ကျိုက်ထီးရိုးဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များမှ ရန်ပုံငွေ ကျပ် သိန်းပေါင်း တစ်သောင်းကျော်ရရှိ

0
451

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် လုပ်ကိုင်ခွင့် ချထားပေးရာတွင် ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းကျော် ကျော်ရရှိသည်ဟု ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘုရားပွဲတော် ရာသီကာလအတွင်း လုပ်ငန်းများနှင့် ဈေးဆိုင်များကို စက်တင်ဘာ ၂၁ ရက် က လုပ်ကိုင်ခွင့်ချပေးထားပြီး ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း ၁၀၉၀၀ကျော် ရရှိခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းများနှင့် ဈေးဆိုင်များတွင် ကောက်ခံသည့် ရန်ပုံငွေကို ယမန်နှစ်က ထက် ၁၀ ရာခိုင်နှုန်းတိုးထားပြီး ယခင် လုပ်ကိုင်ခွင့်ရရှိထားသည့်လူများကိုသာ လုပ်ကိုင်ခွင့်ပေးထား သည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

“လုပ်ငန်းတွေက နတ်ကွန်း၊ နတ်နန်း ၇ ခုနဲ့ ဆိုင်ခန်းတွေ အခြားလုပ်ငန်းတွေ စုစုပေါင်း ၁၄၃ ခု ရှိပါတယ်။ အားလုံးကို ယခင်က လုပ်ကိုင်ခွင့်ရထားတဲ့လူတွေကို ပဲ လုပ်ကိုင်ခွင့် ပြန်ချပေးခဲ့တယ်”ဟု ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

ကျိုက်ထီးရိုးဒေသရှိ ရင်ပြင်တော် စခန်း၊ ကင်မွန်းစခန်း၊ ရသေ့တောင်စခန်း နှင့် ရေမြောင်းကြီး စခန်းတို့တွင် လုပ်ငန်း များနှင့် ဆိုင်ခန်းပေါင်း ၁၄၃ ရှိပြီး လုပ်ငန်းအမျိုးအစားပေါင်း ၅၀ ခန့်ရှိ ကြောင်း ဘုရားဂေါပကအဖွဲ့ရှိ စာရင်းများ အရ သိရသည်။

“လုပ်ငန်းအားလုံးက လူဟောင်းတွေကို ပြန်ချပေးတယ်။ ပေးသွင်းရတဲ့ငွေ တိုးထားပေမယ့် ကျွန်မတို့က ပစ္စည်းတွေ ကို ဈေးတင်ရောင်းလို့မရပါဘူး”ဟု ကျိုက်ထီးရိုး အမှတ်တရ ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင် မအေးမိုးက ပြောသည်။

ဘုရားရင်ပြင်တော်ရှိ အလှူခံဌာနများ၊ ရွှေဆိုင်းအရောင်းဌာနများနှင့် ဆည်းလည်းအရောင်း ဌာနတို့ကို ယမန် နှစ်ကအတိုင်း ဘုရားဂေါပကအဖွဲ့ကသာ တိုက်ရိုက် ကိုင်တွယ်သွားမည် ဖြစ်သည်။

Dawei Watch