မွန်ပြည်နယ်အတွင်း ကျောက်မိုင်းလုပ်ငန်းများ စစ်ဆေးနေဟုဆို

0
477

မွန်ပြည်နယ်အတွင်းရှိ ကျောက် မိုင်းလုပ်ငန်းများကို စစ်ဆေးနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက်ထုတ်လုပ် ငန်းများ လုပ်ကိုင်နေသည့်နေရာများတွင် တောင်ပြိုကျမှုအခြေအနေရှိ မရှိ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိကို ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့က စစ်ဆေးနေ ခြင်းဖြစ်သည်။

“သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ၊ မြေပြိုနိုင်တဲ့အနေအထားရှိ/မရှိ အဲဒါကို စစ်ဆေးတာပါ။ ကျိုက်ထီးရိုးတောင်ခြေကတစ်ခုကိုတော့ စစ်ဆေးပြီး သွားပြီ။ စစ်ဆေးမှုအရ ကြီးကြီးမားမား တော့ မတွေ့ဘူး။ ကျန်တာတွေကိုလည်း ဆက်လက်စစ်ဆေးသွားမယ်”ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပြည်နယ်တစ်ခုလုံးတွင် လိုင်စင် ချထားပေးသည့် ကျောက်မိုင်းလုပ်ငန်း ၉၁ ခုရှိပြီး ကျိုက်ထိုမြို့နယ်တွင် ၃၂ ခု၊ ပေါင်မြို့နယ်တွင် ၂၄ ခု၊ ဘီးလင်းမြို့ နယ်တွင် ၃ ခု၊ သထုံမြို့နယ်တွင် ၅ ခု၊ ကျိုက်မရောမြို့နယ်တွင် ၂၀ ခု၊ ရေးမြို့ နယ်တွင် ၇ ခု လုပ်ကိုင်လျက်ရှိသည်။

လူ ၇၀ ဦးထိ သေဆုံးခဲ့ရသည့် ပေါင် မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင် ပြိုကျမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက် မိုင်းလုပ်ငန်းများကို ခွင့်ပြုမည် မဟုတ် တော့ဟု မွန်ပြည်နယ်ဝန်ကြီး ဒေါက်တာ အေးဇံက ပြောဆိုခဲ့သော်လည်း လက်ရှိ လုပ်ကိုင်နေသည့် ကျောက်မိုင်းလုပ်ငန်း များအပေါ် မည်သို့ ကိုင်တွယ်ဆောင်ရွက် မည်ဆိုသည်ကို ထည့်သွင်းပြောဆိုခဲ့ ခြင်းမရှိပေ။

ကျောက်မိုင်းလုပ်ငန်းများကို ထိရောက် စွာမကိုင်တွယ်ပါက ဂေဟနစ်ပျက်စီးပြီး တောင်ပြိုမှုလည်း ဆက်ဖြစ်နေမည်ဖြစ် ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် မိကွန်ချမ်းက မလတ် တောင် ပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သြဂုတ် လ ၁၅ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် မေးမြန်း ခဲ့စဉ်က ပြောခဲ့သည်။

“ပြည်နယ်အစိုးရက ခွင့်မပြုဘူး ပြောပေမယ့် မြို့နယ်အဆင့် ထွေအုပ်က မသိမသာ ခွင့်ပြုမယ်ဆိုရင် ခိုးတူးနေမှာ ပဲ။ ဒါတွေလည်း ရှိတယ်။ အဲဒါတွေကို ဘယ်လိုကိုင်တွယ်မလဲ။ ဘယ်လိုအရေး ယူမလဲဆိုတာကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်လည်း ရှိတယ်။ တောင်တွေ ဖြိုနေတာ ချောင်းမြောင်းတွေ ပိတ်နေ တာကို ဟန့်တားဖို့က ပြည်နယ်အစိုးရမှာ တာဝန်ရှိတယ်”ဟု မိကွန်ချမ်းက ပြော သည်။

တောင်များ ဂေဟစနစ် မပျက်စီးရေး ကျောက်ထုတ်လုပ်မှုလုပ်ငန်းများ ခွင့် မပြုရန် ၂၀၁၆-၂၀၁၇ ခုနှစ်ကတည်းက ကန့်ကွက်ခဲ့သည်ဟုလည်း မိကွန်ချမ်းက ဆက်ပြောသည်။

မလတ်တောင်ပြိုကျမှု၏ အကြောင်း အရင်းသည် မိုးသည်းစွာရွာသွန်းမှုကြောင့် ဖြစ်သည်ဟု ပြည်နယ်အစိုးရက ပြောဆို နေသော်လည်း မြေတူးဖော်ထားမှုကြောင့် တောင်ပြိုရခြင်းဖြစ်သည်ဟု ဒေသခံတို့ က ပြောသည်။

မွန်ပြည်နယ်တွင် မိုးရေချိန်ပုံမှန် ထက် မိုးဆက်ရွာနေမည်ဆိုပါက တောင် ပြိုမှုအန်္တရာယ် သတိပြုသင့်ကြောင်း ဘူမိ ဗေဒပညာရှင်တို့၏ သတိပေးထားသည်။

ယဉ်စနိုင်း