၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအများစု ခြေလှမ်းစ

0
748

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အချိန် ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တနင်္သာရီတိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအများစုမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများရွေးချယ် ခြင်း၊ ကိုယ်စားလှယ်လောင်းများ ရွေးချယ် ရန် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပါတီတွင်း ဆွေးနွေးခြင်း၊ တိုင်းအဆင့်မှ ရပ်/ကျေးအဆင့်အထိ ပါတီရုံးများဖွင့်လှစ် မိတ်ဆက်ခြင်း စသဖြင့် ၂၀၂၀ ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ပါတီအလိုက် လုပ်ဆောင်နေကြပြီ ဖြစ်သည်။

၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၅ ရွေး ကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူး သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတွင် တနင်္သာရီတိုင်းအတွင်း ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပြီးစီးနေပြီ ဖြစ်သည်။

“တနင်္သာရီတိုင်းမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီးနေပြီ။ ပါတီဌာနချုပ်ကိုလည်း တင်ပြထား ပြီးပြီ”ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ တနင်္သာရီတိုင်းကော်မတီ အတွင်းရေးမှူး ဦးရွှေထွန်းက ပြောသည်။

မွန်ပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ် ရေးပါတီကလည်း ရွေးကောက်ပွဲအောင် နိုင်ရေးကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ် သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသား ပါတီနှင့် မွန်နိုင်ငံရေး အင်အားစုများ စုပေါင်း ဖွဲ့စည်းထားသည့် ပါတီ ဖြစ်သည်။ 

“လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့လည်း ကျွန်တော်တို့ စည်းမျဉ်း၊ စည်းကမ်းတွေ ရေးဆွဲနေပြီ” ဟု ပါတီ၏ တွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ရေဖြူနှင့် ပုလောမြို့နယ် အပါအ၀င် မြို့နယ်အချို့တွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုင်စံတင်က ပြောသည်။

ယင်းပါတီများအပြင် ပါတီအသစ် တစ်ခုဖြစ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ သည်လည်း တနင်္သာရီတိုင်းအတွင်း တိုင်း အဆင့်မှ ရပ်/ကျေးအဆင့်အထိ ပါတီရုံး ခန်းများ ဆက်တိုက်ဖွင့်လာနေသည်။

“မြို့နယ်၊ ရပ်/ကျေးလေးတွေကို ရုံးဖွင့်၊ စည်းရုံးရေးလုပ် အဲဒါပဲ လုပ်နေ ရပါသေးတယ်” ဟု ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ၏ တနင်္သာရီတိုင်း တာဝန်ခံ ဦးဝင်းဦးက ပြောသည်။

ယခင်အစိုးရလက်ထက် အာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း တနင်္သာရီတိုင်းတွင် ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စား လှယ်လောင်းများကို ပဏာမအနေဖြင့် ရွေးချယ်ထားပြီး ဖြစ်သည်။ 

“တစ်နေရာမှာ သုံးယောက်လျာထား တယ်ပေါ့နော်။ အတည်မဖြစ်သေးဘူး။ တိုင်းရွေးချယ်ရေးကော်မတီက လျာထားတာပဲ ရှိသေးတယ်။ ဗဟိုနဲ့ ညှိရဦးမယ်” ဟု ယင်းပါတီ၏ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်က ပြောသည်။

လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကမူ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထူးတလည် ကြိုတင်ပြင်ဆင်မှု မရှိသေးဟု ဆိုသည်။

ပါတီဗဟိုမှ ညွှန်ကြားချက် တစ်စုံ တစ်ရာ မရောက်လာသေးကြောင်း ယင်း ပါတီ၏ တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က ပြောသည်။

“ပါတီအနေနဲ့ လှုပ်ရှားမှုတွေက လုပ်ရိုးလုပ်စဉ်အနေနဲ့တော့ လုပ်နေတာပေါ့။ နိုင်ငံရေးပါတီကတော့ ရွေးကောက်ပွဲ နဲ့လည်း ကင်းလို့မှ မရတာကိုး။ တစ်ခုခု ပြင်ဆင်နေတာမျိုးကတော့ လောလော ဆယ်အထိတော့ မရှိသေးဘူး” ဟု ဦးမြင့်မောင်က ပြောသည်။

ထားဝယ်အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ထားဝယ်တိုင်းရင်းသားများ ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းကမူ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ လတ်တလောတွင် ထုတ်ဖော်ပြော ဆို၍ မရသေးဟု ဆိုသည်။

ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ပါတီများအနက် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင် စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှာ မြို့နယ် ဆယ်ခုစလုံးတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုကြသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီများ ကြိုတင်ပြင်ဆင်နေကြသည့် တစ်ဖက်တွင် ရွေးကောက်ပွဲကော်မရှင်ကလည်း မဲဆန္ဒရှင် စာရင်းများကို ပြုစုနေပြီ ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် စာရင်းပြုစုမှု လေးဆယ်ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက် ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၁ ခု နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် နေရာ အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီ တိုင်းအတွင်း ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်မဲဆန္ဒနယ်အပါအ၀င် မဲဆန္ဒနယ် ၄၃ နေရာရှိခဲ့သည်။

Dawei Watch