ဦးရှင်ကြီးနတ်၏ ကြေငြာချက်

0
551

ရင်ဘတ်ကို စည်လိုတီး နတ်ဦးရှင်ကြီး ငိုလေပြီ..။ 

“ကောင်းကြသေးရဲ့လား အရပ် ကတို့ရေ…။ ငါ့အပိုင်စား နေရာလေးတောင်မှ ချမ်းသာ မပေးကြပါလား …. ဒင်းတို့ မမွေးခင်ကတည်းက ရေငန်တစ်ရိုးပိုင်စံ စိုးခဲ့တာ ငါဦးရှင်ကြီးပါဟဲ့…အဟီး.. ဟီး…”

နတ်ဦးရှင်ကြီးက ငိုရင်း နှပ်ညှစ်သည်။ သူ့ဘေးက စီးတော်ကျားနှင့် မိကျောင်း တို့ကလည်း သူ့သခင်ကို မျက်နှာငယ် လေးဖြင့် ကြည့်နေကြသည်။

နတ်ဦးရှင်ကြီးက ဦးရှင်ကြီးတင် နည်း စာအုပ်လေးကို ကြည့်ကာ အော်ငို ပြန်သည်။

“ဒင်းတို့ ပြောပြောနေတဲ့ ဥပဒေဆိုတဲ့ စာအုပ်တွေ မရှိခင်ကတည်းက ဒီစာအုပ် ရှိနေခဲ့တာပါ အရပ်ကတို့ရေ…။ ရေငန်ပိုင်က ငါမှ ငါအစစ်ပါဟယ်…”

ဟုတ်ပေသည်။ ထိုစာအုပ် နတ်ပင့်ခန်းတွင် “ရေငန်တစ်ရိုး ပိုင်စံလို့ စိုးပါတဲ့ နတ်မျိုးသခင် နတ်ဦးရှင်ကြီးခင်ဗျာ”ဟု ဖော်ပြထားလေသည်။

ခုတော့ ရေငန်ကို ဦးရှင်ကြီးပိုင်သည် ဆိုခြင်းကို ဥပဒေကြောင်းအရ အသိအမှတ် မပြုဟု ဆိုလာသည်။

သို့ဆိုလျှင် တံငါသားတို့ သူ့ကို ဘယ်မှာ ပူဇော်ပသပါတော့မည်နည်း။ ငတ်ရချေတော့မည်။

တွေးရင်းဖြင့် နတ်ဦးရှင်ကြီး မျက်ရည် တောက်တောက် ကျလာပြန်သည်။

သူက ရေငန်ပိုင်ကြီးဆိုသော်လည်း လောဘကြီးလှသူ မဟုတ်ပါ။ လောဘနည်း၍ လူတိုင်းကို စောင်မကြည့်ရှုတော်မူသော နတ်မြတ်နတ်ကောင်းဟု ခံယူထားသည့်နတ်။

သူ့ကို ကျွေးမွေးရမည်မှာ ကောက်ညှင်း၊ ငှက်ပျောသီး၊ အုန်းသီး၊ လက်ဖက်၊ ကွမ်းယာမျှသာ။

အဘယ်ကြောင့် ထိုမျှလေးကျွေးမွေး ပူဇော်ရသည့် နတ်လိမ္မာလေး၏ ပိုင်နက်ကိုမှ ချမ်းသာ မပေးကြပါသနည်း။

အော်ငိုနေ၍ မပြီး…။ အဖြေအတိအကျ သိရေး စနည်းနာရမည်။

သို့ဖြင့် နတ်ဦးရှင်ကြီး ကိုယ်ယောင် ဖျောက်ကာ ပင်လယ်ရွာများသို့ မျက်ရည် စမ်းစမ်း စမ်းစမ်းဖြင့် တိုင်းခန်းလှည့်တော် မူသည်။

ကြားရပါပြီ…။ တံငါရွာသားတို့ အသံ။

“ပင်လယ်မှာ ဦးရှင်ကြီးက ဓားပြ ထက်ဆိုးတယ်…”

အယ်…။

“ဒီဇယ်ဆီကို ပီပါလိုက်ယူတာ။ ငါး ဆိုလည်း စားဖို့ဆိုပြီး အကောင်းဆုံးမှ လိုသလောက်ယူတာမျိုး”

ဟေ…။

“တောင်းသလောက်မပေးရင်။ ဟိုစစ် ဒီစစ်နဲ့ အမျိုးမျိုး ရစ်ရော…”

အမလေးဗျာ…။

“မထင်ရင် မထင်သလို နားရင်းရိုက်သေး။ နေပူလှမ်းတာမျိုး၊ ဖားခုန် ခုန်ခိုင်း တာမျိုးကတော့ ခဏခဏ လုပ်ခိုင်းလှပေါ့”

ငှယ်…။

“တံငါလှေတွေက သူ့ပဲ ကြောက်နေရတာဗျ။ ကြောက်ဆို သူက ရေငန်တစ်ရိုး ပိုင်စိုးသူကိုး…”

ဟယ်…။ လွဲနေပြီ။ တစ်ခုခုတော့ သေချာပေါက်ကြီးကို လွဲနေပြီ…။

သေချာပြီ…။

အတု…။ နတ်ဦးရှင်ကြီး အတု ပေါ်ပြီ…။

“အီး…ဟီးဟီး…။ နတ်လေးတစ်ခါ ဖြစ်ရတာ အတုတွေပေါ်ပြီး နာမည်က ပျက်လိုက်သေး အရပ်ကတို့ရေ…”

ငိုနေ၍ မပြီး။ ဘာလုပ်ရမည်နည်း…။

ဟုတ်ပြီ…။ ကြေညာချက် ထုတ်မည်။ ယခုခေတ်တွင် ထစ်ခနဲရှိ ကြေညာချက် ထုတ်သည်က ရေပန်းစားနေသည် မဟုတ်ပါလော။ ခေတ်မီသည့် နတ်ဟုပင် လူနတ် အပေါင်းက အထင်တကြီးပင် ဖြစ်ဦးမည်။ ထိုသို့ ကြေညာချက်ထုတ်ပြီးမှ သတင်းစာ ရှင်းလင်းပွဲပါ လုပ်မည်။

။။       ။။       ။။

“ဦးရှင်ကြီးနတ်၏ ကြေညာချက်”

၁၃၈၁ ခုနှစ် တော်သလင်းလဆန်း ၄ ရက်

၁။ ပင်လယ်ထဲ ဓားပြကဲ့သို့လုပ် ဆောင်နေသည်ဆိုသည်မှာ လုံးဝ အခြေအမြစ် မရှိ။ ဦးရှင်ကြီး ဓားပြတိုက်ရအောင် က ပြစရာ ဓားမှမရှိ။ စောင်းပဲ ရှိသည်။

၂။ ဒီဇယ်ဆီ ယူရအောင်ကလည်း ဦးရှင်ကြီး၏ စီးတော်ကျားနှင့် မိကျောင်း က ဆီထည့်မောင်းစရာ မလို။ စားဖို့ငါးယူ သည်ဆိုခြင်းမှာလည်း အခြေအမြစ်မရှိ။ ကျွန်ုပ် နတ်ဖြစ်ကတည်းက သက်သတ် လွတ် စားလာသည်မှာ ယခုထိ ဖြစ်သည်။

၃။ လှေများတွင် ဟိုစစ်ဒီစစ်စစ်သည် ဆိုသည်မှာကလည်း အခြေအမြစ်မရှိ။ ကျွန်ုပ်သည် လူ့ဘ၀ကတည်းက သေစာ ရှင်စာ လောက်သာ တတ်ခဲ့သူဖြစ်ပြီး ထိုသို့ စစ်သည့် ဆေးသည့်ကိစ္စ စိတ်ဝင်စား သည့်နတ်မဟုတ်။

၎။ နှိပ်စက်ညှင်းပန်းဖို့ဆိုတာကလည်း မဖြစ်နိုင်။ ယခုခေတ်တွင် ကျွန်ုပ်အား ပူဇော်ပဖို့အရေး လူတိုင်းကို မျက်နှာချို လိုက်သွေးနေရသည့်အဖြစ်။

၅။ သို့ကြောင့် အထက်ပါကိစ္စများကို ဆောင်ရွက်နေသူများသည် ဦးရှင်ကြီး အစစ်မဟုတ်။ အတုသာ ဖြစ်သည်။

ကျွန်ုပ်သာလျှင် ရေငန်တစ်ရိုး ပိုင်စံစိုးသူ နတ်မျိုးသခင် နတ်ဦးရှင်ကြီးအစစ် ဖြစ်ပါကြောင်း။

              ပုံ

              ဦးရှင်ကြီးနတ်

။။        ။။       ။။

သို့သော် ကြေညာချက်ရေးပြီးနောက် သတိရလာပြန်သည်။

သူ့ကိုယ်သူတော့ ရေငန်တစ်ရိုး အပိုင်စိုးသူလို့ ပြောနေပေမယ့် သူ့ရေငန် ပိုင်ဘ၀က တရားဝင် ဖြစ်၊ မဖြစ် မသေချာ တော့။ လူတို့က သူ့ကို ရေငန်ပိုင်ဟု တကယ် မသတ်မှတ်တော့။

ဟို အတုများကိုသာ နတ်ဦးရှင်ကြီး ဘွဲ့အပ်နှင်းကာ ရေငန်ပိုင်အဖြစ် ဒီဇယ်။ ငါးတို့ ပူဇော်နေကြလေပြီ။

သူတို့ကိုလည်း အပြစ်မဆိုရက်။ အတုများက တန်ခိုးထွားနေသည့်ခေတ် မဟုတ်ပေလော။

မိကျောင်းနှင့် ကျားတို့ကလည်း ရေငန်ပိုင်အရာကျ သခင့်မျက်နှာကို မျက်စိ သူငယ်မျက်နှာသူငယ်ဖြင့် မော်ကြည့် နေကြရာ နတ်ဦးရှင်ကြီး ဖြေမဆည်နိုင်။

ရင်ဘတ်ကို စည်လိုတီး နတ်ဦးရှင်ကြီး ငိုရပြန်လေပြီ…။

“ကောင်းကြသေးရဲ့လား အရပ်ကတို့ ရေ…။ ငါ့အပိုင်စား နေရာလေးတောင်မှ ချမ်းသာ မပေးကြပါလား…။ ဒင်းတို့ မမွေးခင်ကတည်းက ရေငန်တစ်ရိုး ပိုင်စံ စိုးခဲ့တာ ငါဦးရှင်ကြီးပါ ဟဲ့…အဟီး …ဟီး…”

မူးဆေးအိုး