ရော်ဘာ၊ ကွမ်းသီး၊ သီဟို သီးနှံထုတ်လုပ်မှုစရိတ် ချေးငွေလျှောက်သူ မရှိ

0
735

တနင်္သာရီတိုင်းတွင် ရော်ဘာ၊ ကွမ်း သီး၊ သီဟို သီးနှံထုတ်လုပ်မှုစရိတ် ချေးငွေ လာရောက် လျှောက်ထားသူ တစ်ဦးမျှ မရှိကြောင်း တနင်္သာရီတိုင်းမြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

သီးနှံထုတ်လုပ်မှုစရိတ်ကို မိုးစပါး ချေးငွေကဲ့သို့ တစ်နှစ်တစ်ခါထုတ်ချေး ရန်အတွက် တောင်သူများကို ၂၀၁၈ ခုနှစ် ဧပြီလမှစ၍  ပြောဆိုခဲ့သော်လည်း ယခုနှစ် ၂၀၁၉ ခုနှစ်အထိ လာရောက်လျှောက် ထားသူ တစ်ဦးမျှ မရှိဟု သြဂုတ်လ ၃၀ ရက်က အထက်ပါဘဏ်မှ ဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။

ချေးငွေကို တစ်ဧကလျှင် ကျပ် ငါးသောင်းနှုန်းဖြင့် ဆယ်ဧကအထိ ထုတ် ချေးမည်ဖြစ်ပြီး ဥယျာဉ်ခြံလုပ်ကိုင်ခွင့် လက်မှတ် ပုံစံ ၇ မူရင်းနှင့် အိမ်ကဲ့သို့ သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း တစ်ခုခုကို အပေါင်ထားရမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ထို့အပြင် အပေါင်ထားမည့် အိမ်ဓာတ် ပုံ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ တိုင်းအစိုးရ၏ထောက်ခံချက် စသဖြင့် တင်ပြရမည်ဖြစ်ကြောင်း ဒေါ်လဲ့လဲ့ သန်းဌေးက ပြောသည်။

အတိုးနှုန်းကို တစ်နှစ်လျှင် ကိုးရာခိုင် နှုန်း သတ်မှတ်ထားပြီး အတိုးကို သုံးလ တစ်ကြိမ်၊ အရင်းကို ခြောက်လတစ် ကြိမ်ဖြင့် သီးနှံပေါ်ချိန်တွင် ပြန်ဆပ်ရ မည်ဖြစ်ကြောင်း သိရသည်။

“သုံးလေးယောက်လောက်ပဲ လာမေး ကြတယ်။ တနင်္သာရီတိုင်းမှာ ဥယျာဉ်ခြံ လုပ်ကိုင်နေသူအများစုက သူတို့မှာ ပုံစံ ၇ လျှောက်ထားတာ မကျလာသေးဘူးလို့ ဆိုတယ်”ဟု ဒေါ်လဲ့လဲ့သန်းဌေးက ဆို သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တွင် ချေးငွေရယူနိုင်ကြောင်းကို ရပ်ကွက် ရုံးတွင် ပြောဆိုဆွေးနွေးမှုများရှိသော်လည်း ချေးငွေ ရယူရန်အတွက် လိုအပ် သည့်အချက်အလက် များလွန်းသဖြင့် တောင်သူများအတွက် အဆင်မပြေဟု လောင်းလုံးမြို့နယ် အင်းဝန်းရွာမှ တောင်သူ ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

ဥယျာဉ်ခြံမြေအတွက် ထုတ်လုပ်မှု စရိတ်လိုအပ်သည့် တောင်သူများမှာ ပြင်ပမှ လာရောက်ချေးပေးသည့် ချေးငွေ ကုမ်္ပဏီများထံတွင် အတိုး ၁၅ ရာခိုင်နှုန်း ဖြင့် မည်သည့်အပေါင်ပစ္စည်းမှ မလိုဘဲ အာမခံပေးမည့်သူနှစ်ဦးဖြင့် ချေးငွေရယူ ကာ လုပ်ကိုင်ကြသည်ဟု ၎င်းက ပြော သည်။

Dawei Watch