စီမံမှုအတွက် မေးခွန်းများ

0
725

ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တင်ဒါအောင်ထား သည့် ကုမ္ပဏီ လုပ်ငန်းမစမီ ကြားကာလတွင် မည်သို့ စီစဉ်ထားသနည်းဟူသည့် မေးခွန်းကို GGS ကုမ္ပဏီက ဆက်မလုပ်ပါက အစားထိုးမည့် အစီအစဉ် အဆင်သင့်ရှိသည်ဟု လျှပ်စစ်ဝန်ကြီးက ပြောဆိုထားသည်။

ဝမ်းသာစရာပင်။

သို့သော် လက်ရှိ လျှပ်စစ်တင်ဒါအောင်ပြီးသည့် ကုမ္ပဏီအား ကြေညာပြီး ချိန်တွင် ကြားကာလ အစီအမံနှင့်ပတ်သက်ပြီး အသေးစိတ် ထပ်မေးရာ

(၁) GGS ကုမ္ပဏီကို ဆက်လုပ်ရန် မေတ္တာရပ်ခံမည်။

(၂) အကယ်၍ ဆက်မလုပ်ပါက လျှပ်စစ်ထုတ်မည့် ဂက်စ်အင်ဂျင်သို့ သွယ်တန်းသည့် ပိုက်လိုင်း၊ မြေနေရာတို့ကို ငှားရမ်းပေးရန် မေတ္တာရပ်ခံမည်။

(၃) အဆိုပါ မေတ္တာရပ်ခံမှု နှစ်ခုစလုံး အဆင်မပြေပါက လုပ်ဆောင်မည့် အစီအစဉ်ကို ထုတ်ပြော၍ မရသေးဟု ဆိုသည်။

ထုတ်ပြော၍ မရသေးဟူသည့် အစီအစဉ်သည် နောက်ထပ်တစ်ဦးဦး၊ အစုအဖွဲ့တစ်ခုခုအား မေတ္တာရပ်ခံမည့် အစီအစဉ် မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်း နေမိသည်။

စီမံခန့်ခွဲသည့် အဆင့်တွင် ရောက်နေသူများ၊ ဦးစီးဦးရွက်ပြုနေသူများအနေဖြင့် ကွက်ကျော်မြင်တတ်ရန် အင်မတန် အရေးကြီးပေသည်။

ကွက်ကျော်မမြင်သည့်အခါ ဖြစ်ပြီးမှ အဆင်ပြေသလို နောက်က လိုက်ရှင်း ရသည့် အဖြစ်မျိုးဖြင့် လုံးချာလည်နေတတ်သည်။

ဥပမာ ထပ်ပေးရလျှင်

မိုးရာသီ ကုန်ခါနီး ရေကြီးပြီး၊ မြေပြိုပြီးချိန်တွင် မြေပြိုဘေးအန်္တရာယ် အတွင် ဇာတ်တိုက်လေ့ကျင့်မည်၊ သဘာဝဘေးဖြစ်က ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များ စုစည်းထုတ်ပြန်မည်ဟူသည့် အစီအစဉ် သတင်းများကို ဖတ်ရ သည်မှာ ရင်တနင့်နင့် ဖြစ်လှသည်။

တိုင်းရေးပြည်ရာ ကိစ္စများကို ကွက်ကြိုပြင်ပြီး စနစ်တကျ စီမံခန့်ခွဲသည်ကို မြင်လိုလှပါသည်။

အယ်ဒီတာ (စက်တင်ဘာ ၇ ၊ ၂၀၁၉)