အဆောင်တွင် အိပ်နေသည့် ကျောင်းဆရာမ လက်ကို ကြိုးချည်ရန် ကြိုးပမ်းပြီး လည်ပင်းညှစ်

0
4244

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ် ကျေးရွာတွင် ဓားမြှောင်ပါအမျိုးသား တစ်ဦးက ညဘက်အိပ်နေသည့် ကျောင်း ဆရာမ၏ လက်ကိုကြိုးချည်ရန်ကြိုးစားပြီး လည်ပင်းညှစ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သဘော့ဆိပ် အထက်တန်းကျောင်း ခွဲတွင် တာဝန်ကျနေသည့် အသက် ၂၈ နှစ်အရွယ်ရှိ ဆရာမသည် ကျောင်းရှိ ဆရာမများအဆောင် အိပ်ခန်းတွင် အိမ် ပျော်နေစဉ် သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးက ဆရာမ ၏ လက်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့် ကွင်းလျှောလုပ်ပြီး ချည်နှောင်နေစဉ် လန့်နိုးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အထက်ပါအမျိုးသားက ဆရာမ၏ ပါးစပ်ကိုလက်တစ်ဖက်ဖြင့်ပိတ်ပြီး ကျန် တစ်ဖက်ဖြင့် လည်ပင်းညှစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ပြုလုပ်ပြီး မလှုပ်ရန် ပြောဆို ခဲ့သော်လည်း ဆရာမက ရုန်းကန်သဖြင့် အဆိုပါအမျိုးသားက အသင့်ပါလာသည့် ဓားမြှောင်အား ထုတ်ယူစဉ် အော်ဟစ် အကူအညီတောင်းသဖြင့် အမျိုးသားက အခန်းအတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသားထွက်ပြေးစဉ် အခန်းတံခါးဖြင့် တိုက်မိပြီး ၎င်းင်းကိုင်ဆောင် သည့် ဓားမြှောင်မှာ ကျန်ရစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထွက်ပြေးသွားသည့် အမျိုးသားကို ဖမ်းမိထားပြီး ရမန်ယူကာ ချုပ်နှောင်ထား ကြောင်း မောင်းမကန်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မျိုးက သြဂုတ်လ ၃၁ ရက်တွင် ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၄၅၆/ ၃၄၂/ ၃၂၃ တို့ဖြင့် မောင်းမကန် နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch