အောက်စက်

0
203

အောက်စက်..။

တီဗွီ၏ အောက်နားတွင် ထားရ၍ ဖြစ်လိမ့်မည်။ သူ့ကို အောက်စက်ဟု ခေါ်ကြသည်။

လွန်ခဲ့ပြီးသည့် ငါးနှစ်ခန့်အထိ လူများစု၏ အိမ်ဦးခန်းတွင် နေရာအပေး ခံရဆုံး၊ အရေးပေးခံရဆုံး သက်မဲ့ ပစ္စည်းကို ပြပါဆိုလျှင် တီဗွီနှင့် VCD/DVD အောက်စက်ကို ပြရပါမည်။

ထိုအခါက တီဗွီရော အောက်စက် ပါ မျက်နှာပန်း ပွင့်လှသည်။

ရုပ်ရှင်/ဗွီဒီယိုဇာတ်ကားများကို ရုံတွင်သာ သွားကြည့်ခဲ့ကြရရာမှ၊ တီဗွီမှ လာသော ဇာတ်ကားကို ကြော်ငြာတွေ ကြား မျက်တောင်မခတ်စတမ်း ကြည့်ခဲ့ ကြရရာမှ၊ VCD အောက်စက်များ ပေါ်ပေါက်လာသောအခါ ငွေကြေးတတ် နိုင်သူတစ်ချို့က ၀ယ်ယူကာ ကိုယ့်အိမ် တွင် ကိုယ့်စိတ်ကြိုက်ရုပ်ရှင်၊ ဗွီဒီယို ဇာတ်ကားများ ကြည့်လာနိုင်ကြသည် မဟုတ်ပါလား။

တန်ကြေးကလည်းရှိ၊ ပျက်လျှင် ဆိုင်တွင် ပြင်နေချိန်အတွင်း မကြည့်ရ မည်ကိုလည်း စိုးသဖြင့် အားလုံးက သေသေချာချာ ထားကြပါသည်။

“TV ရော အောက်စက်ပါ သီးသန့် မှန် ဗီရိုလေးနဲ့ကို တရိုတသေထားပြီး ကြည့်ရတာ”ဟု မြိတ်၊ မြို့သစ်ရပ်နေ အသက် ၄၁ နှစ်ရှိ မမိုးသူက ပြောသည်။

မီးမရှိသည့် ရွာများတွင် တီဗွီ၊ အောက်စက်သာမက မီးစက်ပါ တွဲဝယ် ကြသည်။ မ၀ယ်နိုင်သေးသူတို့က ၀ယ် ထားသူ၏ အိမ်တွင် စုကြည့်ကြသည်။

ထိုသို့ စုကြည့်လျှင် လက်ဆော့ သည်ကို မကြိုက်ချင်ကြ။

လောင်းလုံးမြို့နယ် ဂေါ့အင်း ကျေးရွာ နေ ဒေါ်မြစိန်ကလည်း အိမ်မှမြေးများ တစ်ခြားဆွေမျိုးသွားကြည့်လျှင် အောက် စက်ရီမုတ်ကို ကိုင်ဆော့တတ်သဖြင့် အိမ်ရှင်မကြိုက်မည်စိုးသဖြင့် လိုက် ထိန်းခဲ့ရဖူးသည်ဟု ဆိုသည်။

“ကလေးတွေ လောက်ပဲ လွှတ် လိုက်လို့ အဆင်မပြေဘူးလေ။ သူများ တွေ ထိတာ၊ ကိုင်တာလည်း သိပ်မကြိုက် ဘူး။ ပျက်သွားမှာ ကြောက်တာကို။ သူသူငါငါပဲလေ အဲဒါကတော့”ဟု ဒေါ်မြစိန်က ပြောသည်။

နောက်ပိုင်း ဈေးနှုန်းအတော်ပင် သင့်တင့်သည့် တီဗွီ/အောက်စက်များ ပေါ်လာသောအခါ လျှပ်စစ်မီး ရရှိသည့် မြို့ရွာများတွင် တစ်အိမ် တစ်စုံနီးပါး ဖြစ်လာပါတော့သည်။

VCD/DVD တို့ စမ်းထလိုက်ပုံက အခွေငှားဆိုင်များတွင် ညဦးပိုင်းဆို ကျိတ်ကျိတ်တိုး။

တစ်ရွာ/တစ်ရပ်ကွက်တွင် အခွေ ငှားဆိုင် တစ်ဆိုင်အနည်းဆုံး ရှိလာ သည်အထိ။ အခုကား အလွန်ပင် ရေပန်း စားခဲ့သည့် ထိုအောက်စက်တို့ ချောင် သိပ်ခံထားရလေပြီ။

သူ့နေရာတွင် အစားဝင်နေရာယူ လိုက်သည်က စလောင်းစက်လေးများ ဖြစ်သည်။

စလောင်းစပေါ်သည့် လွန်ခဲ့သည့် ၆ နှစ်လောက်အချိန်မှစပြီး တရွာလုံး အောက်စက်မသုံးကြတော့ဟု တနင်္သာရီ မြို့နယ် လယ်သစ်ကျေးရွာနေ မခင်မာရီ က ပြောသည်။

“အိမ်တိုင်းမှာ စလောင်းနဲ့ကြည့် တယ်။ ည ၆ နာရီက ၁၀ အထိပဲ။ လျှပ်စစ်မီးက ရတယ်။ နေ့ဘက်တော့ မီးက မရှိဘူး”ဟု ၎င်းက ပြောသည်။

အောက်စက်များ ချောင်ထိုးခံရ သည့်အခါ မှိုလိုပေါက်နေသည့် အခွေ ဆိုင်တွေလည်း ပျောက်ကုန်ပါပြီ။ တစ်ချို့မြို့ရွာတို့တွင် လုံးဝ မရှိတော့ပေ။

မြိတ်မြို့မှ မမိုးသူ၏ အိမ်တွင် လွန်ခဲ့သည့် ၇ နှစ်ခန့်ကစပြီး ထိုင်း ကလာသည့် စလောင်းဖြင့် ရုပ်ရှင်များကို ကြည့်နေပြီဖြစ်သည်။ အောက်စက်ကို သိပ်ပြီး မသုံးဖြစ်တော့။

“စလောင်းမှာက ကြိုက်တဲ့ကားရှာ ကြည့်လို့ရတယ်။ အောက်စက်လိုလည်း အခွေပြဿနာ ကရိကထ မရှိတော့ဘူး လေ”ဟု ၎င်းက ပြောသည်။

အခုချိန်တွင် အခွေ ဌားဆိုင်က မြိတ်မြို့တွင် လုံးဝ မမြင်တွေ့ရတော့။

အခွေရောင်းသည့် ဆိုင်များသည် လည်း အများစုမှာ ရပ်နားကုန်ကြပြီး ဆိုင်ကြီးတချို့သာ ကျန်တော့သည်။

၁၀ နှစ်အောက် ကလေးအချို့ကို မေးကြည့်ရာ အောက်စက် VCD/DVD ဆိုသည်ကို မသိသူက များသည်။

လူငယ်များမှာ မြန်မာ၊ နိုင်ငံခြား ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းများကို လက် ၀ယ်အဆင့်သင့်ရှိနေသည့် ဖုန်းဖြင့် ကြည့်လာကြသည်။ ကြည့်လိုသည့် ဇာတ်ကားများကို အင်တာနက်တွင် ရှာဖွေကာ Downnload ဆွဲကြသည်။ အချို့ကမူ  သူငယ်ချင်းအချင်းချင်း ကူယူ မျှဝေကြသည်။ အချို့လူငယ်များက မူ အခွေအချို့ကိုလည်း ကွန်ပျူတာ ဖြင့် ကြည့်လာကြသည်။

တစ်ချို့အိမ်များတွင် အောက်စက် များ ရှိသေးသော်လည်း တော်ရုံမသုံးကြ တော့။

 “အောက်စက်တော့ ရှိသေးတယ်။ ပျက်လား၊ မပျက်လားတောင် မသိဘူး။ ဒီအတိုင်းပဲ ထားထားတဲ့နေရာမှာပဲ။ စလောင်းတပ်ပြီးကတည်းက ဒီအတိုင်း ပဲ။ ဇာတ်ကားလည်း စလောင်းကပဲ ကြည့်တယ်”ဟု သရက်ချောင်းမြို့မ ရပ်ကွက်မှ ဒေါ်ရှုဝင်းက ပြောသည်။

တစ်ချို့က ရဟန်းခံ၊ ရှင်ပြု၊ မင်္ဂလာဆောင် စသည့်မှတ်တမ်းခွေများ ကြည့်ချိန်သာ အောက်စက်ကို သတိရ ကြတော့သည်။

“ပျက်နေတယ်ဆိုရင်တော့ မ၀ယ် တော့ဘူး။ အိမ်မှာကိုပဲ ပိုနေသလိုဖြစ် နေတာ”ဟု ဒေါ်ရှုဝင်းက ဆိုသည်။