ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

0
1399

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ရက်မြောက် ဖြစ်သည့် သြဂုတ်လ ၂၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန်္ဒနယ်အမှတ်(၈)မှ ကျွန်းစုဩမိ့နယ်ကိုယ်စားလှယ် ဦးဥက္ကာမင်းက “မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ၀န်ကြီးဌာနမှ ဆောင်ရွက်နေသည့် အခြေအနေနှင့် မည်သည့် ကာလအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်မည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။ ထိုမေးခွန်းကို မေးမြန်းစဉ် ဦးဥက္ကာမင်းက မြန်မာ့ပင်လယ်ပြင်ကို ရေလုပ်သားများက မပိုင်ဘဲ ရေငန်ပိုင်ဦးရှင်ကြီး က ပိုင်ဆိုင်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အထက်ပါပြောဆိုချက်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ပြောဆိုပြီး ဦဥက္ကာမင်းကို နောက်တွင် ယင်းသို့ မပြောဆိုရန် တူထုသတိပေးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တနင်္သာရီအပတ်စဉ်မှ ဦးဥက္ကာမင်းအား ဆက်သွယ် မေးမြန်းခဲ့ပါသည်။

တနင်္သာရီ။     ။ လွှတ်တော်မှာ ပင်လယ်ပြင်ကို ရေလုပ်သားတွေက မပိုင်တော့ဘဲနဲ့ ဦးရှင်ကြီးက ပိုင်နေတယ်ဆိုတာကို ဘာဖြစ်လို့ဆွေးနွေးဖြစ်တာလဲ။

ဦးဥက္ကာမင်း။      ။  တနင်္သာရီတိုင်းကို အခြေခံပြီးတော့ ဧရာဝတီရယ်၊ မွန်ရယ်၊ ကျွန်တော် တို့ ရခိုင်နဲ့ပတ်သက်တဲ့ ပင်လယ် ကမ်းရိုးတန်းဒေသ မှာနေတဲ့ ပင်လယ်ကမ်းနီးငါးဖမ်း လုပ်ငန်းလုပ်ကိုင် နေတဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ ကိုယ်စားမေးခွန်းတစ်ခု မေးခဲ့တာပေါ့။ အဲဒါ ကတော့ မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ၀န်ကြီးဌာနက ပြင်ဆင်နေတဲ့ ဆိုတာ ကျွန်တော်ကြားနေရတာ ကြာပြီ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာကတည်းက ဒီဥပဒေက ပြင်ဆင်နေတယ် ဆိုပြီး ကြားရတာပေါ့။ အဲဒီတော့ ဒီဥပဒေက လက်ရှိ သမ္မတကြီး ဦးဝင်းမြင့် လက်ထက် ရောက်တဲ့အထိ လွှတ်တော်ကို မတင်သွင်းသေးတဲ့ အကြောင်းအရင်းက ဘာကြောင့်ကြန့်ကြာ နေတယ် ပေါ့နော်။

ပြီးရင် လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေက ဘယ်အထိရောက်နေပြီလဲ။ ဘယ်အချိန်မှာ လွှတ်တော် ကို တင်ပြနိုင်မလဲ ဆိုပြီးတော့ ကျွန်တော် မေးခွန်း တစ်ခု မေးတယ်။

တနင်္သာရီတိုင်းမှာ ဒေသခံငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်သူတွေက ရှေ့တစ်နှစ်၊ နှစ် နှစ်လောက်က စပြီးတော့ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေက လှေအရွယ်အစား ဥပဒေနဲ့ မညီညွတ်တာတို့ စက်မြင်းကောင်ရေ အရွယ်အစား ကလည်း ဥပဒေနဲ့မညီတော့ဘူး စတဲ့ အကြောင်း ပြချက်တွေနဲ့ ဖမ်းဆီးထောင်ချခြင်းတွေ ခံနေရတယ် လေ။

ဒါကိုပြန်ပြီးလေ့လာကြည့်တော့ အရင်းစစ် ကြည့် လိုက်တော့ ဥပဒေက အဓိက ဖြစ်နေတယ်။

ဆိုတော့ ဒီဥပဒေကို ပြင်ဆင်ဖို့ လိုအပ်လာပြီ။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက ၁၉၉၀ ခုနှစ်မှာ ကတည်းက မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်း ဥပဒေ ဆိုပြီး ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ အခုအချိန်နဲ့ ပြန်ကြည့်မယ်ဆိုရင် နှစ်သုံးဆယ်နီးပါး ကြာပြီဖြစ်တဲ့ အတွက် ဥပေဒေက ခေတ်ကာလနဲ့ လျော်ညီခြင်း မရှိတော့ဘူးလို့ ကျွန်တော် ယူဆတယ်။ 

လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက လှေတစ်စီးက ပေ ၃၀ဆိုပြီး ကန့်သတ်တဲ့ဟာက သူ့ခေတ်ကာလ အလျောက် အဆင်ပြေပါ လိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီခေတ်မှာတုန်းက ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ကြတဲ့လူတွေက ငါးတွေ၊ ပုစွန်တွေက ကမ်းနဲ့ နီးစပ် တဲ့ နေရာမှာ ဖမ်းလို့ရတာကိုး။

ဒီနေ့အချိန်မှာတော့ သဘာဝသယံဇာတတွေ ကလည်း ရှားပါးလာတယ်။ ရာသီဥတုတွေကလည်း ပြင်းထန်လာတယ်ဆိုတော့ ငါးတွေ၊ ပုစွန်တွေကို လွန်ခဲ့တဲ့ နှစ် ၃၀ ကလိုပဲ ကမ်းနားမှာ အလွယ်တကူ ဖမ်းလို့ မရတော့ပြီ။ ကမ်းအပြင်ကို ထွက်ပြီး ဖမ်းရ တာဖြစ်တဲ့ အတွက် လှေအရွယ်အစားကြီးဖို့ လိုလာ တယ်။ လှေအရွယ်အစားကြီးဖို့ လိုလာတာဖြစ်တဲ့ အတွက် ဒီလှေကို မောင်းနှင်ဖို့ အတွက် စက်အင် အားတွေကိုလည်း အနည်းငယ်ကြီးဖို့ လိုအပ်လာ တယ်။ အဲလို တိုးမြှင့်လုပ်ကိုင်လာတာဖြစ် တဲ့အတွက် လက်ရှိတည်ဆဲ ဥပဒေနဲ့ညီညွတ်မှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထောင်ချခံနေရတယ်။

အဲဒီတော့ ဥပဒေနဲ့အညီ ငါးဖမ်းဆီးခွင့်ရဖို့ ဆိုရင် ကျွန်တော်တို့ ဒီဥပဒေကိုပြင်မှ ရမယ်။ ဒါမှ မဟုတ် အသစ်ပြန်ရေးမှရမယ်။

ဆိုတော့ ကျွန်တော်တို့တနင်္သာရီတိုင်းက လူတွေ သိနိုင်တဲ့ ဒေသစကားနဲ့ အလွယ်ပြောမယ်ဆိုရင် ကျွန်တော်တို့ ပင်လယ်သားတွေက ပင်လယ်ပြင်ကို ပိုင်ဆိုင်ဖို့ လိုတယ်ပေါ့ဗျာ။ ပင်လယ်ပြင်ကို ပိုင်ဆိုင် ဖို့လိုတယ်ဆိုတာက ပင်လယ်ပြင်ကြီး အားလုံးကို ဥပဒေနဲ့ စာနဲ့တကွ ပိုင်ဆိုင်ရမယ်ပြောတာ မဟုတ် ပါဘူး။ ပင်လယ်သားတွေ ပင်လယ်ပြင်မှာ လွတ်လပ် လုံခြုံစွာ ငါးဖမ်းဆီးခြင်း ရဖို့ဆိုတာ ပင်လယ်သား တွေ ပင်လယ်ပြင်ကို ပိုင်ဖို့လိုတယ်လို့ ကျွန်တော်က ပြောတာ။

အဲဒီတော့ ပင်လယ်သားတွေက ပင်လယ်ပြင်ကို မပိုင်ဘဲနဲ့ လက်ရှိအချိန်မှာ ဘယ်သူပိုင်နေလဲဆိုတော့ ကျွန်တော်က ကျွန်တော်တို့ ဒေသစကားနဲ့ပဲ ထပ်ပြီး သုံးလိုက်တာပါ။ ဦးရှင်ကြီးတွေ ပိုင်နေတယ်။ တနင်္သာရီတိုင်းက လူတွေအားလုံးကတော့ သိပြီးသား ပါပဲ။ ဦးရှင်ကြီးဆိုတာ ဘာကို ရည်ညွှန်းသလဲ ဆိုတာ။

ပင်လယ်ပြင်ကို ထွက်ဖို့၊ ငါးဖမ်းဖို့ဆိုရင်  စစ်ဆေးရေးအဖွဲ့တွေ၊ စစ်ဆေးရေးအဖွဲ့ဆိုတာက စစ်ဆေးရေးလှေတွေ ရှိပါတယ်။ ဒီလှေတွေနဲ့တွေ့တဲ့ အချိန်မှာ လက်ရှိတည်ဆဲဥပဒေအရဆိုရင်  စစ်ဆေး တဲ့ အခါလှေတွေက ပေ ၃၀ ကျော်နေတာတို့၊ စက် မြင်းကောင်ရေ မတူတာတို့၊ စက်အင်အားမတူတာတို့ စသည်ဖြင့် အမျိုးမျိုး လက်ရှိတည်ဆဲဥပဒေနဲ့ အချိန် မရွေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပင်လယ်သား တွေကို အချိန်မရွေး ထောင်ချပစ်လို့ရတာ ဖြစ်တဲ့ အတွက်။ အဲဒီတော့ ထောင်ကျ မခံနိုင်တာဖြစ်တဲ့ အတွက်ကြောင့် ဘာလုပ်ရမလဲဆိုတော့ ပေးရ၊ ကမ်းရတာတွေ ရှိတာပေါ့ဗျာ။

ပေးရ၊ ကမ်းရတယ်ဆိုတဲ့နေရာမှာကလည်း အခုမှဖြစ်တာ မဟုတ်ပါဘူး။ ဟို့အရင်ကတည်းက အဆက်ဆက်ပေးရတာတွေ ရှိပါတယ်။  အဲဒီတော့ ယနေ့အချိန်မှာလည်း ပေးရတုန်းပဲ။ နည်းတာနဲ့ များတာနဲ့ပဲ ကွာမယ်။ ပေးတာကတော့ ပေးရတယ်။

အဲလိုပေးရ၊ ကမ်းရပြီးတော့ မိမိရရှိထားတဲ့ ရာထူး၊ အခွင့်အရေး၊ အာဏာကိုအလွဲသုံးစားပြု ပြီးတော့ ပင်လယ်သားတွေ သို့မဟုတ် တစ်နည်းဆိုရင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်သူတွေမှာ အာဏာကို အသုံးပြုပြီးတော့ တောင်းရမ်းနေတဲ့ ကိစ်္စတွေပေါ့ဗျာ။ အာဏာကို အသုံးပြုပြီးတော့ တောင်းရမ်းနေတဲ့လူတွေကို ရည်ညွှန်းပြီးတော့ ကျွန်တော်က ရေငန်ပိုင် ဦးရှင်ကြီးဆိုပြီး သုံးနှုန်းတာ။

တနင်္သာရီ။     ။ လွှတ်တော်ဥက္ကဋ္ဌကတော့ ဒီစကားလုံးကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက် တယ်ပေါ့။ အဲဒီလိုမျိုး တူထုပြီးတော့ ပြောခံရတဲ့ အပေါ်မှာရော ဘယ်လိုမှတ်ချက် ပေးချင်လဲဗျ။

ဦးဥက္ကာမင်း။      ။ ပွင့်ပွင့်လင်းလင်းပဲပြော ရမယ်ဆိုရင်တော့ ပထမဦးဆုံးတော့ တူထုခံထိ တယ်လို့ ကျွန်တော်က မထင်သေးဘူး။ ပထမဆုံး လွှတ်တော်ဥက္ကဋ္ဌကြီးက ပြောတာဆိုတော့ သြော် ဒါကတော့ မှတ်တမ်းကနေ ပယ်ဖျက်တာလောက်ပဲ ဆိုပြီး စိတ်ထဲမှာ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် တူထုခံရတယ်ဆိုတော့ဗျာ။ ရုတ်တရက်ဆိုတော့ စိတ်ထဲမကောင်းဘူးပေါ့ဗျာ။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ဒေသအတွက်ကို ရည်ရွယ်ပြီး ကျွန်တော်က ပြောတာကိုး။ အဲလိုမျိုးတူထုခံထိတယ်ဆိုတော့ စိတ်ထဲ တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း သေသေချာချာ ပြန်တွေးကြည့်လိုက်တဲ့အချိန်ကျရင်တော့ ကျွန်တော်စဉ်စားတာပေါ့နော်။ တန်ပါ တယ်ပေါ့ဗျာ။ ကျွန်တော်တူထုခံရတာ တန်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်က ရွေးကောက်ပွဲမှာ ကျွန်းစုမြို့နယ်မှာ ၀င်ရောက်အရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကျွန်းစု မြို့နယ်မှာရှိတဲ့ ပြည်သူအများစုသည် ရေလုပ်ငန်း ကို အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ပြည်သူတွေ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ဒေသက ပြည်သူတွေရဲ့ အခက်အခဲကို လွှတ်တော် ထဲမှာ ရှင်းလင်းပြနိုင်တယ်။ အခုဆိုရင် တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သိသွားကြပြီပေါ့နော်။ ကျွန်တော်တို့ဒေသရဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့လူတွေရဲ့ အခက်အခဲ ကို တစ်နိုင်ငံလုံးလည်း သိသွားကြပြီ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ပြီးတော့ ကောင်းတဲ့ဘက်ခြမ်းကတွေးမယ်ဆိုရင် တော့ ကျွန်တော်က ကျေနပ်ပါတယ်ဗျာ။

တနင်္သာရီ။     ။ လက်ရှိ ဦးရှင်ကြီး ဆိုတဲ့ အသုံးအနှုန်းကို မီဒီယာတချို့ရဲ့ ကောက်နုတ်ဖော်ပြမှုအပေါ် မူတည်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ သူတို့သဘောပေါက် သလို ပြောဆိုနေကြတာ၊ ဆွေးနွေးနေ ကြတာ၊ တချို့ကလည်း ပြက်ရယ်ပြု တာ ရှိကောင်း ရှိမယ်ပေါ့နော်။ အဲဒီ အပေါ်မှာရော ဘယ်လိုမျိုး မှတ်ချက် စကား ပြောချင်ပါသလဲ။

ဦးဥက္ကာမင်း။      ။ အဲဒီမှာ နှစ်ပိုင်း ရှိတယ်ပေါ့။ တစ်ပိုင်းကတော့ ပထမဦး ဆုံး ကိုယ့်ရဲ့အမှားကိုပဲ ကိုယ်ပြောပြပါ မယ်။ ကိုယ့်ရဲ့အမှား ဆိုတာကတော့ ကျွန်တော်က ပြည်ထောင်စုတစ်ခုလုံး နဲ့ဆိုင်တဲ့ လွှတ်တော်မှာ ကျွန်တော်တို့ ဒေသကပဲ နားလည်မယ့် စကားလုံးပေါ့ နော် ၀င်္က၀ုတ်္တိအလင်္ကာနဲ့ ရေငန်ပိုင်ဦးရှင် ကြီးဆိုပြီး စကားလုံးကို သုံးခဲ့တာပေါ့ နော်။

အဲလိုသုံးခဲ့တာဆိုတော့ ဒီစကားလုံး ပဲလွှတ်တော်ဥက္ကဋ္ဌက ပယ်ဖျက်လိုက်တာ ဆိုတော့ မီဒီယာတွေကလည်း လွှတ်တော် ဥက္ကဋ္ဌကြီး ပယ်ဖျက်တယ်ဆိုတဲ့ မိနစ်ပိုင်း လေးပေါ့နော်။ ကုဒ်လေးကိုပဲ ထုတ်ပြီး တော့ ဒီအပိုင်းကိုပဲ တင်ပြီးတော့ ပြောကြ တာ ဆိုတော့ တချို့မီဒီယာတွေကိုပဲ ပြောတာပါ။ မီဒီယာအကုန်လုံးကိုပြော တာ မဟုတ်ပါဘူး။

တချို့မီဒီယာတွေက သူတို့လိုချင် တဲ့အပိုင်းလေးကိုပဲ သူတို့ဖြတ်လိုက် တော့ အဓိပ္ပာယ်ကဆိုလိုရင်းက လွဲသွား တယ်ပေါ့။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်နဲ့ တင်ပြတဲ့ ပုံစံနဲ့ တကယ်ဖြစ်သွားတဲ့ ဟာလေးနဲ့က မီဒီယာမှာ သိသွားတဲ့ဟာ လေးနဲ့က လွဲသွားတာ ပေါ့နော်။

ပြောချင်တာက ပထမဆုံး မီဒီယာ အပိုင်းကိုပြောချင်တာကတော့ ကိုယ်လိုချင် တဲ့ အပိုင်းတစ်ပိုင်းကိုပဲ ကွက်ပြီးတော့ ပေါ့နော် ဖော်ပြဖို့ မသင့်တော်ဘူးလို့ ကျွန်တော်က ယူဆတယ်။  ဖော်ပြချင် တယ်ဆိုရင်လည်း ဂဃနဏ သတင်း အပြည့်အစုံလေးကို တင်ပြီးတော့ ဖော်ပြ စေချင်ပါတယ်။

စာဖတ်ပရိသတ်တွေကိုလည်း ကျွန်တော်မေတ်္တာရပ်ခံချင်တယ်။ အခုလို မီဒီယာကနေပြီး ကုဒ်လုပ်ပြီးဖော်ပြတဲ့ ဟာတစ်ခုကို ဖတ်လိုက်ရတဲ့အချိန်မှာ ဘာကြောင့်မို့လို့ ဒီကိုယ်စားလှယ်က ဒီစကားကိုဘာဖြစ်လို့ပြောရတာလဲဆိုတာ သတင်း အရင်းအမြစ်ပေါ့နော် လိုက်စေ ချင်ပါတယ်။ ကျွန်တော့်ကိစ်္စမှ မဟုတ်ပါ ဘူး။ ဘယ်ကိစ္စမဆိုပါ။ မီဒီယာက ကုဒ်လုပ်တဲ့ဟာတစ်ခုကို ဟုတ်လား၊ မှန်လားဆိုတဲ့ဟာလေးကို ပထမဦးဆုံး သေချာစဉ်စားသင့်ပါတယ်။ အဲဒီတော့ ဟုတ်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သတင်း အရင်းအမြစ်သည် ဘယ်မှာလဲ။ သတင်း အရင်းအမြစ်ကိုလည်း ရှာသင့်ပါတယ်။ သတင်းအရင်းအမြစ်ကို ရှာပြီးမှ သေသေ ချာချာကိုယ်ဖတ်ပြီးမှ ဒါက ကောင်း တယ်။ ဆိုးတယ်ဆိုတဲ့မှတ်ချက်မျိုး ကိုပြုစေလိုတယ်ပေါ့နော်။ ဒါဆိုရင်တော့ ကျွန်တော့်ကဏ္ဍမှမဟုတ်ပါဘူး ကျန်တဲ့ ကဏ္ဍတွေအကုန်လုံးမှာ အဲလိုသွားမယ် ဆိုရင်တော့ ကျွန်တော်တို့ ဆိုရှယ်မီဒီယာ သုံးတဲ့နေရာမှာလည်း အားလုံးက သုံးရတာ ကောင်းလာပါလိမ့်မယ်။

သုံးရလည်း ပျော်လာပါလိမ့်မယ် ပေါ့နော်။

တနင်္သာရီ။     ။ဟုတ်ကဲ့။ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျား။

Dawei Watch