ရပ်ကျေးအဆင့်တည်ကော်အဖွဲ့များမှာ လက်မှတ်ထိုးပေးသည့် အဆင့်သာရှိဟုဆို

0
473

ရပ်ကွက်၊ ကျေးရွာအဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီများမှာ လက်မှတ်ထိုးပေးသည့် အဆင့် လောက်သာရှိနေပြီး မည်သည့် လုပ်ပိုင်ခွင့် မျှမရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးဗိုလ်ထွေးက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးတွင် တိုင်းအတွင်းဖွဲ့စည်းထား သော တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီများ (တည်/ကော်) အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ပေးရန် အစဉ်ရှိ/ မရှိ မေးခွန်းမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းအတွင်း ဖွဲ့စည်းထားသည့် အောက်ခြေ အဆင့်ဆင့် (မြို့နယ်နှင့် ရပ်/ကျေး) တည်/ကော်များ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များသည် လုပ်ငန်းများ စနစ်တကျ ပြီးစီးမှုရှိမရှိ စစ်ဆေးရန်နှင့် လုပ်ငန်းခွင်အခက်အခဲများကို ကူညီပေး ရန် စသည့် ယေဘုယျဆန်ဆန် သတ်မှတ်ထားခြင်းမျှသာရှိကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

တာဝန်မကျေသည့် လုပ်ငန်ရှင်များကို အရေးယူနိုင်သည့် လုပ်ပိုင်ခွင့်များမရှိကြောင်းကို သက်ဆိုင်ရာဌာနမှ ရပ်/ကျေး တည်ကော်များအား ညွှန်ကြားထားသည့် ညွန်ကြားစာများအရ လေ့လာသိရှိရ ကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

“ရပ်ကျေးအဆင့် တည်ကော်တွေက လက်မှတ်ထိုးပေးဖို့ အဆင့်လောက်ပဲ ဖြစ်နေပါတယ်။ သူတို့(အောက်ခြေ တည်/ကော်) တွေ ဘာမှလုပ်လို့မရပါဘူး။ ဆိုလိုတာက သူတို့ရဲ့ လုပ်ပိုင်ခွင့်က ဘာလဲဆိုတာပါ။ အောက်ခြေ တည် / ကော်တွေရဲ့ လုပ်ပိုင်ခွင့်ကို တိတိကျကျ သတ်မှတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ၎င်းက ပြောသည်။

အောက်ခြေတည်ကော်များမှာ သက်ဆိုင်ရာ ရပ်/ကျေးများတွင် လုပ်ဆောင်မည့် တည်ဆောက်ရေးလုပ်ငန်းများ အပေါ် ကျေနပ်မှု မရှိပါက လက်မှတ် ထိုးပေးရန် မလိုကြောင်း အကြမ်းအားဖြင့် မှတ်နိုင်သော်လည်း မျက်စိအမြင်ဖြင့် လုပ်ငန်းများ ပြီးစီးမှု မှန်ကန်နေခြင်း၊  အထက်၊ အောက်ဆက်ဆံရေးအခြေအနေ စသည်တို့ကြောင့် ထိရောက်သော စစ်ဆေးမှုများ မပြုလုပ်နိုင်ကြောင်း ၎င်းက ပြောသည်။

အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက တည်ဆောင်ရေးလုပ်ငန်းများ၏ တာဝန်ပျက်ကွက်မှုများကို ကန့်ကွက် ပါကလည်း ယင်းလုပ်ငန်းရှင်များက “ရစ်သည်၊ ညစ်သည်”ဟုဆိုသည့် တုံ့ပြန် မှုများကို ကြုံနေရသဖြင့် အောက်ခြေ တည်/ကော်များ၏ လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ရန်လိုအပ်နေကြောင်း ၎င်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရကမှု တိုင်းအစိုးရနှင့် စာချုပ်ချုပ်ကာလုပ်ဆောင် သည့် တည်ဆောက်ရေးလုပ်ငန်းများတွင်  ရပ်ကျေး တည်/ကော်များအနေဖြင့် သက်ဆိုင်ရာ တည်ဆောင်ရေးလုပ်ငန်းများအပေါ် စစ်ဆေးပြီး ကျေနပ်မှုမရှိပါက မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်ကို တိုင်ကြားနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

“စံချိန်၊ စံညွှန်းမမီတဲ့ဟာတွေလုပ် နေမယ်ဆိုရင် တိုင်းတည်ကော်ကို တိုင်ကြားနိုင်ပြီးတော့ တိုင်းတည်ကော်ကနေ ပြီးမှတစ်ဆင့် (သက်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူများကို) အရေးယူဆောင်ရွက် သွားပါမယ်”ဟု ဦးအောင်သူရက ဆိုသည်။

ရပ်ကျေးအဆင့် တည်ကော်များအထိ အရေးယူနိုင်သည့် လုပ်ပိုင်ခွင့်များ ပေးလိုက်ပါက သက်ဆိုင်ရာ တည်ဆောက် ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမည် ကိုစိုးရိမ်သဖြင့် ရပ်ကျေးအဆင့် တည်/ ကော်များကို လုပ်ပိုင်ခွင့်များ မပေးထား ခြင်းဖြစ်ကြောင်း တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။

Dawei Watch