မီးရှူးမီးပန်း၊ ဗျောက်အိုးရောင်းချ သူများကို ဖိဖိစီးစီးဖမ်းမည်ဟုဆို

0
653

ယခုနှစ် သီတင်းကျွတ်ကာလတွင် မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်းချသူများကို ဖိဖိစီးစီး ဖမ်းဆီးအရေးယူသွား မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်း ချခြင်း၊ ပစ်ဖောက်ခြင်းများမလုပ်ရန် ဒေသန္တရအမိန့် (၁၈၈) ကို စက်တင်ဘာ လ ၂၄ ရက်က ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင် ထုတ်ပြန်လိုက်ပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်တွင် ဖိဖိစီးစီးဖမ်းဆီးမည် ဖြစ်သည့်အတွက် ရောင်းချသူများ အနေဖြင့် မီးရှူးမီးပန်းနှင့် ဗျောက်အိုးများ မ၀ယ်ယူမီ သိရှိစေရန် ရည်ရွယ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

“အဓိကကတော့ ရောင်းတဲ့သူ မရှိရင် ဖောက်တဲ့သူလည်း ရှိမှာမဟုတ် ဘူးလေ”ဟု ၎င်းက ဆိုသည်။

မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်း ချသူများကို သတင်းစုံစမ်းခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး  ပြည်သူများ ကလည်း သတင်းပေးရန်လိုအပ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

သီတင်းကျွတ်ကာလတွင် ဒေသန္တရ အမိန့်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိသော်လည်း မီးရှူးမီးပန်း၊ ဗျောက်အိုးရောင်း ချသူများနှင့် ပစ်ဖောက်သူများ နှစ်စဉ်ရှိနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်ဒေသ တွင် သီတင်းကျွတ်ကာလ၌ ဆိုင်ကယ်စီး သွားလာနေသည့် လမ်းမပေါ်သို့ မီးရှူး၊ မီးပန်း ပစ်ဖောက်မှုများရှိပြီး အရေးယူမှု အားနည်းနေသည့်အပေါ် မြို့ခံများ အကြား ဝေဖန်ပြောဆိုမှုများ ရှိသည်။

တစ်ခါတစ်ရံ အစိုးရ၏ ညစာ စားပွဲများ၊ အာစရိယပူဇော်ပွဲ ညစာ စားပွဲများ၊ ဘုရားပွဲများတွင်လည်း မီးရှူး မီးပန်းများ ပစ်ဖောက်လေ့ရှိသည်။

Dawei Watch