အစားအသောက် ဘေးကင်းလုံခြုံရေး ရတက်အေးကြရဲ့လား

0
105

“စကားမစပ်ဗျာ၊ ကျွန်တော်တို့ နေ့တိုင်း စားနေကြရတဲ့ အစားအစာတွေ ဟာ ဘေးအန္တရာယ်မှ ကင်းရဲ့လား။ အဲသည် အစားအစာတွေရဲ့ အရည်အသွေး နဲ့ပတ်သက်ပြီး စိတ်မချ ဖြစ်လာလို့”

“နေ့တဓူဝ ဘေးအန္တရာယ်ကင်းတဲ့ အစားအစာ စားသောက်ဖို့ အကြံဥာဏ် ကောင်းလေး ပေးပါဦးဗျာ။ နောက်ပြီး အဲသည် အစားအစာတွေနဲ့ ပတ်သက်လို့ ဘယ်သူတွေ ဘာလုပ်သင့်လဲ ဆိုတာရယ်၊ သုတေသန စစ်တမ်းလေးဘာလေး လုပ်ကြဖို့ ရှိ၊ မရှိ ဆိုတာရယ် မေးချင် လို့”ဆိုတဲ့ အမေးစကားလေးကြောင့် ကျွန်တော် အတွေးတွေနဲ့ ချာချာလည် သွားမိပါတယ်။

အမေးလွယ်သလောက် အဖြေက ခက်ခက်ကိုးဗျ။

သူပြောပါမှ ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်မိတယ်။ နေ့တဓူဝ ကျွန်တော် တို့ စားသောက်နေတဲ့ အစားအစာတွေဟာ အန္တရာယ် ကင်းကြပါရဲ့လား။ ဘယ် အခြေအနေရှိလို့ ဘာတွေ ဖြစ်ပျက်နေ ကြပြီလဲ။ သည့်အတွက် ဘယ်သူတွေက ဘာတွေ လုပ်နေကြပြီးပြီလဲ။ တွေးစရာ တသီကြီး ပါလာခဲ့ပါတယ်။

အစာသည်ဆေး၊ ဆေးသည်အစာ။

“အာရောဂျံ ပရမံ လာဘံ”ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်တယ်။ ကျန်းမာပါမှလည်း နေ့တဓူဝ အလုပ်တွေကို လုပ်နိုင်မယ်။ နာဖျားမကျန်း ဖြစ်ကြရတဲ့ အဓိကအကြောင်းရင်းက ကျွန်တော်တို့တွေ မိမိကိုယ်တိုင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းကြလို့ ဆိုတဲ့ အချက်ပါတယ်။ အသက်ကို ဥာဏ် စောင့်သလို နာဖျားမကျန်းမဖြစ်အောင်လည်း ဥာဏ်ပညာဖြင့် စောင့်ရှောက် နိုင်တယ်လို့ ဆိုကြပါတယ်။ မမှားပါဘူး။ ကံ၊ စိတ်၊ ဥတုနဲ့ အာဟာရ ဓာတ်ကြီးလေးပါး မျှတပါလျှင် ကျန်းမာခြင်း ဆုလာဘ်ကို ရကြမှာ မလွဲပါဘူး။

နောက် ခန္ဓာဗေဒ ဖြစ်စဉ် သဘောသဘာဝမှာ ကျွန်တော်တို့တတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ နေ့တဓူဝ အာဟာရကို မှီဝဲ သုံးဆောင်ကြရတယ်။ အသားဓာတ်၊ အဆီဓာတ်နဲ့ ရောဂါကို ကာကွယ်ပေးသော သက်စောင့်ဓာတ် ကြွယ်ဝတဲ့ အစာအာဟာရ အုပ်စုကြီး သုံးခုကို ညီညွတ်မျှတစွာ သုံးဆောင်ပါလျှင် ကျန်းမာကြမယ်။ လန်းဖြာကြမယ်။ ရောဂါဘယ ကင်းပမယ် ဆိုကြတယ်။

နောက် ဇီဝကမ္မ ဖြစ်စဉ်သဘောအရ နေ့စဉ် စားသောက်လိုက်တဲ့အထဲ ပါဝင်တဲ့ အဲသည် အာဟာရ အုပ်စုကြီးတွေ ထဲက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအာဟာရတွေကို ခန္ဓာကိုယ်က စုပ်ယူပြီး မလိုလားအပ်တဲ့အရာတွေ၊ အညစ်အကြေးတွေကို ကျောက်ကပ်နဲ့  အသည်းကတဆင့် ပြန်လို့ စွန့်ထုတ် ကြတယ်။

ဆိုတော့ နေ့တဓူဝ အာဟာရလည်း ဖြစ်၊ ဘေးလည်း ကင်းအောင် ဘယ်လို စားကြမလဲဆိုတဲ့ မိတ်ဆွေရဲ့ အမေးက လွယ်သလို အဖြေကလည်း လွယ်မယောင်နဲ့ ခက်တယ်။ အထက်ကဆိုခဲ့သလို ခန္ဒာဗေဒ ဖြစ်စဉ်နဲ့ ဘုရားဟောကို ပြန်ပြောပြရင်ပဲ အဖြေက အပြည့်နီးနီး ရပြီးသားပါပဲ။ ညီညွတ်မျှတသော အစားအစာ စားသောက်ရင် ကျန်းမာ ခြင်းဆုလာဘ်ကိုရမယ်။  သို့သော် မိတ်ဆွေက အဲသလောက် အမေးအဖြေကို မေးချင်တာ ဟုတ်ဟန်မတူပါဘူး။ သည့်ထက် နက်နက်နဲနဲ ပြောချင်တာဖြစ် ပါတယ်။ အန္တရာယ်ကင်းသော အစား အစာတွေ ဖြစ်ဖို့ ဆိုလိုပါတယ်တဲ့။ အဲသည် အမေးကမှ အဖြေက ခက်နေလေရော။

သည်ခေတ်မှာ အစားအစာတွေဆို တာ ဘေးကင်းရဲ့လား။

မိတ်ဆွေရဲ့ အမေးကို ဖြေဖို့ စဉ်းစားရင်မှ နေ့တဓူဝ ကျွန်တော်တို့တွေ စားသောက်နေထိုင်မှုကို ပြန်ဆန်း စစ်ကြည့်တယ်။

မနက်လင်းတာနဲ့ ကျွန်တော်တို့ရဲ့ မနက်စာဟာ မုန့်ဟင်းခါး တစ်ပွဲ ဖြစ်ရင် ဖြစ်မယ်။ ထမင်းကြော်နဲ့ ကြက်ဥကြော် တစ်ပွဲ ဖြစ်ရင်ဖြစ်မယ်။ လက်ဖက်ရည်နဲ့ အီကြာကွေး ဖြစ်ရင်ဖြစ်မယ်၊ အချိန်မရ တဲ့နေ့တွေမှာ အိမ်မှာ အသင့်ရှိနေမယ့် ကော်ဖီမစ် ထုပ်လေးနဲ့ ပေါင်မုန့်ခြောက် လေး စားဖြစ်ချင်ဖြစ်မယ်။ နေ့လယ်စာ အဖြစ် ကြက်၊ ၀က်၊ ငါး၊ ပုစွန် အသား ဟင်းတစ်ခွက် ဖြစ်ရင်ဖြစ်မယ်။ အသီး အနှံရွက်ကြော်၊ ပဲပင်ပေါက်ကြော် ပါရင် လည်း ပါဖြစ်မယ်။ သီးစုံဟင်း တစ်ခွက်၊ ငါးခြောက်ကြော် တစ်ပွဲ၊  ငါးပိဖျော်နဲ့ တို့စရာ ဟင်းသီးဟင်းရွက်တွေ ဖြစ်ချင် ဖြစ်မယ်။ အသင့်ထုပ်ပိုး ထားတဲ့ ခေါက်ဆွဲခြောက်ထုပ်လေး ဖြစ်နိုင်ပါ သေးတယ်။ မွန်းလွဲစာ ကရော၊ ကိတ် ခြောက်လေးနဲ့ ကော်ဖီမစ်လေး ဖြစ်မလား၊ တရုတ်က၀င်တဲ့ အသင့်စားနိုင်မယ့် မုန့်ခြောက်လေးတွေ ဖြစ်မလား။ အလုပ် ကြောင့် နွမ်းလျတဲ့အခါ အချိုရည် ဗူးတွေ နဲ့ အားဖြည့်ဖြစ်မလား။ နောက်ပြီး ကွမ်းလေး တမြုံ့ ၀ါးဖြစ်မလား စသဖြင့် စီကာစဉ်ကာတွေးရင်း အတွေးနယ်ချဲ့ မိတယ်။ ဟုတ်ပြီ။ အဲသည် အစားအစာတွေက အန္တရာယ် ကင်းကြပါရဲ့လား။

ကိုယ်က သက်သတ်လွတ်သမားမှ မဟုတ်လေတော့ တွေးမိတွေးရာ တွေးရတာ များပါတယ်။ မိတ်ဆွေက ဟင်းသီးဟင်းရွက်တွေပဲ စားတဲ့ သက်သတ် လွတ်သမား ဖြစ်လေတော့ တွေးစရာ သိပ်မရှိပါဘူး။ သည်တော့ သူ့အရင် စကားထောက်မိတယ်။

“နို့ ခင်ဗျားက သက်သတ်လွတ် သမားပဲဟာ ဘယ်လိုတွေ တွေးပြီးဘာတွေ လာမေးနေတာတုန်းဗျ”လို့ မေးတော့

“ကျွန်တော် သည်ရက်ပိုင်း လူမှုကွန်ရက်က မျှဝေလာကြတဲ့ အန္တရာယ် ကြီးတဲ့အစားအစာတွေအကြောင်း ဖတ်မိပြီး  စိတ်ရောဂါလို ဖြစ်နေတယ်ဗျ။ ဘယ်အစားအစာကိုမှ အန္တရာယ်ကင်း ပါတယ်လို့  မယုံရဲဘူး။ ဘီယာသော်မှ ကိုယ့်ဘာသာကိုယ် ချက်သောက်မှ၊ အသီးအရွက်သော်မှ ကိုယ့်ဘာသာကိုယ် စိုက်မှ စားရမလို အတွေးတွေ ၀င်နေသဗျ။ ကိုယ်တိုင်က သက်သတ်လွတ်သမား သက်သတ်လွတ် အသီးအနှံပဲ စားပါမယ် ဆိုတာသော်မှ ပိုးသတ်ဆေးနဲ့ ဓာတ်မြေ သြဇာတွေ အဆိပ်အတောက်တွေ မကင်း လောက်ဘူး ထင်နေတယ်။ ပန်းမုန်လာ၊ ကိုက်လန်၊ မုန်ညင်း၊ ဂေါ်ဖီ၊ ခရမ်းချဉ်စတဲ့ စိုက်ခင်းတွေမှာ သုံးလိုက်ကြတဲ့ ပိုးသတ်ဆေးမျိုးစုံ၊ ဓာတ်မြေသြဇာတွေ မျိုးစုံဟာ အသီးအနှံတွေမှာ စိမ့်ဝင်နေ မလား၊ ရေစင်အောင် ဆေးဖို့ လွယ်ပါ့ မလား တွေးစရာ များတယ်ဗျ။ ပြီး အင်းလေးဘက်က ခရမ်းချဉ်သီးတွေကို အီတလီက ပညာရှင်တွေ ဓာတ်ခွဲစမ်းသပ် ပြီး အဆိပ်သီးလို့ ဆိုကြသတဲ့။ အဲသာနဲ့ သက်သတ်လွတ် သမားဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင် ဘာတွေ စားရမှန်းမသိ ဖြစ်နေတာဗျ။”

“နောက် ပဲပင်ပေါက် ဖောက်ကြ တော့လည်း ဓာတု ပစ္စည်းသုံးသတဲ့။ အသီးအနှံတွေ အရောင်အဆင်း လှချင် သလား၊ ၀င်းဝါချင် သလား၊ နီချင်သလား ဓာတုဆေးတွေ ဆိုးကြဆေးထိုးကြ သတဲ့ဗျ။  နဂိုကမှ အန္တရာယ် မကင်းတဲ့ စားအုန်းဆီကို အတုတွေ ရောနှောပြီး မြေပဲဆီ အနံ့သင်းအောင် လုပ်ငန်းရှင် တွေက ဓာတုပစ်္စည်းထည့်သတဲ့ဗျ။ မလွယ်ပါဘူးဗျာ”လို့ မိတ်ဆွေက ငြီးရင်း ဖြေတယ်။

သူ့လို သက်သတ်လွတ်သမားမှ အဲသလောက် ခဲခက်နေရင် ကျွန်တော် တို့တွေက ဘာတွေ ဘယ်လို စားရပါ့မလဲ လို့ ဆက်တွေးမိတယ်။

ကြာရှည်ခံအောင် ထားနိုင်တဲ့ ကော်ဖီမစ်တွေမှာ ကော်ဖီမပါ၊ အုန်းဆံ ကြိုးခွံ အရောအနှောတွေပဲ ပါတယ် လို့ ယိုးဒယားဘက်က စစ်တမ်းတစ်ခုမှာ ဆိုတယ်၊ အီကြာကွေးကြော်တဲ့အခါ ပိုလို့ မာအောင် တောင့်အောင် ရေသန့်ဘူးခွံ ပလတ်စတစ်ဘူးဆီထဲ ထည့်ကြော် တယ်လို့ ဆိုကြတယ်။ မုန့်ဟင်းခါး မုန့်ဖတ်တွေ တာရှည်ခံဖို့ ဖော်မလင် ဓာတုဆေးတွေ သုံးကြတာ စစ်ဆေးတွေ့ရ တယ်လို့ ဘိတ် FDA က ကြေညာသတဲ့။ ငါးခြောက်တွေ ယင်မနားဖို့ ခြင်သတ် ဆေးတွေ ဖြန်းကြတယ်။ ကြက်ဥအတု တွေ၊ ကော်ဖီထုပ် အတုတွေ ပေါ်နေသတဲ့။ ဟိုးအညစ်အကြေးပိုက်ထဲက ဆီညစ် တွေက ကျိုချက်ပြီး ပြန်ထုတ်တဲ့ အကြော် ခံဆီ ပြသနာတွေ၊ ဧရာဝတီ မြေပဲဆီ ထုတ်လုပ်သူက ပြောပြတဲ့ ဆီထုတ်လုပ် ရာမှာ ရောနှောလို့ရတဲ့ ဓာတုဗေဒ အနံ့တွေ လာရောင်းတဲ့ အကြောင်းနဲ့ ဈေးကွက်အထဲ ရှိနေတဲ့ ဆီအရောအနှော တွေနဲ့ထုတ်ပြီး မြေပဲဆီသန့်သန့် တံဆိပ် ကပ်ထားတာတွေအကြောင်း၊ တာရှည်ခံ ခေါက်ဆွဲခြောက်တွေကြောင့်  ဖြစ်နိုင်တဲ့ အသည်းရောဂါတွေ။ အိတ်စပို့ ကွာလတီ ငရုတ်သီးမှုန့်အများစုကို အင်္ဂလန် ဓာတ်ခွဲခန်းက စစ်တဲ့အခါ ငရုတ်သီးမှုန့် တွေမှာ ပါတယ်ဆိုတဲ့ အသည်းကင်ဆာ ဖြစ်စေမယ့် အယ်ဖာတွန်ဆင် အဆိပ်တွေ အများကြီး တွေ့ရတဲ့အကြောင်းတွေ။

ယိုးဒယားဘက်က ဖော်မလင်ပါလို့ လက်မခံတဲ့အတွက် မြန်မာပြည်ထဲ ပြန်ဖြန့် နေကြတဲ့ ငါးပုစွန်တွေအကြောင်း လူမှုကွန်ရက်က သတိပေးပါမှ မော်လမြိုင် နဲ့ ရေးဘက်မှာ FDA နဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ စစ်ဆေးအရေးယူကြရတဲ့ အကြောင်းတွေ။ ငါးတွေ ပုစွန်တွေ မာမာတောင့်တောင့်လေးဖြစ်ပြီး မပုပ် မသိုးအောင် ဖြန်းကြတယ်ဆိုတဲ့ ဖော်မလင်တွေ၊ အသားတိုးကြက်တွေ အချိန်တိုအတွင်း ကြီးနှုန်းမြန်အောင် ထည့်ကျွေးကြတဲ့ ဓာတုဆေးတွေ၊ ရောင်းချတဲ့အခါ အသားထဲ ဆေးထိုးကြ တဲ့အကြောင်းတွေ၊ အသီးအနှံနဲ့  သစ်သီးတွေ မပုပ်မသိုးအောင် လှပအောင် ထိုးသွင်းကြ တဲ့ ဓာတုဆေးရည်တွေအကြောင်း စသဖြင့် အစုံပါပဲ။ နေ့တဓူဝ စားနေကြတဲ့ ကွမ်းတွေကရော ဘယ်ကင်းမတုန်း၊ ကွမ်းသီးခြောက်မှိုတွေ ဘယ်လောက် တက်နေနေ ကွမ်းသီးဒိုင်တွေက မငြင်းဘဲ ၀ယ်တယ်။ ဓာတုဆေးရည်နဲ့ ဖြူလွနေ အောင် ပြန်ချွတ်ပေါင်းပြီး ဖြူလွှနေတဲ့ ကွမ်းသီးဖတ်လှလှတွေကို ကွမ်းယာ ဆိုင်တွေကို ပြန်ဖြန့်ပေးသတဲ့။

အစားအစာဘေးကြောင့် သက်ရောက်မှုများ။

 ဘယ်နေရာကြည့်ကြည့် အန္တရာယ် ကင်းကင်းနဲ့ စိတ်ချလက်ချ စားသောက် နိုင်တာ မရှိတော့သလိုပါပဲ။ ဒါတွေ ကြောင့်လည်း အရှေ့တောင်အာရှမှာ မြန်မာတွေရဲ့ သက်တမ်းဟာ အတိုဆုံး ဖြစ်လာတာငြင်းမရသလို ကမ္ဘာ့ကင်ဆာ အဖြစ်များဆုံးနိုင်ငံတွေ စာရင်းမှာလည်း ထိပ်ဆုံးနံပါတ် ၁၀ မှာပါနေတယ်ဆိုတာ ငြင်းမရပြန်ပါဘူး။ နို့ အဲသလောက် ဖြစ်နေပျက်နေကြတာသော်မှ ဘယ်သူ တွေက ဘာတွေ တာဝန်ယူပြီး တစ်နိုင်ငံ လုံးနေပြည်သူတွေရဲ့ အစားအသောက်နဲ့ ဘေးတွေ လုံခြုံစိတ်ချရဖို့ အရေးအတွက် ဘာတွေလုပ်နေကြသတုန်းဆိုတော့ ပြန်လေ့လာမိပြန်ပါတယ်။

အစားအစာဘေးကင်းဖို့ ဘယ်သူ တွေ တာဝန်ရှိလဲ။

သည်အစားအသောက်နဲ့ စား သောက်ကုန်တွေ ဘေးကင်းဖို့ ဘယ်သူ တွေမှာ တာဝန်ရှိကြလေသတုန်းဆိုတော့ အကြောင်းခြင်းရာတွေက များသားဗျ။ အဓိကက ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာန လက်အောက်ကဖြစ်တဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA ပေါ့လေ။ ပြီး သူနဲ့ နှီးနွယ်တဲ့ ပြည်သူ့ကျန်းမာ၊ ကုသရေး ဦးစီးဌာန၊ စည်ပင်၊ အခွန်၊ ထွေအုပ် စသဖြင့် တာဝန်ရှိကြသူတွေ အဆင့်ဆင့် မြင်တယ်။ သူတို့ အလုပ်နဲ့ တာဝန် ဖြစ်ပေမဲ့လို့ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဈေးကွက် အနေအထား၊ လူသားတွေရဲ့ လောဘနဲ့ ကောက်ကျစ်စဉ်းလဲမှုတွေ အပေါ် ဟန့်တား အရေးအရာယူကြဖို့ ဆိုတဲ့နေရာမယ် ထိရောက်တဲ့ ဥပဒေရဲ့ လက်တံနဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ လူအင် အား၊ ပစ္စည်းအင်အား၊ ငွေကြေးအင်အား ပြည့်စုံဖို့အပြင် အဲသည် ဥပဒေဘက် တော်သားတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးဖို့၊ ရပ်တည်ရဲဖို့ လုပ်သင့် လုပ်ထိုက်တာနဲ့ လုပ်ကြရမှာကို ကွဲကွဲ ပြားပြား လေနဲ့ဝမ်းကွဲကြဖို့လည်း လိုအပ်ပါတယ်။

ပြည်သူတွေ အစားအစာ ဘေးကင်း လုံခြုံဖို့ရာ အစိုးရက တာဝန်ယူပေးသင့် တယ်။

ဆိုပါစို့။ ဖော်မလင်ပါတဲ့ မုန့်တီဖတ် တွေ ပြုလုပ်ရောင်းချခြင်းသည် စားသုံး သူအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်။ အရေးကိုယူကြရမယ့်အပိုင်း။ အဲသည်အပိုင်းမှာ တာဝန်ရှိသူအချို့က သူတို့သည် အာဏာပိုင်တွေမဟုတ်ကြ တဲ့အတွက် အသိပညာပေး၊ ခံဝန်ရေး ထိုးခိုင်းတာလောက်ပဲ လုပ်နိုင်တယ် ဘာဘာညာညာ အကြောင်းပြပြီး အမုန်း မခံကြတာမျိုး တွေ့ရတယ်။ ပညာပေး ကြရမှာနဲ့ အရေးယူကြရမှာမျိုးကို တာဝန်ရှိသူတွေ ကိုယ်တိုင်ကိုယ်ကျ တာဝန် မသိကြဘူး။

သည်ဘက် FDA ဘက်က စားသုံး သူအပေါ် ဘေးသင့်စေလို့ အရေးအရာယူ သင့်ပါပြီဆိုပြီး အုပ်ချုပ်ရေး တာဝန်ရှိ သူတွေဘက်ကို အသိပေးပြီး အကူအညီ တောင်းရင်သော်မှ ငါတို့မှာ နေ့တဓူဝ အလုပ်တွေများတဲ့အထဲ သည်ကောင် တွေက တမှောင့်လို့ တွေးပြီး လက်ဆုပ် လက်ကိုင်ချက်ချင်း အန္တရာယ် ရှိနိုင် ပါကြောင်း လက်တွေ့မပြနိုင်သေးပေမယ့် နောင်တစ်နေ့မှာ အန္တရာယ် ဖြစ်လာနိုင် တယ်ဆိုတဲ့ အရေးအရာ တွေအပေါ် စိတ်ဝင်တစား အရေးယူဖို့ ပျက်ကွက် ကြတာ၊ အမုန်းမခံလိုကြတာ အသေ အချာပဲပေါ့လေ။ အဲသလို အဖြစ်တွေသာ များလာတဲ့အခါ လူအင်အား ငွေအင်အား ပစ္စည်းအင်အား မပြည့်တဲ့ FDAဘက်က လည်း ဘယ်တက်ကြွပါတော့မတုန်း။

နောက် ယိုးဒယားဘက်က လက်မခံ တဲ့ ဖော်မလင်ပါတဲ့ ပုစွန်နဲ့ငါးတွေ အကောက်ခွန် ဂိတ်အဆင့်ဆင့်ကို လာဘ် ပေး ဖြတ်သန်းပြီး ရန်ကုန်၊ မော်လမြိုင်နဲ့ ရေးဘက်ကို ပြန်ဖြန့်တယ်ဆိုတဲ့ကိစ္စ။ နိုင်ငံတော်နဲ့ အမျိုးသားရေး အန္တရာယ် အဆင့်အထိ အန္တရာယ်ကြီးမားတဲ့ အရေး ကိစ္စမျိုးကိုလည်း လာဘ်ပေးရင် မသိချင် ယောင်ဆောင် ပေးကြတယ် ဆိုတဲ့ တာဝန်ရှိသူတွေရဲ့ စိတ်ဓာတ်နဲ့ အကျင့် စာရိတ္တတွေ။ အဲသည်ဖြစ်စဉ်တွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဖေ့ဘုတ်ပေါ် ပွလာတဲ့သတင်းအရ ပူးပေါင်းစစ်ဆေး ခဲ့လို့သာ ဖမ်းဆီးနိုင်ခဲ့တာ။ ကျွန်တော်တို့တွေ ဘယ်လောက် အထိ စားခဲ့မိပြီးကြလဲ မသိနိုင်ကြပေဘူး။

လတ်တလော လုပ်ဆောင်ချက်တွေ က အဖြေပါရဲ့လား။

ကွမ်းဆိုင်တွေက ကွမ်းယာတွေမှာ ဓာတုဗေဒဆေးတွေ သုံးတဲ့ အရေးအရာ လွှတ်တော်မှာ မွန်က လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ဇော်လင်းထွဋ်က စက်တင်ဘာလ ၁၃ရက်က မေးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က ဖြေသွားတာ ကြားရတယ်။

တည်ဆဲ ဥပဒေဖြစ်သော ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက် သုံးမှု ထိန်းချုပ်ရေး ဥပဒေ (၂၀၀၆) တွင် ကွမ်းယာနှင့် ကွမ်းသီး စားသုံးမှု ထိန်းချုပ်ရေး ထည့်သွင်းပြဋ္ဌာန်းထားတာ မရှိသေးကြောင်း၊ ကွမ်းယာနှင့် ကွမ်းသီး စားသုံးမှု ထိန်းချုပ်ရေးမူဝါဒ ပေါ်ထွက် လာရေးအတွက် ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အစည်းအဝေးကျင်းပဖို့ လျာထားပြီး ဖြစ်ပါကြောင်း၊ ဒါ့အပြင် ၂၀၀၆ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ ညှိနှိုင်းအစည်း အဝေးကို ၂၀၁၉ နိုဝင်ဘာလအတွင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အဲသည်မှာ ကွမ်းစားသုံးမှုကို ဥပဒေအရ ထိန်းချုပ်နိုင် ဖို့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ အစိုးရဌာနများအတွင်း ကွမ်းစားသုံးမှု ကြပ်မတ်ရေး ၂၀၁၁ ကတည်းက ညွှန်ကြားထားပါကြောင်း။ တည်ဆဲ ဆေးလိပ်ကြီး၊ ဆေးလိပ်ဥပဒေအရ ဆေးလိပ်ကင်းစင်နယ်မြေ ထူထောင် သကဲ့သို့ ကွမ်းစားသုံးမှု လျော့နည်း အောင် သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်း များအနေဖြင့် စည်းကမ်းသတ်မှတ် လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပါကြောင်း။ ဓာတုပစ္စည်းအသုံးပြုပြီး ကွမ်းသီးတွေကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို တားဆီးရန် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်ရန် အခက်အခဲ ရှိကြောင်း။ ကွမ်းသီးသည် ပြုပြင်ထုတ် လုပ်ထားသော အစားအသောက် မဟုတ် ၍ တာရှည်ခံရန်နှင့် အရောင်တု ဓာတုပစ္စည်းများ သုံးစွဲခြင်းကို ထိန်းချုပ် ကြီးကြပ်ရေးမှာ FDA အနေဖြင့်တိုက်ရိုက် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း။ ကွမ်းသီး ကွမ်းယာတွင် ထည့်သွင်းစားသုံးသည့် ပစ္စည်းများ သိုလှောင်ခြင်း၊ လက်လီ လက်ကား ဖြန့်ဖြူးရောင်းချခြင်း အဆင့် တို့တွင် အကန့်အသတ်ဖြင့်သာ လိုင်စင် ထုတ်ပေးခြင်းဖြင့် ထိန်းကွပ်ခြင်း ကြီးကြပ် ခြင်း စသည်တို့ကို သက်ဆိုင်ရာ ဌာန အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပါ က ကွမ်းသီး ကွမ်းယာနှင့် ပတ်သက်သော ရောဂါများ ကျဆင်းမည် ဖြစ်ပါကြောင်း ဒုဝန်ကြီးက လွှတ်တော်မှာ ဖြေသွားပါ တယ်။

အတိုပြောရင် စာအုပ်ထဲက ဥပဒေ မှာပါတယ်။ အသက်မ၀င်သလို မပြည့်စုံ သေးဘူး။ ပြည့်စုံအောင် စီစဉ်ထားပြီး သား။ လုပ်ကြမယ်။ အချိန်ယူကြရမယ်။ အားလုံး ၀ိုင်းကူကြရင် အောင်မြင်မယ်။ ကူကြပါ။ သည်လောက်ပဲ။ ဒါ ကွမ်းယာ အကြောင်းမေးလို့ ဖြေသွားတာ။ ဖော်မလင် နဲ့ အခြားပြဿနာတွေလည်း သည်အဖြေ စာသားထဲ ကွမ်းသီး ကွမ်းယာအစား အခြားပစ္စည်း ပြောင်းထည့်ပြီး ဖော်မလင် လို့ ဖြည့်ပြီး ဖတ်၊ မှတ်။ မေးလို့က သည်လို အဖြေပဲ ရမှာပါပဲ။ ဒါပါပဲ။

တိုင်းပြည်နဲ့ ချီပြီး ဆိုင်တဲ့ ပြဿနာ

မျှော်လင့်တာက မွန်အမတ်က မေးလို့ မွန်ပြည်နယ်နဲ့ သာဆိုင်တဲ့ အနေ အထားမဟုတ်ကြောင်း တိုင်းပြည် တစ်ပြည်လုံး အချက်အလက်နဲ့ ကိန်းဂဏန်း တွေအရ လွန်ခဲ့သောနှစ် ဆယ်စုနှစ် အတွင်း အဲသည် မကူးစက်နိုင်သော ရောဂါတွေ ထဲက ကင်ဆာဖြစ်ပွားနှုန်းသည် ဘယ်ရာနှုန်းအထိ တိုးတက်လာပြီး အဲသည် ဖြစ်ပွားစေတဲ့ အကြောင်းချင်းရာ  တွေအနေနဲ့ ဘေးအန္တရာယ် ဥပါဒ်မကင်းတဲ့ အစားအစာတွေကြောင့် ရယ်လို့ ဆိုနိုင်ပါကြောင်း။ လတ်တလော အနေအထား အရ FDA က ဘယ်နေရာ တွေမှာဘာတွေ တွေ့ထားတယ်။ ဘာတွေ ထုတ်ပြန်ကြေညာ အရေးယူဆောင်ရွက် နေတယ်။ မွန်မှာ ဖော်မလင်ပါတဲ့ သားငါး ကိစ္စ ဒေသန္တရနဲ့ အမတ်တွေ အပါအ၀င် FDAက ပူးပေါင်းဆောင်ရွက်နေတာ ရှိတယ်။ ရေရှည် အစီအမံတွေ အနေနဲ့ ဥပဒေနဲ့ မူဝါဒတွေချဖို့ ဘာတွေပြင်ထားသလို  လတ်တလော အစီအမံတွေအနေ နဲ့ ဘာတွေ လုပ်ဆောင်နေတယ်။ ဘာတွေ လုပ်ဖို့ လိုအပ်နေတယ်။ စသဖြင့် ချက်နဲ့ လက်နဲ့ သေချာအဖြေ စကားနဲ့လက်တွေ့ အစီအမံတွေပါ တစ်ပါတည်း ပါစေချင်တာ အမှန်ပါပဲ။

ကံသာအမိ၊ ကံသာအဖ

ခု အဖြေက နေ့တဓူဝ စားနေသောက် နေကြရတဲ့ အစားအစာတွေ ဘေးကင်း ဖို့ရာ ခင်ဗျားတို့ ကျွန်တော်တို့တွေ ကိုယ့်ဘာသာကိုယ်ပဲ စောင့်ရှောက်ကြရမယ့် သဘောနဲ့ သဘာဝ ရှိတယ်။ လွှတ်တော် မယ် မေးသူကလည်း တာဝန်ကျေအောင် မေးပေးတယ်။ ဖြေသူကလည်း တာဝန်အရ လှလှပပ ဖြေကြတယ်။ မြေပြင်မှာ တော့ လက်တွေ့ အဆိပ်တွေ ခင်ဗျားတို့ ကျွန်တော်တို့ နေ့တဓူဝ ကယ်သူ ကူသူ မရှိ ကံကို ယုံပြီး စားနေသောက်နေကြရ အုံးမှာ မလွဲပါဘူး။

လူအင်အား ပစ္စည်းအင်အား၊ ငွေအင် အား မရှိတဲ့ FDA လည်း တာဝန်မရှိဘူး။ အဲသည် ဌာနကို အင်အားဖြည့်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်မရှိ ဘူးလား။  ကင်ဆာနဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုတွေ အဆမတန် တိုးတက်လာတဲ့အကြောင်း ကုသရေး ဦးစီးဌာနဘက်ကနေ သုတေသန စစ်တမ်း တွေ ထုတ်ပြန်အသိပေးဖို့ တာဝန်မရှိ ဘူးလား။  ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဘက်က အဲသည် အရေးတွေအတွက် သုတေသနပြု စစ်တမ်းထုတ်ပြီး ပညာပေး ဖို့၊ တင်ပြဆွေးနွေးဖို့ တာဝန်မရှိဘူးလား။ ဖြစ်နေ ပျက်နေတာတွေကို စနစ်တကျ လေ့လာသုံးသပ်ပြီး အခြားပူးပေါင်း ဆောင်ရွက်ကြရမယ့် နှီးနွှယ်ဌာနတွေကို ပေါင်းစပ်ဆွေးနွေးဖို့ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနမှာ တာဝန်မရှိဘူးလား။ ထွေအုပ်နဲ့ အကောက်ခွန် စတဲ့ ဌာနတွေကို ညှိနှိုင်း ဆွေးနွေး  Advocate လုပ်ဖို့နဲ့ လွှတ်တော်အမတ်တွေကို အကျိုး အကြောင်း အသိပေး Advocateလုပ်ဖို့ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ တိုက် တွန်းပေးဖို့ရာ တာဝန် မရှိကြဘူးလား။

အစားအစာဘေးကင်းလုံခြုံရေး ရတက်မအေးရပါ။

ဆရာ မောင်သာချိုကတော့ သည် အပတ် ဆဲဗင်းဒေး ဂျာနယ်မှာ အလိုမကျ တကျနဲ့ မျိုချခဲ့ရသည့် ထမင်းလုတ် များအတွက် ကျွန်တော်တို့တွေ ယခုလို တစ်ကိုယ်ရေစာ အသိဥာဏ်လေးတွေဖြင့် ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ကာ စားသောက်နေထိုင် ကြောက်လန့်နေကြရ သည့်အဖြစ်မှသည် သူ့နိုင်ငံအတွင်းက သူ့ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်း စားသောက်နိုင်ဖို့ အစိုးရက စောင့်ရှောက် နိုင်မယ့်နေ့ကို ရောက်ချင်စမ်းပါဘိ ဟု တမ်းတမ်းတတ ရေးခဲ့ပါသည်။ 

လွှတ်တော်မှာ အဲသလို အမေးလေးတွေ မေး၊ အလုပ် Action မပါတဲ့ အဖြေလှလှလေးတွေ ဖြေရင်း အစား အသောက်တွေရဲ့ ဘေးနဲ့ဆိုးကျိုး အန္တရာယ် တွေက ကင်းပဖို့ ကျွန်တော်တို့ အသက် တွေကို ကယ်တင်နိုင်ကြဖို့ ဆိုတာကတော့ 

“သဗ္ဗေသတ္တာ ကမ္မသကာ”၊ မမျှော် လင့်ရဲ ပါလေ လို့ပဲ ဆိုချင်ပါတော့တယ်။

ကိုရိုးဆေး