ထားဝယ်တိုင်းရင်းသားများပါတီ အလံနှင့် အမှတ်တံဆိပ် ပြောင်းမည်

0
619

ထားဝယ်တိုင်းရင်းသားများပါတီ စတင်တည်ထောင်စဉ်ကတည်းက အသုံးပြုလာခဲ့သည့် ပါတီအလံနှင့် အမှတ်တံဆိပ်ကို ပြောင်းလဲတော့မည်ဖြစ်ပြီး ယင်းကဲ့သို့ ပြောင်းလဲရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

ယင်းပါတီ အလံအသစ် နောက်ခံအရောင်မှာ အပြာရင့်အရောင်ဖြစ်ပြီး ယင်း နောက်ခံအရောင်ပေါ်တွင် လိမ္မော်ရောင်နှင့် အဖြူရောင်ပါသော “တ၀ဲ”စာသားပါ ဒင်္ဂါးပုံကိုအလံ၏ အလယ်ဗဟိုတွင် ထည့်သွင်းထားသည်။

ပါတီအမှတ်တံဆိပ်အသစ်မှာ စတုရန်းပုံ အပြာရင့်အရောင် နောက်ခံပေါ်တွင် လိမ္မော်အရောင်နှင့် အဖြူရောင် ပါရှိသော “တ၀ဲ”စာသားပါ ဒင်္ဂါးနှင့် “ထားဝယ်တိုင်းရင်းသားများပါတီ”ဆိုသည့် စာသားကို အဖြူရောင်ဖြင့်ရေး ထိုးထားသည်။

“ဒီလိုပါတီအလံ၊ အမှတ်တံဆိပ်တွေ ပြောင်းလိုက်လို့ (အလံဟောင်းနဲ့) အဓိပ္ပာယ်နဲ့ နဲနဲပါးပါးပဲ ပြောင်းတယ်။ အကြီးအကျယ် ပြောင်းလဲမှု မရှိဘူး။ လက်ရှိကတော့ အရင်အလံအဟောင်းနဲ့ တံဆိပ်ကိုပဲ သုံးနေသေးတယ်။ ကော်မရှင်က အတည်ပြုပြီးမှ အဲဒီဟာတွေ အသုံးပြုမှာ”ဟု ဦးအေးမင်းက ပြောသည်။

ယခင်အလံဟောင်းမှာရှုပ်ထွေးပြီး နှစ်ဖက်လှအလံချုပ်လုပ်ရန် ခက်ခဲသဖြင့် ပြောင်းလဲခြင်းဖြစ်ပြီး အမှတ်တံဆိပ်မှာ ရွေးကောက်ပွဲကာလ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲလက်မှတ်ပေါ်တွင် ထင်ရှားခြင်း မရှိသဖြင့် ပြောင်းလဲခြင်းဖြစ်ကြောင်း ဦးအေးမင်းက ပြောသည်။

အလံအသစ်တွင်ပါသော ဒင်္ဂါးပုံသည် အေဒီ ၁၅ ရာစုနှင့် ၁၈ ရာစုကြားတွင်  ထားဝယ်လူမျိုးများ အသုံးပြုခဲ့သော ခဲဒင်္ဂါးဖြစ်ပြီး လိမ္မော်ရောင်မှာ ခံ့ညားထည်ဝါခြင်း၊ အဖြူရောင်မှာ ထားဝယ်တိုင်းရင်းသားတို့၏ ရိုးသားသော စိတ်ထားနှင့် အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် သယံဇာတကြွယ်ဝသည့် ပင်လယ်ပြင်ကို ဖော်ညွှန်းကြောင်း အထက်ပါ ပါတီမှ သိရသည်။

ကျော်သူစိုး