ရေငန်ပိုင်လည်း ကယ်မတော်မူပါ၊ သုံးဆယ့်ရှစ်ပါးမြောက် နတ်မင်းလည်း ကယ်မတော်မူပါ

0
621

အဟုတ်ပါပဲ။ မောင်ရင်လေးတို့ ကမ်းနီးရေလုပ်သားတွေ ဘ၀က အဲသလို အော်မြည်ဆုတောင်းရတော့ မလိုပါပဲ။ ငါးဖမ်းရာသီက စနေပြီ။ တရားဝင် ကမ်းနီး ငါးဖမ်းခွင့်လက်မှတ်နဲ့ အထောက်အထား၊ စာရွက်စာတမ်းတွေ အပြည့်အစုံမရှိ။

အဲလို အခြေအနေနဲ့ပဲ ပင်လယ်ပြင် ထွက်ကြရလေတော့မယ်။

“ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ” ဆိုတာ ရှိသား မဟုတ်ဘူးလားလို့ သူများပြော လာရင်လည်း ခံကြရမယ့် မောင်ရင်လေး တို့ ကမ်းနီး ရေလုပ်သားတွေရဲ့ဘ၀က ဥပဒေဘောင်အတွင်း အလုပ်လုပ်စားဖို့ အရေးသော်မှ မလွယ်ကူလှ။ အဖြစ် တွေက ဆိုးလှပါတယ်။

မိရိုးဖလာ အစဉ်အဆက် ငါးဖမ်း လုပ်ငန်းသာ လုပ်လာကြတယ်။ ရာသီ ဥတု အနေအထားနဲ့ ရေပြင်အခြေအနေ အရ သုံးကြတဲ့ ငါးဖမ်းလှေတွေ စက်တွေ အနေအထားမယ် လက်တွေ့ဘ၀နဲ့ ဥပဒေက ပေးထားချက်တွေက မကိုက် ညီတဲ့အခါ တရားဝင် ကမ်းနီး ငါးဖမ်း ထွက်လိုကြတဲ့ ရေလုပ်သားတွေအတွက် အခက်အခဲ ကြုံကြရတယ်။

ခေတ်အပြောင်းမှာ မောင်ရင်လေး တို့တွေ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ချင်ကြ၊ တရားဝင် ဘယ် နတ်မင်းကိုမှ မကြောက်ရ၊ မလန့်ရ မပသရဘဲ အေးအေးချမ်းချမ်း လုပ်ကိုင် ချင်ကြပေမဲ့လို့ အေးအေးချမ်းချမ်း ဘယ်သူ့ကိုမှ မကြောက် မလန့်ရ မပသရပါဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် မရကြသေးပါဘူး။ တရားဝင် ခွင့်ပြုချက်ဆိုတာ နတ်္တိနဲ့ အလုပ်လုပ် နေကြရတုန်း ဖြစ်သလို အခန့်မသင့် အလှည့်မတော်ရင် ကံမကောင်းရင် ထောင်နှုတ်ခမ်းလည်း နင်းကြရ ပြန်တယ်။

တရားဝင် ခွင့်ပြုချက်မရရင် မထွက်ကြစတမ်း  ဆိုရင်လည်း မောင်ရင်လေးတို့ လက်လုပ်လက်စား ဘ၀တွေအဖို့ ထမင်းမစား ကြပါပဲ နေကြ ပါလားလို့ ပြောသလို ရှိမှာပါပဲ။ သည်တော့ ၀မ်းရေးအတွက် ပင်လယ်ပြင် ကို အရဲစွန့်ကာ ထွက်ကြရပြန်တယ်။

ဥပဒေဘောင်အတွင်း နေလိုကြ၊ တရားဝင် ငါးဖမ်းခွင့်ရဖို့ လိုင်စင်တွေ တင်ကြပေမဲ့ တရားဝင် ခွင့်ပြုနိုင်တဲ့ ပမာဏထက် အင်ဂျင်ပါဝါက ကြီးနေလို့၊ တရားဝင် ခွင့်ပြုနိုင်တဲ့ ငါးဖမ်းလှေရဲ့  လှေအလျား  ပေ ၃၀ ကျော်နေလို့ စသဖြင့် အကြောင်းပြ ချက်တွေနဲ့ အချိန် မီ လိုင်စင်တွေ ကျမလာကြပါဘူး။ မောင်ရင်လေးတို့လို လိုင်စင်မကျတဲ့ အရွယ်လွန် ကမ်းနီး ငါးဖမ်းလှေ စုစုပေါင်း ၂၂၆၀ တောင်မှ ရှိတယ်လို့ သိရတယ်။

မနှစ်ကပဲ မောင်ရင်လေးတို့ ဘ၀တူ ရေလုပ်သားတွေ အများကြီး အဲသလို ရေလုပ်ငန်းဥပဒေနဲ့ အရေးယူခံကြရ ထောင်အကျ ခံခဲ့ကြရတယ်။

တရားဝင်တဲ့ အထောက်အထား ဆိုလို့ ပဲ့နင်းလက်မှတ်လေးပဲ ရှိခဲ့ကြပေမဲ့ ၀မ်းစာရေးအတွက် ပင်လယ်ပြင်ကို မတတ်သာ ထွက်ရှာကြရပြန်တဲ့အခါမှာ အရင်ကတော့ ရေငန်ပိုင် ဦးရှင်ကြီးလို့ အမည်တပ်တဲ့ ပင်လယ်စောင့်နတ် မင်း တွေကို ပသရင် နားလည်မှုပေးတတ်ကြ တာမို့လည်း မောင်ရင်လေးတို့ ဘ၀ အခြေနိမ့် ကမ်းနီး ရေလုပ်သားတွေဟာ ကံနဲ့ ပိုင်ရာဆိုင်ရာ နတ်တွေကို အားကိုး ၊ အရဲကိုးပြီး ငါးဖမ်းထွက်ကြတာပေါ့လေ။ အဲ ခက်တာက အရင်ခေတ်ကလို ဦးရှင် ကြီး အမှုပြုတဲ့ ပင်လယ်စောင့်နတ် မင်းတွေက မောင်ရင်လေးတို့လို ရေလုပ် သား ကျောမွဲတွေကို နားလည်မှုပေးရဲ ကြပေမဲ့လို့ ခု အဲသလို နားလည်မှုပေးဖို့ မရဲကြတော့ဘူးတဲ့လေ။

သူ့ထက် ပိုကြောက်ရတဲ့ နတ်မင်း အသစ် ပေါ်လာလို့ ဆိုပါတယ်။ အဲသည် နတ်မင်းအသစ်က  ပင်လယ်ပြင်မှာ ဦးရှင်ကြီး နတ်အဖွဲ့တွေ ဥပဒေပ ၊ စက် သုံးဆီတွေ အကူအညီတောင်းတာ၊ နား ရိုက်ပါးရိုက် လုပ်တာ၊ ဒဏ်ပေးတာတွေကို လုပ်တဲ့ အကြောင်း ၊ ဘယ်ကမ်းဝေးလှေ တွေကို မဖမ်းဘဲ လွှတ်ထားတဲ့အကြောင်း စသဖြင့် လူမှုကွန်ရက်မှာ လွှင့်လို့ ဦးရှင် ကြီးနတ်မင်းတွေကလည်း ဥပဒေအပ အရင်လို မျက်စိမှိတ် ခွင့်မပြုပေးရဲကြ တော့ပါဘူး ဆိုတယ်။

အဲသမှာ ကမ်းဝေး ငါးဖမ်းလှေ အကြီးတွေ အများစုက မထိခိုက်ကြပါ ဘူး။ ကံမွဲသူ မောင်ရင်လေးတို့ မျက်နှာမွဲ အသေးစား ငါးဖမ်းသူ ကမ်းနီး ရေလုပ် သားတွေပဲ ခံကြရတာပါပဲ။ မနှစ်က အဖြစ်ပဲ ကြည့်လေ။ ဘ၀တူ ဆင်းရဲသား ရေလုပ်သားတွေ အပြုံလိုက်ကြီး အရင် ကလို ညှိမရ နှိုင်းမရနဲ့ ရေလုပ်ငန်း ဥပဒေအရ ထောင်ထဲ အားလုံး ရောက်ကြ၊ ထောင် အကျခံကြရ ပါလေရောလား။ ဒါတင်လား ဆိုတော့ မဟုတ်သေး၊။အဲသည် နှစ်တစ်နှစ်တည်း  လောင်းလုံးက ရေလုပ်သားတွေ သံတွဲမှာ အဖမ်းခံရ မြိတ်၊ ကျွန်းစုက ရေလုပ်သား ၁၀၀ကျော်၊ မြိတ်ထောင်မှာ ထောင်ကျခံကြရ၊ ကော့သောင်းက ရေလုပ်သားတွေ တရား အစွဲခံကြရ၊ အပြစ်အပေးခံကြရတာ မနည်းမနောပါပဲ။

ဦးရှင်ကြီးထက် အစွမ်းထက်တယ် လို့ ထင်မိတဲ့ နတ်မင်းခမျာလည်း ငါးလုပ်ငန်း ဥပဒေကို အတည်မပြုပေး နိုင်သေးလေသမျှ ဘောင်အတွင်းက မောင်ရင်လေးတို့ ကမ်းနီးရေလုပ်သားတွေ ကို တရားဝင် စောင်မ မကြည့်ရှုနိုင်ကြ သေးပါဘူး။

အဲသလိုနဲ့ စောင့်စားရင်း တစ်နှစ် ပတ်လည်လို့ ငါးဖမ်းရာသီ တဖန် ပြန် ရောက်လာတယ်။

မောင်ရင်လေးတို့ ကမ်းနီး ရေလုပ် သားတွေအတွက် တရားဝင် အလုပ်လုပ် ခွင့်ရစေမဲ့ ရေလုပ်ငန်းဥပဒေသစ် ဘယ် တော့ ထွက်မလဲလို့ မေးပေးတဲ့ ကျွန်းစု အမတ် ကိုဥက်္ကာမင်းခမျာလည်း လိုရင်း ကို မရောက်ခင် ပင်လယ်ပြင်ကို ရေငန်ပိုင် ဦးရှင်ကြီးက ပိုင်နေတယ် ဥပမာပေး ပြောမိလို့ သတိပေးခံရသေး သတဲ့။ ၂၀၂၀ တော့ ဥပဒေ ထွက်လာတန် ကောင်းရဲ့လို့တော့ ပြည်သူ့ ကိုယ်စား လှယ် ကိုဥက်္ကာမင်းက တနင်္သာရီဂျာနယ် တွေ့ဆုံမေးမြန်းခန်းမှာ ဖြေသွားလေရဲ့။ဖြစ်လာ မဖြစ်လာ ဆိုတာတော့ မောင်ရင်လေးတို့တွေ မယုံမရဲပါပဲ။

အဲသည် အသစ်ရေးဆွဲနေတဲ့ ရေလုပ်ငန်း ဥပဒေဟာ ဗဟိုဘဏ်မှာ စိစစ်ဖို့ တင်ပြထားတုန်းဖြစ်ပြီး သည်နေ့ အထိ အတည်မပြု နိုင်ပါဘဲ သောင်တင် နေဆဲပါပဲတဲ့။ ပြည်ထောင်စု ၀န်ကြီးက ဖြေတယ်။ ပြည်ထောင်စု အဆင့်က အဖြေ လတ်တလော မပေးနိုင်သေးတဲ့ သဘော။

အဲကြောင့် သည်ဥပဒေ မပြဋ္ဌာန်း နိုင်သေးခင် စပ်ကြားကာလ ခုအချိန်မှာ ဒေသန်္တရ အမိန့်နဲ့ တရားဝင် ခွင့်ပြုချက် ထုတ်ပြန် ပေးနိုင်ဖို့ ရှိ/မရှိ နဲ့ “ကမ်းနီး ငါးဖမ်းစက်လှေများအတွက် တရားဝင် လိုင်စင်ရရှိရေး တိုင်းအစိုးရမှ အစီအစဉ် ရှိ/မရှိ” ဆိုတာကို ဇွန်လ ၁၄ရက်နေ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မှာ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက    မေးမြန်းခဲ့တယ်။ ဒါပေမဲ့ ၀န်ကြီး ဦးမြင့်စန်းက အဖြေ မပေးနိုင်ဘဲ အချက်အလက်စုဆောင်းပြီး စာဖြင့် ထပ်မံ ဖြေဆိုပါမည်လို့သာ ဖြေဆိုခဲ့တယ်။

အဲသည် မေးခွန်း မေးပြီး နှစ်လ အကြာမှာ လက်ရှိ ငါးဖမ်းရာသီအမီ တိုင်းအစိုးရမှ ဖြစ်ဖြစ် နိုင်ငံတော်မှ ဖြစ်ဖြစ် အသိအမှတ်ပြု တရားဝင် ကမ်း နီးငါးဖမ်းဖို့ ခွင့်ပြုချက် တစ်ရပ်ကို တိုင်း ဒေသကြီး အစိုးရ အနေနဲ့ ထုတ်ပြန်ပေး နိုင်ပါ့မလားလို့ ၀န်ကြီးချုပ် ဦးမြင့်မောင် ကို သြဂုတ်လ ၃၀ရက်နေ့က တနင်္သာရီ ဂျာနယ်က မေးမြန်းတော့ ၀န်ကြီး ဦးမြင့်စန်းကိုသာ မေးမြန်းပါလို့ ဆိုပြန် သတဲ့။  ၀န်ကြီး ဦးမြင့်စန်းကို ဆက် သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့ရာတွင် လည်း ဖုန်းမဖြေခဲ့လို့ ဆိုပါတယ်။

၂၀၂၀ မှာ အဲသည် ဥပဒေ သစ် အတည်ဖြစ်လာမယ် ဆိုဦးတော့ တရား ၀င် ခွင့်ပြုချက် ရပါမှ  ငါးဖမ်းထွက် ကြရစတမ်း ဆိုပါလျှင် မောင်ရင်လေးတို့ တွေ သည်ကြားထဲ ဗိုက်မှောက်နေကြရ တော့မှာလား၊ တရားမ၀င် ထောင်နှုတ် ခမ်း နင်းပြီး အရင်လို ငါးဖမ်းနေကြရ မှာလား တွေးနေမိပြန်ပါရဲ့။

ဝမ်းရေး အခက်ကြောင့် အရင်နှစ် ကလည်း အဲသလို ဝေ့လည်ကြောင်ပတ် အခြေအနေတွေအကြား ပင်လယ်ထဲ ငါးဖမ်းထွက်လို့ ရေလုပ်သားတွေ အဖမ်း ခံကြရတယ်။ သည်အဖြစ်ကို  ကျွန်းစု တွေ့ဆုံပွဲမှာ မမကြီးထံ  အဲသည် ကျောမွဲ ကမ်းနီး ရေလုပ်သားလေးတွေအဖြစ်ကို ဘယ်လို ကယ်နိုင် ကူနိုင်မလဲလို့ မောင်ရင်လေးတို့ အားကိုးတကြီးမေးတဲ့ အခါ မမကြီးက ဥပဒေနဲ့အညီသာ ဖြစ်ရ ပါမယ်လို့ ဖြေသွားသလို အဲသည် ရေ လုပ်သားတွေလည်း ခု ဆိုရင် ထောင် အကျခံခဲ့ကြရပြီး ပြန်လွတ်လာကြပြန် ပါပြီ။

ခုအထိ အဖြေမရသေးပါဘူး။

မမကြီးသည်လည်း မရှိတော့ပြန် ပါဘူး။

ပင်လယ်ထဲ ငါးဖမ်းထွက်ကြပါမှ သာ ၀မ်းစာရေး ပြေလည်မယ့် မောင်ရင်လေးတို့ ကမ်းနီးရေလုပ်သားတွေ ဘ၀မှာတော့ ရေငန်ပိုင် ကယ်ရင်လည်း ကယ်မတော်မူ ပါ။ ရေငန်ပိုင် အထက်က သုံးဆယ့် ရှစ် ပါးမြောက် နတ်မင်းလည်း ကယ်မတော်မူ ကြပါလို့ ပသ ဆုတောင်းရင်း ပင်လယ် ပြင်ကို ထွက်ကြရလေတော့မဲ့ အခြေပါပဲ။

အရင်တစ်ပတ်ထုတ် တနင်္သာရီဂျာ နယ် မျက် နှာဖုံးမှာပါတဲ့ “ကမ်းနီးလှေများ တရား ၀င်ငါးဖမ်းခွင့် ဘယ်တော့လဲ” လို့ဆိုပြီး မေးတဲ့အမေးကို ၀န်ကြီးချုပ် လည်းမဖြေ၊ ၀န်ကြီးလည်းမဖြေ ၊ ဟိုး ပြည်ထောင်စုလွှတ်တော်မှာလည်း အဖြေ ကမရလို့ ဆိုတဲ့အခါ ဦးရှင်ကြီးလည်း ကယ်တော်မူကြပါ၊ သုံးဆယ့်ရှစ်ပါး မြောက် နတ်မင်းလည်း ကယ်တော်မူကြပါ ကုန်လို့သာ။

မောင်ရင်လေး