မြိတ်လျှပ်စစ်တင်ဒါအတွက် ကုမ္ပဏီ ၆ ခုလျှောက်ထား

0
1122

မြိတ်မြို့နယ်အတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ကုမ္ပဏီ ၆ ခုက တင်ဒါလျှောက်ထားခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ ထံမှ သိရသည်။

မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် တင်ဒါလျှောက်လွှာများ အား သြဂုတ်လ ၉ ရက်က စတင် ရောင်းချခဲ့ပြီး စက်တင်ဘာလ ၉ ရက် တွင် တင်ဒါအဆိုပြုလွှာ ပိတ်ခဲ့သည်။

ကုမ်္ပဏီ ၆ ခုတွင် လက်ရှိ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေသည့် မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီ၊ မြိတ်အခြေစိုက် ကုမ္ပဏီ တစ်ခုနှင့် ဖိုးသီးချိုကုမ္ပဏီတို့ပါဝင်ပြီး ကျန် ကုမ္ပဏီများမှာ အခြားဒေသများမှ ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။

တင်ဒါဖွင့်ဖောက်မည့်ရက်အတွက် တင်ဒါကော်မတီ အစည်းအဝေးပြုလုပ် ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးက ပြောပြသည်။

လက်ရှိ မြိတ်တွင် လျှပ်စစ်ကို မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိပြီး  ပြီးခဲ့သည့် ဇူလိုင်လ နှင့် သြဂုတ်လတို့တွင် တစ်ယူနစ်လျှင် ကျပ် ၄၂၀ နှုန်းဖြင့် ကောက်ခံနေခဲ့သည်။

မြင့်မိုရ်(မြိတ်)