ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှု ရုံးချိန်း ထူးခြားချက်များ

0
3947

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိ သူသုံးဦးတို့၏အမှု ၂၇ ကြိမ်နှင့် ၂၈ ကြိမ် မြောက်ရုံးချိန်းကို စက်တင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့တို့တွင် စစ်ဆေးခဲ့သည်။

ယင်းရုံးချိန်းနှစ်ရက်အတွင်း ထူးခြား ချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါ သည်။

အဆောက်အဦးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ကို စစ်ဆေး

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ကို ရာကြီးမှုအမှတ် ၂/၂၀၁၉ အတွက် လိုပြသက်သေအဖြစ် စစ်ဆေး ခဲ့သည်။ ရာကြီးမှုအမှတ် ၂/၂၀၁၉ မှာ ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်း ခဲ့သည့်အမှု ဖြစ်သည်။

ဦးမြင့်ဇော်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ACC) ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ပေးခံရသည့်အတွက် ထားဝယ် လေယာဉ်ကွင်းချုံရှင်းသည့် ကိစ္စကို စစ်ဆေးရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ ၂၈ ရက်အထိ လေယာဉ်ကွင်း ကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး စာရွက်စာ တမ်းများ စစ်ဆေးခဲ့ကြောင်း တရားခွင် အတွင်း ထွက်ဆိုသည်။

လေယာဉ်ကွင်းချုံရှင်းသည့် ကိစ္စ ကို စုံစမ်းစစ်ဆေးပြီးနောက် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို မတ်လ ၁ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်း ဆောင်ထံ တင်ပြခဲ့ကြောင်း ဦးမြင့်ဇော် က ပြောသည်။

ယင်းကဲ့သို့ စုံစမ်းစစ်ဆေးချက်အရ ထားဝယ်လေယာဉ်ကွင်းချုံရှင်းခကို တစ်ပေပတ်လည်လျှင် ၄၅ ကျပ်နှုန်းဖြင့် တွက်ချက်ထားသည်ကို တွေ့ရကြောင်း ၎င်းက ထွက်ဆိုသည်။

သစ်ပင်ချုံနွယ်ရှင်းလင်းရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒေသအလိုက်ဈေးနှုန်းများသတ်မှတ်ချက်များ ရှိကြောင်း ဦးမြင့်ဇော်က ထွက်ဆိုသည်။

ထားဝယ်လေယာဉ်ကွင်းအတွင်း ရှင်းလင်းရသည့် ၂၀၃ ဧကစလုံးတွင် သစ်ပင်ချုံနွယ်များ ထူထပ်နေပါက တစ်ပေပတ်လည်လျှင် ၄၅ ကျပ်နှုန်းထား က သင့်တော်ကြောင်း ဦးမြင့်ဇော်က ထွက်ဆိုသည်။

သာမန်ချုံနွယ်ရှင်းလင်းပါက တစ် ပေပတ်လည်လျှင် ၁၅ ကျပ်နှုန်းပေးချေ ရန် သင့်တော်ကြောင်း ၎င်းက ပြောသည်။

လေယာဉ်ကွင်းအတွင်း ရှင်းလင်းရ သည့် ၂၀၃ ဧက၏ တစ်ဝက်ခန့်သာ ချုံနွယ်ထူထပ်သည်ဆိုက ၂၀၃ ဧက အတွက် တစ်ပေပတ်လည်လျှင် ကျပ် ၃၀ သာ ခွင့်ပြုသင့်ကြောင်း ဦးမြင့်ဇော်က တရားခွင်အတွင်း ထွက်ဆိုသည်။

ချုံနွယ် သုံးပုံတစ်ပုံသာ ထူထပ် ပါက ၂၀၃ ဧကအတွက် တစ်ပေ ပတ် လည်လျှင် ၂၅ ကျပ် ၅၀ ပြားသာခွင့်ပြု သင့်ကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် တစ်ပေပတ်လည်လျှင် ကျပ် ၃၀ နှုန်းဖြင့်  ပေးချေပါက ကျပ်  ၁၃၃၃ သိန်း သက်သာမည်ဖြစ်ပြီးတစ်ပေ ပတ်လည်လျှင် ၂၅ ကျပ် ၅၀ ပြားဖြင့် ပေးချေပါက ကျပ် ၁၇၃၃ သိန်း သက်သာမည်ဖြစ်ကြောင်း အစီရင်ခံ တင်ပြခဲ့သည်ဟု ဦးမြင့်ဇော်က တရား ခွင်အတွင်း ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန တနင်္သာရီတိုင်း ဦးစီးမှူးဟောင်းနှင့် မြို့နယ်ဦးစီးမှူးဟောင်း တို့ကို စစ်ဆေး

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် နေထိုင်ခဲ့သည့် သရက်ချောင်း မြို့ မြို့မရပ်ကွက်ရှိ နေအိမ်နှင့်ခြံကို ရောင်းချရာတွင် ကာလတန်ဖိုး စိစစ်သတ် မှတ်သည့် ကိစ်္စနှင့်ပတ်သက်၍ တိုင်း အခွန်ဦးစီးမှူးဟောင်း ဦးကျော်ရဲထွန်း နှင့် သရက်ချောင်းမြို့နယ် အခွန်ဦးစီးမှူး  ဟောင်း ဦးမြင့်စိန်တို့ကို တရားလိုပြ သက်သေများအဖြစ် စစ်ဆေးခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းမြို့ရှိ  အိမ်နှင့်မြေကို ကာလတန်ဖိုး ကျပ် ၃၂၀ သိန်းကျော်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး နောက် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေး တည်ဆောက်ခြင်း၊ ခြင်း လုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာ နှင့် ၀န်ထမ်းအိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဟု အဂတိ ကော်မရှင်က စွပ်စွဲထားသည်။

မြေအကျယ်အ၀န်း ၀ ဒသမ ၀၅ ဧကပေါ်တွင် ဆောက်ထားသည့် RC နှစ်ထပ်တိုက်မှာ ဟောင်းနွမ်းနေသည်ကို တွေ့ရကြောင်း သရက်ချောင်းမြို့နယ် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည့် ဦးမြင့်စိန် က တရားခွင်အတွင်း ထွက်ဆိုသည်။

၎င်းတို့အဖွဲ့က နေအိမ်တန်ဖိုးကို ၂၆၆ ဒသမ ၄၀၀ သိန်းနှင့် မြေတန်ဖိုး ကို ၅၅ သိန်း စုစုပေါင်း ၃၂၁ ဒသမ ၄၀၀ သိန်းရှိသည်ဟု တွက်ချက် သတ်မှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စွပ်စွဲခံရသူ၏ ရှေ့နေက အပြန် အလှန်မေးမြန်းချိန်တွင် အဆိုပါ သတ် မှတ်သည့်ဈေးနှုန်းမှာ အခွန်စည်းကြပ် ရန်အတွက် သတ်မှတ်ခြင်းဖြစ်ကြောင်း ဦးမြင့်စိန်က ပြောသည်။

အထက်ပါ ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အခွန်ဆောင်ရန် ဌာနတွင် လာလျှောက်ထားခြင်း မရှိကြောင်း ၎င်းက ထွက်ဆိုသည်။

လမ်းဦးစီးဌာန တိုင်းဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ တံတားဦးစီးဌာနတွင် အင်ဂျင်နီယာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမင်းထွဋ်ကို စစ်ဆေး

၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် လုပ်ငန်း ၁၁ ခုအတွက် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးခဲ့သည့်ကိစ္စနှင့် ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း ၀ယ်ယူထားသည့် မြေကွက်ကို အုတ်ခြံစည်းရိုးခတ်သည့် ကိစ်္စတို့ကို စစ်ဆေးခဲ့သည်။

မီနီဘတ်ဂျက်ကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန် အထိ အချိန်အတွင်း ဌာနအချို့က ၎င်းင်း တို့လုပ်ရမည့် လုပ်ငန်းများ အချိန်မီ မပြီးနိုင်ဟု ယူဆကာ ဇွန်လ သို့မဟုတ် ဇူလိုင်လခန့်တွင် ပိုလျှံရန်ပုံငွေအဖြစ် ပြန်လည်အပ်နှံကြကြောင်း ဦးဝင်းမင်း ထွဋ်က တရားခွင်အတွင်း ထွက်ဆိုသည်။

ပြန်လည်အပ်နှံသည့် ငွေများအနက်မှ ကျပ် ၁ ဒသမ၉ ဘီလီယံဖြင့် လုပ်ငန်း ၁၁ ခုလုပ်ရန် တိုင်းအစိုးရက ဇူလိုင်လ ခန့်တွင် တာဝန်ပေးခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

အထက်ပါ လုပ်ငန်း ၁၁ ခုကို အချိန် တိုအတွင်း လုပ်ကိုင်ခဲ့ရပြီး ငွေထုတ် ရန် တွက်ချက်ခြင်းနှင့် စာရွက်စာတမ်း များ မဆောင်ရွက်နိုင်ဘဲ မလွဲမသွေ ငွေထုတ်ရမည့် ဘတ်ဂျက်ပိတ်ခါနီး အချိန်မှသာ ငွေထုတ်ယူခဲ့ကြောင်း ဦးဝင်း မင်းထွဋ်က ထွက်ဆိုသည်။

ငွေထုတ်ယူရသည့် နည်းစနစ်ဖြစ် သည့် လုပ်ငန်းစတင်ချိန်တွင် ၂၅ ရာခိုင်နှုန်း၊ လုပ်ငန်းတစ်ဝက်ပြီးချိန်တွင် ၅၀ ရာခိုင်နှုန်း စသဖြင့် အဆင့်လိုက်ရှိ သော်လည်း ထိုစဉ်က အချိန်မလုံလောက် ခြင်းကြောင့် ငွေကြေးကို ဘတ်ဂျက်ကာလနောက်ဆုံးအချိန်ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်တွင် တစ်လုံး တစ်ခဲတည်း ထုတ်ယူခဲ့ကြောင်း ၎င်းက တရားခွင်အတွင်း ပြောသည်။

၎င်းအပြင် ထားဝယ်မြို့ ဆေးရုံ လမ်းရှိ ဒေါက်တာလဲ့လဲ့မော် ပိုင်ဆိုင်သည့် မြေကွက် အုတ်ခြံစည်းရိုးကာရံ သည့် ကိစ်္စကို ဆက်လက်စစ်ဆေးခဲ့သည်။

အဆိုပါမြေကွက်ကို အုတ်ခြံ စည်းရိုးခတ်ရန်အတွက် လက်ရာကောင်း သည့် ပန်းရံအဖွဲ့ကို ရှာပေးရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလခန့်က ၀န်ကြီးချုပ် ရုံးခန်းအတွင်း ဒေါက်တာလဲ့လဲ့မော်က အကူအညီတောင်းခဲ့ကြောင်း ဦးဝင်းမင်းထွဋ်က ထွက်ဆိုသည်။

ထိုကြောင့် အလုပ်သမားများနှင့် နီးစပ်သည့် လမ်းဦးစီးဌာန ထားဝယ်မြို့ နယ် အင်ဂျင်နီယာ ဒေါ်ဝင်းလဲ့လဲ့ခိုင်ကို ၎င်းင်းက ထပ်ဆင့်အကူအညီတောင်းခဲ့ကြောင်း ဦးဝင်းမင်းထွဋ်က ပြောသည်။

DDPC ကုမ္ပဏီ၏ အကြီးတန်း အမှုဆောင်အရာရှိ ဦးသန်းထွဋ်ဦးအား စစ်ဆေး

ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းနှင့် လုပ်ကိုင်ခဲ့ရသည့် အခြေ အနေနှင့်ပတ်သက်၍ ဦးသန်းထွဋ်ဦး အား စစ်ဆေးခဲ့သည်။

လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို DDPC က စတင်တာဝန်ယူခဲ့ချိန်မှ နောက်ဆုံးလုပ်ကိုင်ခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအချိန်ထိ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ၎င်းက ထွက်ဆိုခဲ့သည်။

ယင်းအပြင် ခန့်မှန်းအားဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် တိုင်း အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ကြောင်း ဦးသန်းထွဋ်ဦးက တရားခွင်အတွင်း ပြောသည်။

အဆိုပါတင်ဒါကို DDPC ကုမ္ပဏီ၊ ဖိုးသီးချိုကုမ္ပဏီ၊ APU ကုမ္ပဏီနှင့် GGS ကုမ္ပဏီတို့က ၀င်ပြိုင်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

တင်ဒါတင်သွင်းပြီး အချိန်တစ်လ ကျော်ခန့်တွင် DDPC  ဒုဥက္ကဋ္ဌက တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံ သွားမေးရာ GGS ကုမ္ပဏီကို ရွေးချယ် လိုက်ပြီဖြစ်သည်ကို သိရကြောင်း ဦးသန်းထွဋ်ဦးက ထွက်ဆိုသည်။

သို့ရာတွင် GGS ကုမ္ပဏီနှင့် တိုင်း အစိုးရအဖွဲ့တို့ ချုပ်ဆိုခဲ့သည့် ထားဝယ် ခရိုင် လျှပ်စစ်ထုတ်ထုတ်လုပ် ရောင်းချ ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် စာချုပ်ချုပ်ဆိုသည့် ရက်စွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလဟု ဖော်ပြပါရှိသည်။

တိုင်းအစိုးရသည် တင်ဒါတင်သွင်း သည့်ကုမ္ပဏီများကို ခေါ်ယူ၍ တင်ဒါ အဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးခြင်း မလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ကိုင်ခွင့်ရသည့် GGS ကုမ္ပဏီထံမှ လျှပ်စစ်တစ်ယူနစ်လျှင် ၁၃၀ကျပ်ဖြင့် ၀ယ်ယူပြီး မီးသုံးသူထံ ပြန်ဖြန့်ရန် ၆ လသက်တမ်းရှိ ဖြန့်ဖြူးရေးစာချုပ်ကို တိုင်းအစိုးရနှင့် DDPC ကုမ္ပဏီတို့ ၂၀၁၇ ခုနှစ် ဇွန်လတွင် ချုပ်ဆိုခဲ့ကြောင်း ဦးသန်းထွဋ်ဦးက ဆိုသည်။

ယင်းကြောင့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းကို DDPC ကုမ္ပဏီက ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ အထိ ဖြန့်ဖြူးရေးလုပ်ငန်းဆက်လက် လုပ်ကိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက် လျှပ်စစ်ဖြန့်ဖြူးရေးကို DDPC ကုမ္ပဏီက ရပ်နားလိုက်ရပြီး နောက် GGS က ဆက်လက်လုပ်ကိုင်ပြီး မည်သည့် ပုံစံဖြင့် လုပ်ကိုင်ခွင့်ရသည်ကို မသိရှိကြောင်း ဦးသန်းထွဋ်ဦးက ထွက် ဆိုသည်။

Dawei Watch