတို့ တွေကို ခတ္တာပဲ ထိန်းကျောင်းခဲ့ရတာ။

ခတ္တာရဲ့ ဖေဖေက လောဘနည်း တယ်ဆိုရမလား။ သူများတွေ တစ်ရက်မှာ နှစ်ကြိမ်လောက် ပင်လယ်ထွက် ငါးဖမ်းတတ်ကြပေမဲ့ ဖေဖေကတော့  အဲဒီတုန်းက အစ်ကိုနဲ့ တစ်ရက်မှာ တစ်ခါ လောက်ပဲ ပင်လယ်ထွက်တတ်တာ ကိုခတ္တာ မှတ်မိနေတယ်။ အဲဒီအချိန်က အစ်ကိုက ကျောင်းမတက်တော့တဲ့ မြီးကောင်ပေါက်လေး ဖြစ်နေပြီ။ ဖေဖေနဲ့ အစ်ကိုက မနက်အရုဏ်မတက်ခင် ပင်လယ်ထဲသွား မနက် ၉ နာရီ ၁၀ နာရီ လောက် ပြန်ရောက်နေကျ။ သူတို့ပြန် ရောက်ရင် မေမေရယ်၊ အစ်မ ခရေရယ်၊ ခတ္တာရယ် ကမ်းစပ်ကလှေမှာ ငါးဖြုတ် ငါးရွေးကြနဲ့ ပျော်စရာကြီးရယ်။ မေမေက ရလာတဲ့ ငါးတွေကို ရွာရိုးကိုးပေါက် လျှောက်ရောင်း။ ရလာတဲ့ ငွေလေးနဲ့ မိသားစုစားဝတ်နေရေးဖြေရှင်းဖို့ လောက်င ခဲ့တာပါပဲ။ အစ်မ ကျောင်းသွားရင် ခတ္တာက ဘေးအိမ်က သူငယ်ချင်းတွေနဲ့ သောင်ပြင်မှာ ကစားလိုက်၊ တစ်ခါတလေ ပင်လယ်ကမ်းစပ်မှာ ရေဆော့လိုက်နဲ့ လွတ်လပ် ပေါ့ပါးလိုက်တာ။

ခတ္တာတို့ တဲအိမ်စုလေးမှာ ခတ္တာတို့ အရွယ် တွေအများကြီး။ အနည်းဆုံး အယောက် နှစ်ဆယ်လောက်က ခတ္တာရဲ့ ဘော်ဒါတွေလေ။ ဘော်ဒါတွေနဲ့နေ့တိုင်း တော့ ဆော့ရတာ မဟုတ်ပါဘူး။ လူကြီးတွေက ရွာနားက ဒီရေတောထဲမှာ ထင်းယူတဲ့ အခါ၊ ရှပ်၊ ဂုံး၊ ခရု ရှာ၊ ကဏန်း ထောင်သွားကြတဲ့ အခါမျိုးမှာ ခတ္တာတို့ ကလေးတွေလည်း လူကြီးတွေနဲ့ အတူ လိုက်ပြီး ကူရတာပါပဲ။ လစ်ရင်လစ်သလို ကျွန်မတို့ ကလေးတွေလည်း ကူသယောင် ယောင်နဲ့ဆော့ကြတယ်။

ရေကျနေတဲ့ ချောင်းစပ်လေးမှာ ရေကူးရင်း စိန်ပြေးတမ်းကစားတယ်ပေါ့။ တကယ်ကတော့ လူကြီးတွေက ခတ္တာတို့ ကလေးတွေကို ဒီရေတောထဲမှာ ကူဖို့ဆို တာထက် အိမ်မှာတစ်ယောက်တည်း မထားခဲ့ချင်လို့ သူတို့နဲ့ အတူ ခေါ်ခဲ့ကြ တာပါ။ ကျွန်မတို့လည်း ဒီလို လူကြီးတွေ နဲ့လိုက်ရင်းကနေ ထင်းယူတာ၊ ရှပ်၊ဂုံး၊ ခရု ရှာ၊ ကဏန်းထောင်တာမျိုးတွေအထိ တဖြည်းဖြည်း သိနားလည်တတ်ကျွမ်း လာခဲ့ပါတယ်။ အိမ်အလုပ်တွေ ဖြစ်တဲ့ ချက်ပြုတ် လျှော်ဖွတ်၊ ငါးရွေး၊ ငါးကိုင်၊ ငါးလှန်း တာတွေ လုပ်တတ်လာတာပါပဲ။

မှတ်မှတ်ရရပါပဲ။ ခတ္တာကျောင်း စတက်ရတဲ့နေမှာ မေမေက ကျောင်းစိမ်း ဝတ်စုံ အသစ်လေးတစ်စုံ ဆင်ပေးပါ တယ်။ ဖေဖေကတော့ ထုံးစံအတိုင်း ရေဒီယို လေးဖွင့်၊ ပိုက်ဖာနေရင်းကနေ “သမီး ခတ္တာရေ စာတွေ အများကြီးသင်လာနော် ဖေဖေ မုန့်ဖိုး အများကြီးပေးမယ်” လို့ လှမ်းပြောလေရဲ့။ ရွာထဲက မူလတန်း ကျောင်းသေးသေးလေးမှာလည်း ခတ္တာတို့ တဲစုလေးက သူငယ်ချင်းတွေများ တာမို့ ခတ္တာကျောင်းတက်ရတာ ပျော်ပါ တယ်။ နောက်တော့ အတန်းဖော်တွေ အားလုံးနဲ့ သူငယ်ချင်းတွေ ဖြစ်သွား ကြတာပါပဲ။ ဖေဖေ့ဆီက မုန့်ဖိုးရချင်လို့ ခတ္တာကျောင်းမှာ သင်တဲ့စာတွေကို ဖေဖေ့ကို ဆိုပြနိုင်အောင် ကြိုးစားတယ်။ ကျောင်းလွှတ်လို့ အိမ်ပြန်ရောက်ရင် ဖေဖေ့ကို စာဆိုပြပြီး အမြဲမုန့်ဖိုးတောင်းပါ တယ်။ ဖေဖေကတော့  ၅၀ိ/- ၊ ၁၀၀ိ/- ထက် ပိုမပေးခဲ့ပါဘူး။

တကယ်တော့ ကျောင်းစဖွင့်တဲ့ ဇွန်လဆိုတာ ခတ္တာတို့လို စုမိဆောင်း မိမရှိတဲ့ တံငါသည်မိသားစုတွေ အတွက် ကျပ်တည်း လှပါတယ်။ ရာသီဥတုက ဆိုတာမို့ ပင်လယ်ကို ထွက်ချင်တိုင်း ထွက်လို့ မရပါဘူး။ ငါးရမရဆိုတာ ခတ္တာတို့ မိသားစုရဲ့ စီးပွားရေးနဲ့ တိုက်ရိုက် အချိုးကျတယ်လေ။ ဒီလို အချိန်ဆို ရွာနားက ဒီရေတောလေးမှာ မိသားစုတွေ နေ့တိုင်းလိုလို ဂုံး၊ ခရု၊ ရှပ် ကဏန်းရတဲ့ဟာ ရှာကြတယ်။ အိမ် အတွက် ဟင်းစားထက် ပိုရရင်လည်း ရောင်းလို့ရတာပေါ့လေ။ ဒီတောက ထွက်တဲ့ သစ် ၊ ဖက် ၊ ထင်းတွေကလည်း ခတ္တာတို့မိသားစုလေးကို ရာသီဥတု ဒဏ်က ကာကွယ်ပေးသေးတယ်။ ခတ္တာ တွေးမိတယ်။ ဒီပင်လယ်ပြင်ကြီးနဲ့ ဒီရေ တောသာမရှိရင် ခတ္တာတို့ ဘ၀ ပျက်မှာ။ ပင်လယ်ပြင်ကြီးနဲ့ ဒီရေတောက ခတ္တာတို့ ကို ကျွေးမွေးခဲ့တာ၊ အသက်ဆက်ပေးခဲ့ တာလေ။ ဒီနှစ်ခုဟာ ခတ္တာရဲ့ ဘဝမှာ အင်မတန် အရေးပါတဲ့ နေရာက ပါနေတဲ့ အသက်သခင်ကျေးဇူးရှင် တွေပဲ။

။။                 ။။          ။။

“မေမေ….” ခေါ်သံကြောင့် ခတ္တာ၏ အတွေးစတို့ ပြတ်သွား၏။

“ သမီး..ပုလဲ ကျောင်းလွှတ်ပြီလား”ခတ္တာ၏ သမီး ဒုတိယတန်းကျောင်းသူ လေးက ခေါင်းညိတ်ပြရင်း သူ့အမေကို မှီလျက်က သဲပြင်တွင် ထိုင်သည်။

“မေမေ…. ဖိုးဖိုးတို့ ဖေဖေတို့ မလာ သေးဘူးလား”

“ညနေ ခင်းလောက်ပြန်ရောက်မယ် ထင်တယ် သမီးရဲ့။ ငါးတွေ များများရပါ စေလို့ ဆုတောင်း သမီး။ ငါးတွေ များများ ရရင် သမီး ဒီနှစ် ကျောင်းစုံညီပွဲတော်မှာ ကဖို့ ဝတ်စုံဖိုးလေးရမှာ”

 “ငါး မရရင်ရော မေမေ”

“အို … သမီးကလည်း … လာလာ အင်္ကျီလဲရအောင်”

သမီးလေးကို အင်္ကျီလဲပေးပြီး မုန့် ဖိုး ၂၀၀ ပေးလိုက်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ မုန့်ဆိုင်ဘက်ကိုထွက် ပြေးသွားလေရဲ့။ ပြီးရင် သူ့သူငယ်ချင်းတွေနဲ့ ကစားနေ မယ် ဆိုတာကို ခတ္တာသိပြီးသား။

တကယ်တော့ ခတ္တာက သမီးလေး ရဲ့မေးခွန်းကို မဖြေချင်တာမဟုတ်။ မဖြေရဲတာသာပါ။ သမီးလေး မေးသလို တကယ်လို့ ငါးမရခဲ့ရင်ရော….။ တဲနောက် ရေကပြင်လေးမှာ ထမင်းအိုးချက်နေရင်း ခတ္တာတစ်ယောက် အတွေးရေစီးမှာ နစ်သွားပြန်တယ်။ သောကရေစီးမှာနစ် မွန်းသွားတယ်ဆိုရင် ပိုမှန်မှာပ။

။။           ။။          ။။ 

ခတ္တာရဲ့ ဘဝမှာ ပျော်ရွှင်မှုတွေ စိတ်ချမ်း သာမှုတွေ စတင်ပျောက်ဆုံးချိန် ကတော့ ခတ္တာရဲ့ ညီမလေး လူ့လောကထဲစရောက် တဲ့နေ့ပေါ့။

ကောင်းနေအောင်

လာမယ့်အပတ် ဆက်လက်ဖော်ပြပါမည်။