မျှော်လင့်ချက် ရောင်းဝယ်ရေး

0
173

၅ အစ ၅ အဆုံး သွားရှာထိုးပေးစမ်း တဲ့။ နှစ်ကျပ်တန် အောင်ဘာလေထီခေတ် တစ်လျှောက်လုံး အဖိုးက ဒါပဲထိုးတယ်။ အတိတ်တွေကတော့ ပြောင်းရင်ပြောင်း သွားမှာပေါ့။ ကြာသပတေးသားကံ သိန်းဆုပန်၊ အိပ်မက်ကောင်းလို့ ထီထိုး တစ်သိန်းဆုနဲ့တိုး၊ အလှူကြီးပေးရန် စသဖြင့် စာရွက်အပိုင်းအစတစ်ခုခုမှာ ရေးပေးလိုက်တတ်တယ်။

သူလိုချင်တဲ့ ၅အစ ၅အဆုံးပါတဲ့ ထီလက်မှတ်ရအောင် တစ်ဆိုင်ဝင်တစ် ဆိုင်ထွက် ခြေတိုအောင် လိုက်ရှာထိုးမှ ကိုယ်လိုနေတဲ့ မုန့်ဖိုးရမှာလေ။ ကံကြမ်္မာ မျက်နှာသာပေးတဲ့အခါမျိုးမှာတော့ အိမ်က စထွက်ပြီဆိုကတည်းက ဦးတည် သွားတဲ့ ရောင်းအားလည်းကောင်း၊ ပေါက်အားလည်းကောင်းတဲ့ ဈေးကြီး တောင်ဘက်လမ်းက “အေး”ထီဆိုင်မှာပဲ ၅အစ ၅အဆုံး ထီလက်မှတ်ကိုရတတ် တယ်။ မရလို့ကတော့ ထီဆိုင်ကြီးကြီး သေးသေး လမ်းဆုံကြီးတစ်ဝိုက်၊ ဈေးကြီး ပတ်လည်၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည် လမ်းအမှတ် (၁) ကျောင်းနားက သိန်း ပဒေသာဆိုင်တို့၊ ဥတံ္တတားကြီးနားကအစ မွှေနှောက်လိုက်ရှာရတော့တာပဲ။

ကျွန်တော်ငယ်ငယ်က ပုံတွေဘာ တွေ ကူးရေးချင်စိတ်ဖြစ်လာလို့ နီးနီး နားနား ငှားထားတဲ့ ကာတွန်းစာအုပ်၊ ရုပ်ပြစာအုပ်တို့မရှိရင် အဖိုးအိပ်ရာသွား လှန်၊ မပေါက်လို့ ထိုးထည့်ထားတဲ့ ထီ လက်မှတ်အဟောင်းတွေယူပြီး   လအလိုက်၊ ရာသီအလိုက် သရုပ်ဖော်ထားတဲ့ နောက် ခံပန်းချီပုံလေးတွေ ကူးရေးဖူးတာ သတိရ တယ်။ ငယ်ဘ၀တစ်လျှောက်လုံး ကျွန်တော်တို့ ပိုက်ဆံလုပ်ပြီးဆော့၊ လေယာဉ်ချိုးပြီး လွှတ်ခဲ့ဖူးတဲ့ အဖိုးရဲ့ထီလက်မှတ် အဟောင်းတွေဟာ တစ်ခါတစ်လေ ဓနိ သကြားကိုကျိုပြီး ဂါဂျိုးသကြားလုံး လုပ် ကျွေးတဲ့အမေ့အတွက်တော့ ချိုချဉ်ထုပ် စရာ ဖြစ်ရပြန်တာပေါ့။ ဘယ်ဗေဒင်ဆရာ က တလွဲတွက်ချက် မြှောက်ပေးခဲ့မှန်းမသိ၊ အဲဒီလောက် စွဲစွဲမြဲမြဲဖက်တွယ်ထိုးခဲ့တဲ့ ၅ အစ ၅ အဆုံး အားကိုးသူ အဖိုးခမျာ ဘ၀တပါးပဲပြောင်းသွားတယ်။ တစ်ခါဆို တစ်ခါလေးမှ ပေါက်ပြီကွလို့ အော်မသွား ရရှာဘူး။

   ။။     ။။        ။။

အာဝါဟ၊ ၀ိဝါဟ မင်္ဂလာမှ လက်ခံ မယ်၊ ခိုးပြေးလို့ လင်နောက်လိုက်လို့က တော့ သေခန်းပြတ်ဆိုပြီး အကြိမ်းခံထား ရတဲ့ ချို့ချို့ငဲ့ငဲ့ ရည်းစားစုံတွဲတွေလည်း နှစ်ဖက်မိဘသဘောကျအောင် စုထား ဆောင်းထားတာရော၊ ချေးထားငှားထား တာတွေပါပေါင်းပြီး မင်္ဂလာပွဲလေး  ကျင်းပပါတယ်ဆိုကာမှ လာလိုက်တဲ့ မင်္ဂလာလက်ဖွဲ့ ထီလက်မှတ်တွေ။ ပေါက်ရင် တစ်ယောက်တစ်ဝက်လို့ အတိတ် ရေးထားတာမျိုးတောင်ပါလိုက်သေး တော့ ရီရအခက်ငိုရအခက်ဖြစ်ကြရတော့ တယ်။

သူငယ်ချင်းတွေစုပြီး အောင်ဘာလေ ထီကံစမ်းကြတော့ မိဘလုပ်ကျွေးရန်၊ ကားဝယ်ရန်၊ အလှူလုပ်ရန်နဲ့ အတိတ် တွေတစ်ယောက်တစ်မျိုးပေးပြီး ထိုးနေ တဲ့ကြား ရည်းစားဆိုလို့ မူးရင်တောင် ရှူစရာမရှိသေးဘဲ မိန်းမယူရန်ဆိုပြီး အတည်ပေါက်နဲ့ ရည်မှန်းချက်အကြီးကြီး ထားတဲ့သူက အခုထိ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေတာမျိုးလည်း တွေ့ဖူးရဲ့။ လေယာဉ်ရုံးဟောင်းရှေ့မှာ စပယ်ဦးတေး သံသွင်းဆိုင်ဖွင့်ခဲ့ဖူးတဲ့ ဦးစိုးသိန်းကြီး ကတော့ ထီထိုးတိုင်း အတိတ်နေရာမှာ သူ့မှတ်ပုံတင်နံပါတ်ပဲ အမြဲရေးတတ် သတဲ့လေ။

ကျွန်တ်ာတို့ငယ်ငယ်က ရှူမ၀တို့ သောကြာစာစောင်တို့လို နာမည်ကြီး မဂ်္ဂဇင်းစာစောင်တွေမှာ လစဉ်ထည့်တဲ့ ကန်ကော်လေးထီဆိုင်၊ အောင်ဆုပန်ထီ ဆိုင်တွေရဲ့ ကြော်ငြာတွေလည်း ပြန် သတိရနေသေးတယ်။ “မိန်းမရေ၊ အပြတ် တော့ မငြင်းလိုက်နဲ့ဦး၊ သူ့အိတ်ထဲမှာ အောင်ဆုပန်က ထိုးလာတဲ့ ထီလက်မှတ် တွေ တွေ့တယ်ကွ”လို့ ထိမိတဲ့စာသား၊ ကာတွန်းဦးဟိန်စွန်းရဲ့ လက်ရာမြောက် တဲ့ရုပ်ပြောင်နဲ့ အောင်ဆုပန်ထီဆိုင်ကြော် ငြာဆို အခုထိစွဲနေမိတုန်းပဲ။

အဲဒီတုန်းက ထီဆိုင်ကြီးတွေကနေ တစ်ဆင့်ယူပြီး လက်ပွေ့ရောင်းတဲ့သူ၊ စက်ဘီးနဲ့ လှည့်ရောင်းတဲ့ထီသည်တွေ အနည်းအကျဉ်းလောက်ပဲ ရှိခဲ့ပေမယ့် စစ်အစိုးရလက်ထက်မှာ အသွင်ပြောင်း သွားတဲ့ အောင်ဘာလေထီကို မင်္ဂလာစုံ တွဲ၊ ၂ စောင်တွဲ၊ ၅ စောင်တွဲ၊ ၁၀စောင်တွဲ အစရှိသဖြင့် ပုံစံအမျိုးမျိုး၊ အက်္ခရာကွဲဂဏန်းတူတွဲရောင်းတာမျိုး၊ နံပါတ်အစဉ် လိုက် တွဲထားတာမျိုးကနေ အင်တာနက် ထီဆိုတဲ့အထိ အကွက်မြင်၊ လာဘ်မြင်တဲ့ စီးပွားရေးသမားတွေက နယ်ပယ်ချဲ့ထွင် လုပ်ကိုင်လာကြတော့တယ်။

ထီသည်တွေဆိုတာ လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်တွေထဲအထိ ရောက်လာ၊ လက်တွန်းလှည်းထီသည်၊ တစ်လမ်းဝင်တစ်လမ်းထွက် တစ်ရွာဝင် တစ်ရွာထွက် လှည့်ရောင်းတဲ့ ထီကားတွေ လည်း ဖောချင်းသောချင်း ဖြစ်လာတော့ တာပဲ။

ထီလှည်းတွေ ထီကားတွေနဲ့ ပတ် သက်ပြီး တစ်ခုသတိထားမိတာရှိသေး တယ်။ ခရစ်သက်္ကရာဇ် နှစ်ဆန်းဇန်န၀ါရီ၊ ဖေဖော်ဝါရီလောက်ကတည်းက သင်္ကြန် သီချင်းတွေကို ဦးဦးဖျားဖျားဖွင့်ပြီး မြန်မာနှစ်သစ်ကြိုတတ်ကြတာကိုပဲ။

စီးပွားရေး မချောင်လည် ငွေရေး ကြေးရေး ကျပ်တည်းကြသူတွေကလည်း မျှော်လင့်ချက်ကောက်ရိုးလေးတစ်မျှင်လို အောင်ဘာလေကို ဖက်တွယ်ကြ၊ ချောင်လည်ပိုလျှံသူတွေကလည်း ကံစမ်း ပြီး လှံထမ်းချင်ကြသလို၊ လောင်းကစား တစ်ခုလို လုပ်ချင်သူတွေကလည်း ဒုနဲ့ ဒေးမို့ သိန်း၅၀၀ပေါက်လျှင် အပိုဆုကြေး နောက်ထပ် သိန်း၅၀၀၊ အရောင်းကိုယ်စား လှယ်အတွက် ရွှေစလွယ်နဲ့ ငွေသား ဘယ်ရွေ့ဘယ်မျှ၊ ကားတွေ၊ ဆိုင်ကယ် တွေ၊ လက်ဆောင်ကံစမ်းမဲတွေနဲ့ တစ် ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင်ကြော်ငြာပြီး အောင်ဘာလေစီးပွားရေးတစ်ခေတ်ဆန်း ခဲ့ပါသေးတယ်။

အောင်ဘာလေထီသမိုင်း ပြန်လှန် ကြည့်တော့ ၁၈၇၇ ခုနှစ် သီပေါမင်းလက် ထက်မှာ ၁ ကနေ ၆၀ အထိ ရေးထားတဲ့ ပေသီးတွေကို အိုးတစ်လုံးမှာထည့်၊ နောက်အိုးတစ်လုံးမှာ ဗလာပေသီး၅၉ လုံးနဲ့ ရွှေပေသီးတစ်လုံးကို ထည့်ပြီး ကလေးနှစ်ယောက်ကို နှိုက်ခိုင်း။ ရွှေပေ သီးနဲ့တွဲထွက်တာက အောင်ဘာလေ ပေါက်ဂဏန်းပေါ့။ အဲဒီစနစ်ကို မကြိုက် ကြတော့ ပေါက်ဂဏန်းတစ်ခု သတ်မှတ်၊ ထီလက်မှတ် ၁၂၀၀၀ ရိုက်ပြီး တစ်စောင် ကို ၂ ကျပ်နဲ့ ရောင်းရငွေ ၆၀၀၀၀ထဲက ၁၀၀၀၀ကို အခွန်နှုတ်၊ ငါးသောင်းကို ဆုမဲအဖြစ် ထုတ်ပေးခဲ့ပြီး ၁၈၈၀ ခုနှစ် ရောက်တော့ ထီရုံတွေကို ပြန်ဖျက်သိမ်း ခဲ့သတဲ့။

၁၉၃၈ ကိုလိုနီခေတ်မှာ ၄ လ တစ် ကြိမ်ဖွင့်တဲ့ ၂ ကျပ်တန် ထီစနစ်ပြန်စပြီး သိန်းဆုအပြင် အခြားဆုမဲတွေပါ ဖွင့်ခဲ့ တယ်။ လွတ်လပ်ရေးရပြီး ပြည်ထောင်စု အစိုးရလက်ထက်မှာ ၂ လတစ်ကြိမ် ဖွင့် ခဲ့တာ ၁၉၅၉ ဒီဇင်ဘာမှာ အကြိမ် ၉၀ ပြည့်ခဲ့တယ်လို့ သိရတယ်။

“သိန်းဆုရအောင် အထက်ဆရာကြီး “မ”ပါ၊ မောင်ဘိုးမြိုင်၊ ဆင်ကူးတရုတ်စု”ဆိုတဲ့ အတိတ်တွေလိပ်စာတွေ၊ “စိန်ဝယ် ဖို့၊ မပန်းစိန်” ဆိုတာတွေနဲ့ စခဲ့တဲ့ အောင်ဘာလေထီဟာ ၁၉၈၈ ဒီဇင်ဘာ မတိုင်မီအထိ တစ်စောင်၂ ကျပ်၊ အမြင့် ဆုံးဆု တစ်သိန်းကနေ၊ ၁၉၈၈ ဒီဇင်ဘာ မှာ တစ်စောင် ၅ ကျပ်၊ အမြင့်ဆုံးဆု  ၃  သိန်း၊ ၁၉၉၁ ဧပြီမှာ တစ်စောင် ၁၀ ကျပ်၊ ဆုက ၁၀ သိန်း၊ ၁၉၉၈ ဒီဇင်ဘာရောက် တော့ တစ်စောင် ၅၀၊ အမြင့်ဆုံးဆု သိန်း ၃၀၀၊ ၂၀၀၅ နိုဝင်ဘာတစ်စောင် ၁၀၀၊ ဆုက သိန်း ၅၀၀၊ ၂၀၀၉ ဇန်န၀ါရီမှာ တစ်စောင်၂၀၀၊ ဆုက သိန်း၁၀၀၀နဲ့ ၂၀၁၂ ဇန်န၀ါရီမှာ အမြင့်ဆုံးဆုကို သိန်း ၁၅၀၀ အထိ တိုးပေးခဲ့ပြီး၊ ၂၀၁၇ ဧပြီလ မှာ ကျပ် ၅၀၀ တန် ထီလက်မှတ်ကို ဆု ကြေးသိန်းတစ်သောင်း အမြင့်ဆုံး သတ် မှတ်စရောင်းခဲ့ရာက၊ ၂၀၁၉ မတ်လမှာ တော့ ကျပ်တစ်ထောင်တန် ထီလက်မှတ် နဲ့ အမြင့်ဆုံး ဆုကြေး သိန်း ၁၅၀၀၀ အထိ တိုးပေးခဲ့ပါတယ်။

ခုနေများ အဖိုးသာရှိသေးရင် အတိတ်နေရာမှာ နာမည်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်သာ ပေးရတော့တာကို သိပ် အာသာပြေမယ် မထင်ပေမယ့် မြေးတွေ ကို ရဟန်းခံ၊ မြစ်တွေ၊ တီ၊ တွတ်၊ ကျွတ် တွေကို ရှင်ပြုနားသပေးမဟဲ့လို့ ရည်မှန်း ပြီး “ဟေ့၊ ဘယ်သူရှိလဲ၊ လာဦး၊ ငါ့ကို ၅ အစ ၅ အဆုံး ထီသွားရှာထိုးပေးစမ်း” လို့ ခိုင်းနေလိမ့်ဦးမှာပါပဲ။    ။

အေဒီသစ်