ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တစ်ဆင့်တက်ပါ

0
525

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍသည် အင်မတန်အရေးကြီးသည်ကို အားလုံးသိပြီး ဖြစ်သည်။

အကြောင်းရှိပါသည်။

ရပ်/ကျေး ဥပဒေကို ဖတ်ကြည့်သည့်အခါ ကျေးရွာအတွင်းဆိုသော်လည်း ၀န်ကြီးဌာနအစုံအတွက် အလုပ်လုပ်ရမည့်သဘော ဖြစ်သည်။ တကယ်အလုပ်လုပ်လျှင် အတော်ခေါင်းစားမည့် အလုပ်ဖြစ်သည်။ ထို့ကြောင့်လည်း ရပ်/ကျေး သမ္မတဟု တင်စားကြဟန်တူသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် တော်ရုံတန်ရုံ အရည်အချင်း ဖြင့် ရပ်ရေးရွာရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပါ။

ယခုကဲ့သို့ ကျေးရွာများက မြို့ဆန်လာသည့်အခြေအနေမျိုးတွင် ပိုဆိုးသည်။

ကျေးရွာတွင်းရေစီးရေလာ ကောင်းမွန်ရန် ၊ အမှိုက်စွန့်ပစ်မှုနှင့် သိမ်းဆည်းမှု

လျှပ်စစ်ဓာတ်အား စသဖြင့် များမြောင်လှသည့် ကိစ္စတွေကို  စီမံခန့်ခွဲလာရသည်။

သို့သော် ထိုအရေးကိစ္စများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သေချာနိုင်နင်းစွာ စီမံခန့်ခွဲသည်ကို တွေ့ရခဲလှသည်။

ကျေးရွာလမ်း ခင်းသည်ဆိုပါစို့။ လမ်းခင်းသည့် ကိစ္စကိုသာ အာရုံစိုက်ပြီး ယင်းနောက်ဆက်တွဲဖြစ်သည့် မြောင်းကိစ္စကို သေချာ မစီမံနိုင်သည်မျိုး။

ကျေးရွာထွက် အမှိုက်နှင့် ပတ်သက်ပြီး သေချာစနစ်တကျ ဖြစ်အောင် လုပ်သင့် နေသည့် အခြေအနေမျိုးတွင် အဆိုပါကိစ္စကို တရေးတယူ မစဉ်းစားသည်မျိုး ဖြစ်သည်။

မမြင်တတ်သောကြောင့် ဖြစ်သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မြင်တတ်မှ ရမည်ဖြစ်သည်။

မြို့ဆန်လာသည့် ကျေးရွာများအတွက် ရပ်/ကျေး သမ္မတများ နောက်တစ်ဆင့် တက်ရန် လိုနေပြီ ဖြစ်သည်။

အယ်ဒီတာ (သြဂုတ် ၂၅၊ ၂၀၁၉)