တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် ထပ်တက်၊ စိုးရိမ်ရေအမှတ်ကျော်

0
490

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ သြဂုတ်လ ၂၃ ရက် မှစပြီး ဒုတိယအကြိမ်ပြန်လည်မြင့် တက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ်မြစ်ရေကြီးစဉ်က သြဂုတ်လ ၁၂ ရက်နေ့တွင် ရေအမှတ် ၂၆ ပေ ၆ လက်အထိ မြင့်တက်ခဲ့သည်။

ယင်းနောက် တဖြည်းဖြည်း ပြန် လည်ကျဆင်းခဲ့ပြီးနောက် သြဂုတ်လ နောက်ဆုံးအပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြန်လည်မြင့်တက်လာ ခဲ့သည်။

သြဂုတ်လ ၂၇ ရက်တွင် စိုးရိမ်ရေ အမှတ် ၁၇ ပေသို့ ရောက်ရှိခဲ့ပြီး သြဂုတ် လ ၃၀ ရက်တွင် ၂၀ ပေ ၃ လက်မအထိ မြင့်တက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်   ၁၇ ပေ နှင့် အန္တရာယ်ရေမှတ်ကို ၂၄ ပေ အဖြစ် သတ်မှတ်ထားသည်။

“ကယ်ဆယ်ရေးစခန်းတွေလည်း ပြန်ဖွင့်ထားရတယ်” ဟု တနင်္သာရီမြို့ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

မြစ်ရေများ ပြန်လည်မြင့်တက်ခဲ့ သဖြင့် စာသင်ကျောင်း ခုနစ်ကျောင်းအား ယာယီပိတ်ထားခဲ့ရကြောင်း တနင်္သာရီ မြို့နယ် ပညာရေးအသိုင်းအ၀ိုင်းမှ သိရသည်။

ပထမအကြိမ်မြစ်ရေတက်စဉ်က စာသင်ကျောင်း ၃၆ ကျောင်းယာယီပိတ်ခဲ့ ရပြီး၊ ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော် နှင့် လယ်ဧက နှစ်ထောင်ကျော်နစ်မြုပ် ခဲ့ရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

ထို့ပြင် ညောင်ပင်ကွင်းကျေးရွာ တွင် အသက် ၃ နှစ်ရှိ မိန်းကလေးငယ်တစ် ဦးနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် တပ်မတော်သားတစ်ဦး ရေနစ် သေဆုံးခဲ့ရကြောင်း ဦးရဲမြင့်ဆွေထံမှ သိရသည်။     

Dawei Watch