ဘယ်လိုဆုံးမကြမလဲ

0
110

“ဆုံးမ”ဆိုသည့်စကားလုံးကို အသေ အချာဆန်းစစ်ကြည့်သောအခါ အဓိပ္ပာယ် သတ်မှတ်ချက်က နှစ်ပိုင်းရှိနေသည်ကို တွေ့ရသည်။ ပထမပိုင်းကတော့ လိမ္မာ ယဉ်ကျေးအောင် သွန်သင်သည်တဲ့။ ဒုတိယအပိုင်းကတော့ အပြစ်ဒဏ်ပေးသည်။ စီရင်သည်တဲ့။ ဆိုတော့ ကျွန်တော် တို့အနေဖြင့် ဆုံးမသည်ဟု ဆိုလိုက်သည်နှင့် ရည်ရွယ်ချက်နှစ်ခုရှိသည်ကို သတိပြု ရပေမည်။ လိမ္မာယဉ်ကျေးလာအောင် သွန်သင်သည့်အပိုင်းနှင့် အပြစ်ဒဏ်ပေး သည့်အပိုင်းတို့ ဖြစ်သည်။

ဆုံးမခြင်းသည် အသက်ကြီးသူက အသက်ငယ်သူ၏ ကောင်းကျိုးအတွက် ရှေ့ရှု၍ပြုကြသောအမှု ဖြစ်သည်။ အပြစ် လုပ်သူသည် အရွယ်မရွေးဆုံးမခြင်းကို ခံရနိုင်သည်။ အသက်နည်းနည်းပိုကြီးသူ၊ အတွေ့အကြုံပိုရှိသူက အတွေ့အကြုံ ပိုနည်း သူကို ဆုံးမကြခြင်း ဖြစ်သည်။ စည်းကမ်း ထိန်းသိမ်းသူက စည်းကမ်း မလိုက်နာသူ ကို ဆုံးမကြသည်။ မိဘက သားသမီးကို၊ ဆရာက တပည့်ကို၊ အစ်ကိုက ညီ၊ ညီမများကို စသည်ဖြင့် ပြောဆိုဆုံးမလေ့ ရှိကြသည်။

ဤနေရာတွင် ကျွန်တော် အဓိကထား ဆွေးနွေးလိုသည်မှာ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကို ဆုံးမသည့်အပိုင်း ဖြစ်သည်။ ကျွန်တော်တို့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏တပည့်များကို ကောင်းစေချင်ကြသည့်၊ တော်စေချင်ကြသည့်၊ လိမ္မာယဉ်ကျေး စေချင်ကြသည့် စိတ်အရင်းခံက အားလုံး တွင် ရှိကြစမြဲ။ သို့သော်လည်း တပည့်ဆို သူများမှာ မိသားစုနောက်ခံ အမျိုးမျိုးမှ မွေးဖွားလာကြသူများ၊ ပတ်ဝန်းကျင် အမျိုးမျိုးတွင် ကြီးပြင်း လာကြသူများ ဖြစ်ကြသည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး ကိုယ်ရည်ကိုယ်သွေးက တန်းတူအနေ အထားတွင် မရှိကြ။

ခေတ်စနစ်၏ ရိုက်ခတ်ချက်ကလည်း ရှိနေနိုင်သေးသည်။ ထိုကလေးများ မှာ စရိုက်အမျိုးမျိုး၊ အမူအကျင့်အမျိုး မျိုးဖြင့် စာသင်ခန်းထဲ ရောက်လာကြသည်။ ဆရာ၊ ဆရာမများနှင့် အတန်းသူအတန်း သားများကို နည်းလမ်းမျိုးစုံနှင့် နှောင့်ယှက် တတ်ကြသည်။ ချမှတ်ထားသော အတန်း တွင်း၊ အတန်းပြင်နှင့် ကျောင်းစည်းကမ်း အမျိုးမျိုးကို ဖောက်ဖျက်တတ်ကြသည်။ စာကို ကောင်းမွန်စွာဖြင့် သင်ယူလိုစိတ် မရှိကြ။

ဆရာ၊ ဆရာမများအနေဖြင့် တပည့် များကို တခြားသောအကြောင်းကိစ္စများ တွင် သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိကြသော် လည်း သင်ကြားရေးအပိုင်းကို အနှောင့် အယှက်ပေးလာလျှင်တော့ စိတ်ဆိုးဒေါသ ထွက်တတ်ကြပေသည်။ ထိုအချိန် မျိုးတွင် သတိလက်လွတ်ဖြစ်ပြီး တပည့်များကို လက်လွန်ခြေလွန် ပြောဆိုဆုံးမမိတတ် ကြသည်။ မရည်ရွယ်ဘဲ ထိခိုက် အနာတရ ဖြစ်သွားစေတတ်သည်။ ထိုကဲ့သို့ဖြစ်လာ လျှင် မိမိမှာ ကရုဏာဒေါသကြောင့် ဖြစ်သွား သော်လည်း မိဘက သဘောထားမကြီး လျှင် မိမိမှာသာ နစ်နာဖို့ ရှိတော့သည်။ ဆရာ၊ ဆရာမများအနေဖြင့် အထူးသတိ ချပ်ရပေမည်။ နောက်တစ်ချက်က ဆရာ၊ ဆရာမများသည် ကလေးများကို ဆုံးမ ဖို့ရာအတွက် မိဘနှင့်တန်းတူအခွင့်အရေး မရှိဆိုသည့်အချက်ပင် ဖြစ်သည်။

ကလေးတွေကို ဆုံးမသည့်နေရာ တွင် ဘာသာတရား၊ လူမျိုးနှင့် ယဉ်ကျေး မှုအခြေအနေအရ ခွင့်မလွှတ်နိုင်သည့်၊ ရိုင်းပျသည့် အနေအထားရှိသော ဆုံးမ မှုမျိုးကို ရှောင်ရှားကြရပေမည်။ ဥပမာ မြန်မာ့ယဉ်ကျေးမှုအရ ခြေထောက်နှင့် ကန်ခြင်းမျိုး၊ ပါးရိုက်သည်မျိုးကို ရှောင် ရှားကြရပေမည်။ ထို့အပြင် ကလေးများ ကို ရင့်သီးသည့်စကားလုံးမျိုး၊ ညစ်ညမ်း သည့်စကားလုံးမျိုးဖြင့် ပြောဆိုဆုံးမခြင်း မျိုး လုံးဝမပြုမိဖို့ အရေးကြီးသည်။ ကလေး၏အသက်အရွယ် အပိုင်းအခြား အရ အတန်းသူ၊ အတန်းသားများ၏ရှေ့မှောက်တွင် အရှက်ရစေနိုင်သည့်၊ စိတ်ကသိကအောက် ဖြစ်စေနိုင်သည့် ဆုံးမမှုမျိုးကိုလည်း မလုပ်မိဖို့လိုသည်။

ကျွန်တော်တွေးနေမိသည်က ကျွန်တော်တို့က တပည့်တွေကို လိမ္မာယဉ်ကျေး အောင် ဆုံးမကြသူများ ဖြစ်နေချိန်တွင် ကျွန်တော်တို့အနေဖြင့် မျက်နှာအမူအရာ နှင့် သုံးနှုန်းသည့်စကားလုံးများတွင် ဒေါသ ထွက်နေသည့် ပုံမျိုးပေါက်မနေဖို့ လိုပေ မည်။ ထိုသို့မဟုတ်လျှင်တော့ ကိုယ်တိုင် က မယဉ်ကျေးသူဖြစ်၍ နေပေလိမ့်မည်။ ဒေါသမထွက်မိအောင် တတ်နိုင်သလောက် ထိန်းကြရပေမည်။ ဒေါသအလျောက် ဆုံးမမိလျှင် လက်လွန်ခြေလွန်ဖြစ်ပြီး အမှားတွေ့သွားနိုင်သည်။

ကလေးများ၏ စိတ်နေသဘောထား ကိုလည်း တွက်ဆထားဖို့တော့ လိုမည် ထင်ပါသည်။ အခြေခံပညာကျောင်းသား အရွယ်ဆိုသည်မှာ ဆော့ချင်ကြသည့်အရွယ်၊ စချင်နောက်ချင်တတ်ကြသည့် အရွယ်တွေ ဖြစ်သည်။ အထက်တန်းအဆင့် ကျောင်း သားလေးများဆိုလျှင်တော့ မြီးကောင် ပေါက်အရွယ်တွေ ဖြစ်လာပြီမို့ အတန်းထဲ တွင် ပေါ်ပြူလာဖြစ်ချင်လာသည်။ မိန်း ကလေးတွေ အာရုံစိုက်တာကို ခံချင်ကြ သည်။ ထို့အတွက် ဆံပင်ပုံစံကိုသော် လည်းကောင်း၊ အ၀တ်အစားဝတ်သည့် ပုံစံကိုသော်လည်းကောင်း အမျိုးမျိုး စတန့်ထွင် တတ်ကြသည်။ သူ့ကိုသတိ ထားမိလာအောင် စကားကို ကျယ်လောင်စွာ ပြောမည်။ ဆရာ၊ ဆရာမစာသင်နေ ချိန်တွင် သင်ခန်းစာနှင့်မသက်ဆိုင်သည့် စကားလုံးများဖြင့် အရွှန်းဖောက်ကြမည်။ သူအရွှန်းဖောက်လိုက်၍ ကျန်သူများက လိုက်ရယ်ကြလျှင် သူကျေနပ်နေမည်။ ထိုကဲ့သို့သော ကျောင်းသားမျိုးမှာ အတန်း ထဲတွင် အနည်းနှင့်အများတော့ ပါနေပေ မည်။ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုသည်ကို နည်းလမ်းရှာ ကြရသည်က ဦးနှောက်ခြောက်စရာ ဖြစ်နေပေမည်။

ကျွန်တော်တို့အနေဖြင့် ဆရာ၊ ဆရာမ အလုပ်ကို လုပ်နေသမျှ ကျောင်းသားမျိုးစုံ နှင့် ဆုံတွေ့နေကြရပေဦးမည်။ မိမိ၏စာသင်ချိန်တွင် ကျောင်းသားများကို ဘယ်လိုထိန်းပြီးတော့ သင်ကြားမှု၊ သင်ယူ မှုတွင် အားလုံးပါလာအောင် ဘယ်လို လုပ်မလဲဆိုသည်ကို ကြံဆနေရပေမည်။ ကျောင်းသားများ မိမိစာသင်ချိန်တွင် စာကိုစိတ်မ၀င်စားဘဲ ဖြစ်နေမည်၊ အိပ်ငိုက် နေမည်ဆိုလျှင် ကျွန်တော်တို့၏ စာသင် ကြားသည့် ပုံစံကို ပြန်လည်ဆန်းစစ်ရ ပေမည်။ မိမိ၏သင်ကြားမှုသည် ဆရာ ဗဟိုပြုတာများ နေလား၊ ဒါမှမဟုတ် သင်ခန်းစာကပဲ စိတ်ဝင်စားဖို့ မကောင်း လို့လားဆိုတာ ဆန်းစစ်ရပေမည်။

ကျောင်းသားတွေကိုချည်း အပြစ်ဖို့ နေ၍တော့ မဖြစ်။ ကျွန်တော်တို့တွင်လည်း အားနည်းချက်က ရှိနေသည်။ ဆရာ၊ ဆရာမ အများစုအနေဖြင့် lesson plan မဆွဲဘဲ သင်ကြသည်က များသည်။ ထို အထဲတွင် ကျွန်တော်လည်းတစ်ယောက် အပါအ၀င် ဖြစ်သည်။ သင်ကြားခဲ့သည့် အတွေ့အကြုံများ လာသည်နှင့်အမျှ သင် ခန်းစာကြိုတင်ပြင်ဆင်မှုမရှိဘဲလည်း သင်၍ရသည်ဟု စိတ်အထင်ရောက်ကြ သည်။ ဤအချက်က ကျွန်တော်တို့ကို ကျဆုံးစေသည်။ နောက်တစ်ချက် ပြဋ္ဌာန်း စာအုပ်ပါ သင်ခန်းစာများ များလွန်းနေ ခြင်းကလည်း စာကိုအချိန်ယူသင်ဖို့ အဟန့် အတား ဖြစ်စေသည်။ တတ်မြောက်ဖို့ထက် စာမေးပွဲအောင်ဖို့ကို အဓိကထား သင်ကြားနေရခြင်းကလည်း ကျောင်းသား များနှင့် ဆရာများအတွက်ပါ သင်ကြားမှု၊ သင်ယူမှုကို ငြီးငွေ့စရာ ဖြစ်သွားစေနိုင် သည်။

ဆိုတော့ ကျောင်းသားများအနေဖြင့် မိမိစိတ်မ၀င်စားသည့် အလုပ်တစ်ခုကို မိဘဆရာများ၏ ဖိအားပေးမှုကြောင့် လုပ်နေရသလို ဖြစ်နေသည်။ ထိုဖိအား ဒဏ်ကို နည်းအမျိုးမျိုးဖြင့် သူတို့တွန်းလှန် ဖို့ ကြိုးစားတော့သည်။ ထိုအခြေအနေ က စာသင်ခန်းအတွင်းနှင့် စာသင်ခန်း ပြင်ပတွင် မလိုလားအပ်သော ပြဿနာ တွေကို ဖြစ်ပေါ်လာစေသည်။

ဆရာ၊ ဆရာမများအနေဖြင့် ထို အခြေအနေအရပ်ရပ်ကို မသုံးသပ်မိဘဲ စေတနာဇောဖြင့် စိတ်ခံစားချက်ပြင်းပြင်း နှင့် ဆုံးမမိပါက မလိုလားအပ်သော အကျိုးသက်ရောက်မှုမျိုး ဖြစ်သွားနိုင် သည်။ ကျွန်တော်တို့ကျောင်းတွေမှာ နှစ်သိမ့်ဆွေးနွေးပေးမည့်သူ၊ ကလေးစိတ် ပညာကိုကျွမ်းကျင်သူ တစ်ယောက် ယောက်ကို မခန့်ထားနိုင်သေးသမျှ ဆရာ၊ ဆရာမများက ထိုတာဝန်ကိုပါ ယူနေကြ ရပေဦးမည်။ ဆုံးမပြောဆို နေကြရပေဦး မည်။ ပြဿနာ အဖုအထစ်လေးတွေ ဖြစ်နေကြ ပေဦးမည်။

လက်ရှိခေတ်စနစ်နှင့် ကိုက်ညီမည့် positive punishment အကြောင်းကိုတော့ မိဘများနှင့်ဆရာများအတွက် ဆောင်းပါးတစ်ပုဒ်ရေးပြီး မျှဝေပေးပါ ဦးမည်။

ကျွန်တော်တို့အနေဖြင့် ကလေးများ ကိုကိုင်တွယ်သည့်နေရာတွင်၊ ဆုံးမသည့် နေရာတွင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မည့်နည်းလမ်းကို သုံး ကြဖို့ ဆရာ၊ ဆရာမများကို တိုက်တွန်း လိုပါသည်။ တိုင်းပြည်ကြီးတစ်ခုလုံး နေရာတိုင်း နီးပါးတွင် အကူးအပြောင်း ကာလ ရောက်နေသဖြင့် မည်သည့်နေရာ တွင်မျှ အသားမကျသေး။ ကျွန်တော်တို့ တိုင်းပြည် အနေဖြင့် လျှပ်စစ်ဓာတ်အား မရသေးခင် လျှပ်စစ်ထမင်းပေါင်းအိုးတစ်လုံးကို လက်ဆောင်ရထားသလို ဖြစ်နေ သည်။ ဆိုတော့ ဆရာ၊ ဆရာမများအနေ ဖြင့် ကလေးတွေကို ကိုင်တွယ်ရာတွင် ပါးပါးနပ်နပ်ရှိကြဖို့ လိုပေမည်။

သန်းဇော်ဦး(ရလိုင်)