အဖြေမရေရာသေးသည့် ထားဝယ်ခရိုင် လျှပ်စစ်ပြဿနာ

0
1526

ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းနှင့်ပတ်သက်၍ တိုင်းအစိုးရ၏ စီမံခန့်ခွဲမှုမှာ အချိန်သုံးလ လစ်ဟာနေ သည်။

တိုင်းအစိုးရသည် GGS ကုမ္ပဏီ ကို စက်တင်ဘာလကုန်အထိသာ လုပ် ကိုင်ခွင့်ပြုထားပြီး တင်ဒါအောင်ထား သည့် Petro and Trans  ကုမ္ပဏီကို ၂၀၂၀ ဇန်န၀ါရီလတွင် စတင်လုပ်ကိုင် ရန် ခွင့်ပြုပေးထားသည်။

ယင်းကြောင့် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သုံးလတာ ကြားကာလတွင် တာဝန်ယူ မည့် ကုမ္ပဏီမရှိသေးပေ။

ကြားကာလတွင် GGS ကုမ္ပဏီ ဆက်မလုပ်ပါက အစားထိုးမည့်အစီ အစဉ် အဆင်သင့်ရှိသည်ဟု တိုင်းဒေသ ကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက သြဂုတ်လနှောင်းပိုင်း တွင် ပြောဆိုထားသည်။

GGS ဆက်မလုပ်တော့ပါက အစားထိုးမည့်အစီအစဉ် အသင့်ရှိသည် ဟု ပြောဆိုထားသော်လည်း ယင်းကြား ကာလတွင် GGS ကုမ္ပဏီအား ဆက် လုပ်ပေးရန် မေတ္တာရပ်ခံထားသည်ဟု ဦးအောင်သူရက စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောသည်။

သို့သော် လက်ရှိအချိန်အထိ GGS ကုမ္ပဏီက ဆက်လုပ်/မလုပ်မှာ မသေ ချာသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်း အစိုးရက ဖွဲ့စည်းထားသည့် ထားဝယ် ခရိုင်လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက် အကူပြု ဗဟိုကြီးကြပ်မှုကော်မတီနှင့် GGS ကုမ္ပဏီတို့ သြဂုတ်လ ၃၀ ရက် တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၆ ရက် တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော် GGS က တိကျသည့်အဖြေကို မပေးခဲ့ပေ။ 

“ဖြစ်နိုင်မယ်ဆို GGS က အခု လက်ရှိ ဒီသုံးလ ပြန်လုပ်ပေးဖို့ Request (မေတ္တာရပ်ခံ) လုပ်ထားတယ်။ မလုပ်ပေးနိုင်ရင်လည်း ဒီပိုက်လိုင်းကို ပြန်ငှားပေးဖို့ပေါ့နော်။ သူတို့ရဲ့ အကြောင်းပြန်မှုအပေါ် မူတည်ပြီးတော့ ဆက်သွားရမယ့် အနေအထား ရှိတယ်” ဟု ၀န်ကြီး ဦးအောင်သူရက ဆိုသည်။

တိုင်းအစိုးရ၏ မေတ္တာရပ်ခံချက်ကို GGS ကုမ္ပဏီက မလိုက်လျောဘဲ ဆက်မလုပ်တော့ပါက လျှပ်စစ်ထုတ် မည့် ဂက်စ်အင်ဂျင်သို့ သွယ်တန်းသည့် ပိုက်လိုင်း၊ မြေနေရာတို့ကို ငှားရမ်းပေး ရန် ထပ်မံ မေတ္တာရပ်ခံထားကြောင်း ဦးအောင်သူရက ဆိုသည်။

GGS ကုမ္ပဏီ၏ ပိုက်လိုင်း၊ မြေ နေရာတို့ကို ကြားကာလအတွင်း ငှား ရမ်းပြီး အခြားသူအား တာဝန်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

GGS ကုမ္ပဏီ၏ ပိုက်လိုင်း၊ မြေနေရာတို့ကို ငှားရမ်းခွင့်ရပါက လက်ရှိလည်ပတ်နေသည့် ဂက်စ်အင်ဂျင် ကိုပင် အသုံးပြုမည်ဖြစ်ပြီး လျှပ်စစ် ယူနစ်ဈေးနှုန်းမှာလည်း လက်ရှိနှုန်းထား အတိုင်းပင် ကောက်ခံဖြစ်မည်ဖြစ် ကြောင်း ၀န်ကြီးက ပြောသည်။

လက်ရှိ GGS  အသုံးပြုနေသည့် အင်ဂျင်စက်အား ဆက်ငှားခွင့်ရရန် ဂက်စ်အင်ဂျင် စက်ပိုင်ရှင်ဖြစ်သည့်  Aggreko ကုမ္ပဏီနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကယ်၍သာ GGS ကုမ္ပဏီက ပိုက်လိုင်းနှင့် မြေနေရာမငှားပါက ထပ်မံလုပ်ဆောင်မည့် အစီအစဉ်ရှိသော် လည်း ထုတ်ပြော၍မရသေးကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုပြန်သည်။

GGS ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူနိုင်ကမူ ကြားကာလ အတွင်း ဆက်လုပ်/မလုပ်နှင့် ဂက်စ် ပိုက်လိုင်း၊ မြေနေရာငှား/မငှားကိစ်္စကို GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေးထံ တင်ပြထားသည်ဟု ပြောသည်။

GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေး မှာ ၀န်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။

“ကျွန်တော်တို့လည်း အမြန်ဆုံး ဆောင်ရွက် နေတာပဲ။ အဘက်ဘက်က စဉ်းစားဆောင်ရွက်နေပါတယ်”ဟု ဦးမြတ်သူနိုင်က ဆိုသည်။

တိုင်းအစိုးရက ကြိုတင်စီမံတွက် ချက်မှုအားနည်းသည့်အတွက် လက်ရှိ တွင် အကျပ်အတည်းအခြေအနေမျိုး ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ထားဝယ် ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီဝင်တစ်ဦး ဖြစ်သည့် ဦးကျော်ကျော်ဦးက ဆိုသည်။

ကုမ္ပဏီအနေဖြင့်လည်း မီးသုံးစွဲသူ ပြည်သူအခက်အခဲ မဖြစ်စေရေးအတွက် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“ပြည်သူလူထုမျက်နှာကို ငဲ့ညှာပြီး တော့ အခက်အခဲဖြစ်မယ့်ဟာတွေကြည့် ပြီးရင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင် ဆောင်ရွက်သင့်တယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ကြားကာလတွင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးမည့်အစီအစဉ်နှင့်ပတ်သက်၍ GGS နှင့် ညှိနှိုင်းမှုအဆင်မပြေပါက တိုင်းအစိုးရတွင် ဒီဇယ်အင်ဂျင်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်သော်လည်း ဒီဇယ် ဈေးနှုန်း တွက်ချက်မှု အရ လျှပ်စစ် တစ်ယူနစ်ဈေးနှုန်း များသွားနိုင်ကြောင်း ၎င်းက ဆိုသည်။

တိုင်းလျှပ်စစ်ဌာနတွင်ရှိသည့် ဒီဇယ်အင်ဂျင်များဖြင့်ထုတ်ပါက လက် ရှိ ထားဝယ်ခရိုင်အတွင်း သုံးစွဲနေ သည့် လျှပ်စစ်ဓာတ်အားကို အလုံအလောက် ထုတ်ပေးနိုင်မည် မဟုတ်ပေ။

GGS ကုမ္ပဏီက ကြားကာလတွင် ဆက်လုပ်ကိုင်မည် သို့မဟုတ် ပိုက် လိုင်းနှင့် မြေနေရာ ငှားရမ်းပေးမည်ဟု အကြောင်းပြန်ပါက လက်ရှိ GGS ကုမ္ပဏီက အသုံးပြုနေသည့် ဂက်စ်အင် ဂျင်များကိုပင် အသုံးပြုရမည်ဖြစ်သည်။

ယင်းဂက်စ်အင်ဂျင်များတွင် အပိုပစ္စည်းများကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်လဲလှယ်တပ်ဆင် ရပြီး အပိုပစ္စည်းကို အင်္ဂလန်နိုင်ငံမှ မှာယူ ရသည့်အတွက် လချီကြာမြင့်လေ့ရှိ ကြောင်း GGS ကုမ္ပဏီထံမှ သိရသည်။

ယင်းသို့သော အပိုပစ္စည်းများကို ကြိုတင်မှာယူရလေ့ရှိသည်ဟု ဆိုသော် လည်း ကြားကာလတွင် မည်သည့် ကုမ္ပဏီတာဝန်ယူမည်ဆိုသည်ကိုပင် စက်တင်ဘာလ ၇ ရက်အထိ အဖြေ မထွက်သေးပေ။

Dawei Watch