လူမှုတရားမျှတမှု ရှာပုံတော်

0
643

ယခင်အပတ်မှ အဆက်

ထားဝယ်ရှိ ထိုင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ

ထိုင်းစီးပွားရေးလုပ်ငန်းတွေဟာ တကယ်တော့ ထားဝယ်နဲ့ မစိမ်းပါဘူး။ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလကတည်းက ထားဝယ်ဒေသဟာ ထိုင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေနဲ့ နီးနီးကပ်ကပ် ရှိခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းတွေမှာ ထိုင်းတွေက ၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းကနေ ပါဝင်ပတ်သက်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အဦးဆုံးဖြစ်တဲ့ ရတနာ၊ ဒုတိယဖြစ်တဲ့ ရဲတံခွန်နဲ့ တတိယဖြစ်တဲ့ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေဟာ ထားဝယ်ခရိုင်တစ်ခု တည်းမှာတည်ရှိပြီး ထိုင်းနိုင်ငံရဲ့စွမ်းအင် လိုအပ်ချက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလကတည်းကနေ ယနေ့အထိ အထောက်အပံ့ပြုနေတဲ့ စီမံကိန်းကြီးတွေ ဖြစ်တယ်ဆိုတာ စာဖတ်သူတွေ သိပြီး သား ဖြစ်ပါလိမ့်မယ်။ ခေတ်အဆက်ဆက် စီမံအုပ်ချုပ်မှု ညံ့ဖျင်းခဲ့လို့ သယံဇာတကို ဖင်ခုထိုင်ပြီး ကျိန်စာသင့်နေရတဲ့ မြန်မာ ပြည်မှာ အဆိုးဆုံးကတော့ တနင်္သာရီတိုင်း ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်တယ်။

ထားဝယ်က ထိုင်းစီမံကိန်းလို့ပြော ရင် ဦးရဲအောင်တို့ ခမောင်းသွယ်သားတွေ ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ရတဲ့ အခြားစီမံ ကိန်းနှစ်ခု ရှိသေးတယ်။ ဟိန္ဒား ခဲမဖြူ-အဖြိုက်နက်သတ္တုတွင်းစီမံကိန်းနဲ့      ဘန်းချောင်းကျောက်မီးသွေးမိုင်းတွင်း။ ၁၉၉၉ခုနှစ်မှာ ထိုင်းအခြေစိုက် မြန်မာ ပွန်ပီပက်ကုမ်္ပဏီက အပြည့်အ၀လုပ်ကိုင် ခွင့်ရရှိခဲ့တဲ့ ဟိန္ဒားသတ္တုတွင်းက ဒေသ နေပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင် အတွက်ပါ ပြဿနာတွေ အကြီးအကျယ် ဖြစ်စေခဲ့တယ်။ ၁၉၉၀ ခုနှစ်ကာလတွေက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ် စွန့်ခွာထွက်ပြေးကြရတော့ ဦးရဲအောင်တို့ ခမောင်းသွယ်သားတွေ တောင်သုံးလုံးနဲ့ ဟိန္ဒားကျေးရွာတွေမှာ ခိုလှုံခဲ့ကြတယ်။ ဟိန္ဒားဟာ ဦးရဲအောင်တို့အတွက် ကျွေး မြေ ဖြစ်ခဲ့ရဖူးတယ်။ မြောင်းပြိုရွာဟာ ခမောင်းသွယ်ဒေသက ကထောင်းနီ၊ ကလစ်ကြီးစတဲ့ ကျေးရွာတွေက ကရင် တိုင်းရင်းသားတွေအတွက် ခိုလှုံရာဖြစ်ခဲ့ တယ်။ ကျေးဇူးရှိတဲ့မြေ ဖြစ်ခဲ့တယ်။

ဟိန္ဒားသတ္တုတွင်းကို ထိုင်းနိုင်ငံပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီလုပ်ကိုင်ခွင့်ရ  ပြီးတဲ့နောက်ပိုင်း ဦးရဲအောင်တို့ရဲ့ ကျွေး မြေဖြစ်တဲ့ မြောင်းပြိုဟာ ဥပဒေလိုက်နာ မှုအားနည်းတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီ ကြောင့် ထိခိုက်ပျက်စီးမှုတွေအများအပြား ဖြစ်ခဲ့ရတယ်။ သတ်္တုတွင်းနဲ့ကုမ်္ပဏီ             အကြား တရားစွဲဆိုမှုတွေ ဖြစ်ကြရတယ်။ နောက်ဆုံး မိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တွေကြောင့် သက်ဆိုင်ရာကျေးရွာက ဒေသနေပြည်သူလူထုအများနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ အတွက် တာဝန်ယူဖြေရှင်းပေးဖို့အတွက် ထိုင်းအစိုးရကို ထိုင်းအမျိုးသားလူ့အခွင့် အရေးကော်မရှင်ကနေတဆင့် ဦးရဲအောင် တို့ တိုင်ကြားခဲ့ကြတဲ့အထိ ဖြစ်ခဲ့တယ်။

နိုင်ငံရေး ဆုံးဖြတ်ချက်များနှင့် လူထု လှုပ်ရှားမှုများ

တကယ်တော့ ဟိန္ဒားသတ္တုတွင်း ပြဿနာဟာ ထားဝယ်ဒေသမှာ နိုင်ငံ ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ကြောင့် ဒေသနေပြည်သူနဲ့ သဘာ၀၀န်း ကျင်ထိခိုက်မှုတွေအတွက် လူမှုတရား မျှတမှု ရရှိရေး ဒေသနေပြည်သူတွေ နိုင်ငံပြင်ပကို ထွက်ပြီးလှုပ်ရှားမှုတွေ ပြုလုပ်ခြင်းရဲ့ အစပျိုးခရီးလည်း ဖြစ်ပါ တယ်။

နောက်ပိုင်း ဘန်းချောင်းကျောက်မီး သွေးတွင်းကို တူးဖော်လုပ်ကိုင်ခွင့်ရရှိ တဲ့ ထိုင်းပိုင် East Star ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကြောင့် ဒေသနေ ပြည်သူလူထုနဲ့ သဘာ၀၀န်းကျင်ထိခိုက်မှု တွေကိုလည်း ထိုင်းနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်ကို တင်ပြတောင်း ဆိုခဲ့ကြတယ်။ ကမိုသွေးချောင်းနဲ့ ဘန်း ချောင်းတို့ မေတ္တာမြို့မှာ ပေါင်းဆုံပြီး တနင်္သာရီမြစ်မကြီး ဖြစ်လာတာကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဟိန္ဒား သတ္တုတွင်းစီမံကိန်းက စွန့်ပစ်လိုက်တဲ့ ရေဆိုးနဲ့စွန့်ပစ်မြေစာတွေ၊ ဘန်းချောင်း ကျောက်မီးသွေးတွင်းက ထွက်လာတဲ့ စွန့်ပစ်ရေဆိုးတွေဟာ တနင်္သာရီမြစ်မ ကြီးထဲကို ရောက်ပါတယ်။ အဆိုးဆုံးက တော့ ဘန်းချောင်းကျောက်မီးသွေးတွင်း က ငြိမ်းမရနိုင်အောင် လောင်နေတဲ့ ကျောက်မီးသွေးမီးလောင်မှုပါ။ ဆိုးရွာလှ တဲ့အနံ့တွေကို ဒေသနေပြည်သူတွေ နေ့စဉ် စက္ကန့်မလပ်ရှူရှိုက်နေရခြင်းပါ။ ဒီစီမံကိန်းကြောင့် ဒေသနေပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်နေ တယ်လို့ ထိုင်းနိုင်ငံတက္ကသိုလ်က ပညာရှင်တွေ ဓာတ်ခွဲစမ်းသပ်အတည်ပြုပေး ထားပြီးလည်း ဖြစ်ပါတယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အထက်ပါ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ကို ၂၀၁၄ ခုနှစ် နောက်ပိုင်းကာလတွေမှာ ထားဝယ်ကို စေလွှတ်ခဲ့တယ်။ ထိုင်း     အမျိုးသား လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးကိုယ်တိုင်လည်း ဒီစုံစမ်းစစ်ဆေး ရေးခရီးစဉ်တွေမှာလိုက်ပါပြီး ဒေသနေ ပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ စုံစမ်းစစ်ဆေးမှုအစီရင်ခံ စာတွေကို ထိုင်းနိုင်ငံရဲ့သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပေးပို့ခဲ့ပြီး ထိုင်းရဲ့ နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တွေကို စနစ်တကျကြပ်မတ်နိုင်ဖို့ တွန်း အားပေးခဲ့တယ်။

ဒီဖြစ်ရပ်တွေကြောင့် ထိုင်းအစိုးရ အဖွဲ့ဟာ ၂၀၁၆ ခုနှစ်ထဲမှာ မြန်မာနိုင်ငံ (ထားဝယ်ဒေသ)အပါအ၀င် သူ့ရဲ့ နိုင်ငံ ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို “စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံညွှန်း”တွေကို လိုက်နာဖို့ အမိန့်ထုတ် ပြန်ခဲ့တယ်။ သို့သော်လည်း ဒါဟာ ထိုင်း နိုင်ငံမှာ ဥပဒေတစ်ရပ်အဖြစ် ရောက်ရှိ မလာသေးတာကြောင့် စီးပွားရေးလုပ်ငန်း တွေဟာ(သူတို့)စီးပွားရေးလုပ်ကိုင်ရာ နိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေကိုသာ လိုက်နာရန်ဆိုတာက ရှိနေပြန်တယ်။

ဦးရဲအောင်တို့အတွက် ကံကောင်းမှု တစ်ခုကတော့ ပြည်တွင်းမှာ ၂၀၁၅ ခုနှစ် အတွင်း ပြဋ္ဌာန်းလိုက်တဲ့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းပဲ ဖြစ်တယ်။ ၂၀၁၂ ခုနှစ်တုန်း က ပြဋ္ဌာန်းခဲ့တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေနဲ့ အပေါ်က ပတ်ဝန်းကျင်    ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကြောင့် သတ်္တုတွင်းစီမံကိန်း တွေဟာ အရင်လို ထင်တိုင်းကြဲမရ ဖြစ် လာခဲ့တယ်။

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း တက်လာတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟာ ဦးရဲအောင်တို့လို ဒေသနေပြည်သူ လူထုအစု အဖွဲ့တွေ၊ သယံဇာတ စီမံအုပ် ချုပ်မှု ပိုမိုကောင်းမွန်လာရေးနဲ့ ရင်းနှီး မြှုပ်နှံမှုစီမံကိန်းတွေ တာဝန်ယူမှု တာဝန် ခံမှု ကောင်းမွန်လာဖို့အရေး လှုပ်ရှား ဆောင်ရွက်ကြတဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်လာခဲ့တယ်။ တိုင်းအစိုးရဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းပြီး စီမံကိန်းရှိတဲ့နေရာက ဒေသနေ ပြည်သူတွေ သတ်္တုတွင်းတွေကို တိုက် ရိုက်ဝင်ရောက်စစ်ဆေးနိုင်တဲ့ နည်းလမ်း တွေကို လက်တွေ့အကောင်အထည်ဖော်ခဲ့ တယ်။ ရလာဒ်အနေနဲ့ ဟိန်္ဒားလို လူမှုဒုက္ခ နဲ့ သဘာ၀၀န်းကျင်ထိခိုက်မှုတွေ အကြီး အကျယ်ဖြစ်စေခဲ့ပြီး ပြည်တွင်းမှာ ချမှတ် ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့လုပ်ထုံး လုပ်နည်းတွေကို လိုက်နာမှုအားနည်းတဲ့ ထိုင်းနိုင်ငံပိုင် မြန်မာပွန်ပီပက်ကုမ်္ပဏီရဲ့ သတ္တုတူးဖော်မှုလုပ်ငန်းတွေကို အစိုးရက ရပ်ဆိုင်းပစ်လိုက်တယ်။ သို့သော်လည်း ဒါဟာ ဦးရဲအောင်တို့ရှာဖွေနေတဲ့ လူမှု တရားမျှတမှုကို တွေ့ရှိနိုင်မယ့် ရှာပုံ  တော်ခရီးရဲ့အစသာ ဖြစ်သေးတယ်။

ဦးရဲအောင်အပါအ၀င်ခမောင်းသွယ် သားတစ်စုဟာ ၂၀၁၈ ခုနှစ်တုန်းက ဘန်ကောက်မြို့ကို ရောက်ရှိနေခဲ့ကြသေး တယ်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပပြီး ရင်းနှီး မြှုပ်နှံမှုနဲ့သက်ဆိုင်တဲ့ ထိုင်းနိုင်ငံဝန်ကြီး ဌာန အတော်များများပါ တက်ရောက်တဲ့ အစည်းအဝေးကို ဖိတ်ကြားခံရလို့ပဲ ဖြစ် တယ်။

လူမှုတရားမျှတမှုကို လိုလားတဲ့ ထိုင်းနိုင်ငံသားသုတေသီတွေ၊ လူ့အခွင့်  အရေးနဲ့ သဘာ၀၀န်းကျင်ဆိုင်ရာ လှုပ် ရှားသူတွေဟာ ဦးရဲအောင်တို့ရဲ့ မိတ်ဆွေ တွေ ဖြစ်တယ်ဆိုတာကို အရင်အပတ်က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီထိုင်းမိတ်ဆွေ အစုအဖွဲ့ဟာ လာအို၊ ကမေ်္ဘာဒီးယားနဲ့ မြန်မာအပါအ၀င် ပြည်ပထွက်ပြီး ရင်းနှီး မြှုပ်နှံမှုပြုလုပ်နေတဲ့ ထိုင်နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းတွေရဲ့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ခံ ရမှုတွေ၊ ဥပဒေချိုးဖောက်မှုတွေကို အဲဒီ အစည်းအဝေးမှာ ဆွေးနွေးတင်ပြခဲ့ကြ တယ်။ ဟိန်္ဒားသတ်္တုတွင်း၊ ဘန်းချောင်း ကျောက်မီးသွေးတွင်းနဲ့ ထားဝယ်အထူး စီးပွားရေးဇုန်ကို အကောင်အထည်ဖော် မယ်လို့ ကြွေးကြော်ခဲ့တဲ့ အီတာလျံ ထိုင်း ရဲ့လုပ်ငန်းတွေလည်း အပါအ၀င်ဖြစ်ပါ တယ်။

တကယ်တော့ အထက်ပါအစည်း အဝေးဟာ “ထိုင်းနိုင်ငံစီးပွားရေးနှင့်လူ့ အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစဉ်”ကို ပါဝင်သင့် ပါဝင်ထိုက်သူ တွေနဲ့ ချပြရှင်းလင်းဆွေးနွေးတဲ့ပွဲ ဖြစ် တယ်။ အဲဒီအစီအစဉ် အတည်ဖြစ်သွား ပြီးရင် ထိုင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ဟာ ကုလသမဂ်္ဂက ချမှတ်ထားတဲ့ စီးပွား ရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန် ချက်တွေကိုလည်း တပါတည်း လိုက်နာရ ဖို့ ရှိလာပါမယ်။

ဒီတစ်ခေါက် ခမောင်းသွယ်သားတို့ ရဲ့ခရီးစဉ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့ အစိုးရ ဌာနက တရားမျှတရေးဆိုင်ရာဝန်ကြီး ဌာန ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနရဲ့         “အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ကာကွယ်ရေးဌာန” အကြီးအကဲတွေနဲ့ တွေ့ဆုံမှုကို ဦးရဲအောင် ကျေနပ်မိတယ်။ တကယ်တမ်းတော့ ဒီဝန်ကြီးဌာနဟာ   “ထိုင်းနိုင်ငံစီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစဉ်”ကို ထိုင်းအစိုးရအဖွဲ့က သက်ဆိုင်ရာဝန် ကြီးဌာနတွေ အကောင်အထည်ဖော်ဆောင် ရွက်လာကြဖို့အတွက် ကြိမ်တို့ဖို့ တာဝန် လည်း ရှိပါတယ်။ “ဒီကနေ့ဆွေးနွေးမှုကို ကျွန်မတို့ဝန်ကြီးကို တိုက်ရိုက်တင်ပြပါ မယ်၊ အီတလျံ ထိုင်းကုမ်္ပဏီ တာဝန်ရှိသူ တွေကိုလည်း ခေါ်ယူဆွေးနွေးပါမယ်”လို့ ဌာနအတွင်းရေးမှူးရဲ့ ကတိစကား အတည်ဖြစ်လာဖို့ ခမောင်းသွယ်သားတို့ ဘုရားသခင်ထံမှာ ကြိတ်ဆုတောင်းမိ တယ်။

သူမက ၀န်ကြီးဌာနအနေနဲ့ “ထိုင်း နိုင်ငံစီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစဉ်”ကို အပြီးသတ် ဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ် နေကြောင်း၊ ဒီနှစ်အကုန်မှာ ဒီအစီအစဉ် ကို အတည်ပြုနိုင်ဖို့ အစိုးရအနေနဲ့ မျှော် မှန်းထားကြောင်းနဲ့ ဒီအစီအစဉ်သာ အ တည်ပြုနိုင်ခဲ့ရင် ထိုင်းနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ စီးပွားရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစဉ်ရှိတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ မယ်လို့လည်း သူမက ဂုဏ်ယူဝင့်ကြွား ဟန်နဲ့ဆိုသေးတယ်။

ခရီးသွားရတဲ့ ရက်တွေကြာလာ တော့ ဦးရဲအောင်တို့လူစု ပင်ပန်းနေကြပြီ။ ကြားထဲ ထားဝယ်က သယ်လာတဲ့ ကွမ်းထုပ်တွေ ကုန်သွားလို့ ပါးစပ်ချဉ်တဲ့ ဒဏ်ကို အလူးအလဲ ခံကြရသေးတယ်။ ဘန်ကောက်မှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ ထားဝယ်သူမလေးတစ်ယောက်ရဲ့ စောင် မမှုကြောင့်သာ ကွမ်းဒုက္ခ ပြေလည်ရ တယ်။ မဟုတ်လို့က မလွယ်ရေးချ မလွယ်။

ဒီခရီးစဉ်ဟာ ခမောင်းသွယ်သားတို့ အတွက် စိတ်ဝင်စားမှုတွေအပြည့်။ အဲဒီအထဲက စိတ်ဝင်စားမှု အထွဋ်အထိပ် ရောက်စေခဲ့တာကတော့ မာတာဖွတ်   စက်မှုဇုန်ခရီးပါပဲ။ ထိုင်းနိုင်ငံ ရရွမ်ကနေ ထားဝယ် အထူးစီးပွားရေးဇုန်ကို ရွှေ့ လာမယ်ဆိုတဲ့ စက်ရုံအလုပ်ရုံတွေဆိုတာ ဘယ်လိုမျိုးတွေပါလဲ။ အဲဒီစက်မှုလုပ်ငန်း တွေက ထားဝယ်ဒေသအပါအ၀င်      တနင်္သာရီတိုင်းသူ တိုင်းသားတွေအတွက် ဖွံ့ဖြိုးရေးကို ဆောင်ကြည်းလာမယ့် စီမံ ကိန်းတွေဖြစ်လာမှာလား၊ ခမောင်းသွယ် သားတွေ ရှာဖွေနေတဲ့ လူမှုတရားမျှတမှု ကို အာမခံပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဖြစ်လာမှာလား။

ဆက်လက်ဖော်ပြပါမည် –

အောင်လွင် (ကံပေါက်သား)