ဝေမျှခြင်း ပီတိ

0
752

ပိုနေသူဆီကနေ လိုနေသူဆီသို့ ပေးကမ်းမျှဝေမှုသည် မြန်မာ့လူ့ဝန်းကျင်အတွက် အဆန်းတကြယ်ကိစ္စတော့ မဟုတ်ပါ။

တချို့က မွေးကင်းစကတည်းကပင် မျှဝေခြင်းကို စတင်ခံစားကြရသည်။

မိမိရပ်ရွာ ပတ်ဝန်းကျင် တစ်အိမ်အိမ်တွင် ကလေးမွေးပြီဟု အသံကြား လျှင် မိမိအိမ်တွင် မသုံးတော့သော်လည်း သေချာသိမ်းထားသည့် ကလေးနှီးပိုင်း လေးများ၊ ကလေးအင်္ကျီလေးများကို အပြေးကလေး သွားရောက်ပေးကမ်း မျှဝေတတ်ကြသည်က ဓလေ့တစ်ခု ဖြစ်နေပါပြီ။

“အိမ်နီးချင်း ချို့တဲ့သူတွေ ကလေး မွေးရင်လည်း ကိုယ့်မှာပိုနေတဲ့ ကလေး အနှီးတွေ အသုံးအဆောင်တွေ အကုန်လုံး ကို မျှဝေပေးဖြစ်တယ်။ တကယ်မရှိတဲ့ လူကိုမျှဝေပေးလိုက်ရတာကိုပဲ ၀မ်းသာသလို တကယ်ဝတ်နေတာကိုမြင်ရရင် လည်း ကြည်နူးတာပေါ့”ဟု မြိတ် မြို့သစ်ရပ်နေ မစန္ဒာက ပြောသည်။

မိမိ၏ သားသမီးများ အသက်ကြီး လာသဖြင့် ၀တ်၍မရတော့သော အ၀တ်အထည်များကို ၀တ်၍ရသော ကလေးများကို ပြန်လည် မျှဝေပေးကမ်းကြခြင်းကလည်း မိရိုးဖလာ မျှဝေမှုတစ်ခုပင်။

ယခုခေတ်ကဲ့သို့ ပစ္စည်းကိရိယာ ဖောသီပေါလှိုင်ကာ နီးစပ်ရာဆိုင်တွင် အလွယ်တကူ ၀ယ်ယူ၍ရသော၊ မှာယူ၍ ရသောခေတ် မတိုင်ခင်က စာမေးပွဲ အောင်စာရင်းထွက်ပြီးသည်နှင့် ကိုယ့်ထက် တစ်တန်းကြီးသူတွေဆီပြေးပြီး ကျောင်းသင်ရိုးပြဋ္ဌာန်းစာအုပ်တောင်းဖူး ကြမှာပါ။

ကိုယ်သွားတောင်းလျှင် အတောင်း ခံရသူက (တစ်ခြားသူ တစ်ဦးဦးအား ပေးပါမည် ကတိမပြုထားပါက) ပေးလိုက် သည်ချည်းသာ။

ထိုအတောင်းခံရသူကလည်း မိမိ ထက်တစ်တန်းကြီးသူထံ ချဉ်းကပ်ကာ မိမိလိုသော စာအုပ်များ တောင်းပါလိမ့်မည်။

ယင်းသည် ငယ်ဘ၀ကတည်းက လိုသူမှ ပိုသူသို့ မျှဝေခြင်းအစီအစဉ်ကို မိရိုးဖလာနည်းအတိုင်း ကျင့်သုံးခဲ့ကြ ခြင်းပင် ဖြစ်ပါသည်။

တချို့က မိမိထက် ချို့တဲ့သူများကို မိမိတွင်ရှိသည်ထဲမှ သင့်တော်သည့် ပစ္စည်း၊ အ၀တ်အထည်၊ စားသောက် စရာများ မျှဝေရသည်ကို ကျေနပ်နေတတ် ကြပါသည်။

“ကိုယ်တွေလည်း ရှိလို့တော့ မဟုတ်ပါဘူး။ ကိုယ့်ထက် အဆင်မပြေတဲ့ သူတွေ ဆင်းရဲတဲ့သူတွေကိုတွေ့ရင် ပေးတာပဲ။ ငွေကြေးဆိုလည်း လှူတာပဲ။ တတ်နိုင် သမျှပေါ့နော်”သရက်ချောင်း မြို့နယ် ညောင်ဇင်ကျေးရွာမှ အသက် ၈၃ နှစ် အရွယ် ဒေါ်ချမ်းရီက ပြောသည်။

မီးဘေး၊ ရေဘေး စသည့် သဘာဝဘေး ကျရောက်သူများကို ၀ိုင်းဝန်းထောက်ပံ့ ကြ၊ ဝေမျှတတ်ကြသည်ကတော့ ဆိုဖွယ် ရာမရှိသည့် မြန်မာတို့ ခေတ်အဆက် ဆက် လုပ်ဆောင်လာခဲ့သည့် မျှဝေခြင်း သဒ္ဓါတရား။

အစုအဖွဲ့ဖြင့် လုပ်ဆောင်မှု အားကောင်းလာသည့် ဤဘက်ခေတ်တွင် ပိုသူထံမှ လိုသူထံသို့ လုပ်အားဒါနပြု ပို့ဆောင် ဝေမျှပေးသည့် ကြားခံအစုအဖွဲ့များလည်း ပေါ်ပေါက်လာသည်။

လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း “မျှဝေ ခြင်း” အစီအစဉ်ဖြင့် ပိုနေသူများထံမှ ကျောင်းသုံးစာအုပ်နှင့် ကိရိယာများ၊ ကျောင်းဝတ်စုံများကို အလှူခံစုဆောင်း ကာ လိုအပ်နေသည့် ကျောင်းသူကျောင်း သားများထံ ပြန်လည်မျှဝေနေခဲ့သည်မှာ ၅ နှစ်ခန့် ရှိလေပြီ။

ထိုသို့ အင်အားကြီး အစုအဖွဲ့မျိုး မဟုတ်သော်လည်း အဖွဲ့ငယ်လေးများဖြင့် တစ်နိုင်တစ်ပိုင် မျှဝေခြင်းဝန်ဆောင်မှု ပေးနေသည့် အဖွဲ့လေးများ တနင်္သာရီ တိုင်းအတွင်း ပေါ်ပေါက်လာနေပြီ ဖြစ် ပါသည်။

ထားဝယ်မြို့မှ ဇမ္ဗူသီရိအဖွဲ့ဆိုလျှင် အိမ်များတွင် မသောက်သုံးတော့သည့် သုံးစွဲသက်တမ်းကျန်ရှိသေးသော ဆေးဝါး များကို အလှူလက်ခံကာ ဆေးဝါးလိုအပ်နေသည့် ဆေးရုံများသို့ ပြန်လည်မျှဝေ ပေးသည့် အစီအစဉ်ကို စတင်နေပါသည်။

ထိုသို့လိုသူမှ ပိုသူသို့ မျှဝေခြင်းအစီအစဉ်က လူငယ်ထုကြားသို့ စိမ့်ဝင်လာပြီ ဖြစ်ပါသည်။

ထားဝယ် တက္ကသိုလ်တွင်ဆိုလျှင် စာမေးပွဲဖြေပြီးတိုင်း ကျောင်းသားကျောင်းသူများက ၎င်းတို့သုံးစွဲခဲ့သည့် ဘောပင်၊ ခဲတံ၊ မင်ဖျက်ပင်မှအစ စာရေးကိရိယာအစုံကို လိုသူများထံ ပြန်လည်မျှဝေနိုင်ရန် ပုံးတစ်ခုထဲ စုထည့် ကြသည့် အစီအစဉ်ကို ယခုနှစ်တွင် စတင်လာပြီ ဖြစ်သည်။

မတ်လ ပထမနှစ်ဝက် စာမေးပွဲ ဖြေပြီးစဉ်က စတင်ခဲ့သည့် ထိုအစီအစဉ်က ရခဲ့သော စာရေးကိရိယာများကို ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် မိဘမဲ့ကျောင်း တို့တွင် သွားရောက်မျှဝေခဲ့ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရီမိုးက ပြောသည်။

“ဘောပင်၊ ခဲတံ တစ်ချောင်း၊ နှစ်ချောင်းကို တစ်ယောက်တည်းသွားလှူရင် အရာရောက်မှာ မဟုတ်ဘူးလေ။ အခုကျ တော့ တစ်ခုကနေပြီး အများကြီးစုပေါင်း လိုက်တဲ့အချိန်မှာ နှမ်းတစ်စေ့ကနေပြီး ဆီဖြစ်တယ်ဆိုသလိုပဲ သူတို့အတွက် အများကြီး အထောက်အပံ့မဖြစ်ရင် တောင်မှ တစ်ထောင့်တစ်နေရာကနေပြီး ကူညီပြီးသားဖြစ်သွားတယ်ပေါ့”ဟု မသီရီမိုးက ပြောသည်။

ယခု စက်တင်ဘာလ ၂၅ ရက်နေ့ စာမေးပွဲအပြီးတွင် ထားဝယ်တက္ကသိုလ် ကျောင်းသူကျောင်းသားတို့၏ “ပိုသူမှ လိုသူသို့”အစီအစဉ်ကို မတ်လကအတိုင်း ထပ်လုပ်ကြရာ မတ်လကထက် အဆများစွာ ပိုရခဲ့ပြီး ၎င်းစာရေးကိရိယာများ ကို မြို့နှင့် ဝေးလံခေါင်သီကာ ဖွံ့ဖြိုး မှုနည်းသည့်ဒေသမှ ကျောင်းသူကျောင်း သားများအား သွားရောက်မျှဝေရန် စီစဉ်နေကြောင်း မသီရိမိုးက ပြောသည်။

ထိုသို့ လိုသူမှ ပိုသူသို့ မျှဝေရသည့် ပီတိကို မသီရိမိုးတို့ ကျောင်းသားလူငယ်များ စားသုံးခံစားတတ်နေပြီ ဖြစ်ပါ သည်။

“သွားလှူလိုက်တဲ့ အချိန်မှာတော့ တော်တော်လေးကို ပီတိဖြစ်မိတယ်။ ကိုယ်လှူလိုက်တာက သိပ်မသုံးမ၀င်တော့ တဲ့ ပစ္စည်းဖြစ်ပေမယ့် လိုနေတဲ့သူတွေ အတွက်တော့ အရမ်းကိုလိုအပ်နေတဲ့ ပစ္စည်းဖြစ်နေတော့ ပီတိကတော့ တော် တော်လေးကို ဖြစ်မိပါတယ်” ဟု မသီရိမိုးက ပြောပါသည်။

တနင်္သာရီသတင်းအဖွဲ့