မြိတ်၊ ကော့သောင်းအပါအ၀င် ထိုင်းမြန်မာနှစ်နိုင်ငံမှ ခရိုင်ခြောက် ခုတွင် ခရီးသွားစက်ဝန်းတစ် ခုပေါ်ပေါက်ရေး ထိုင်းအစိုးရေ ဖ်ာဆောင်နေ

0
566

မြိတ်နှင့် ကော့သောင်းခရိုင်အပါအ၀င် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှ ခရိုင် ခြောက်ခုတွင် ခရီးသွားစက်ဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် ထိုင်းနိုင်ငံအစိုးရက စီမံကိန်းဖြင့်ဖော်ဆောင်နေသည်ဟု ရနောင်းခရိုင် ဒုတိယခရိုင်ဝန်က ပြောသည်။

ထိုင်းနိုင်ငံရှိ ဖက်ဘူရီ၊ ပရာကျွတ်ခီရီခန်၊ ချုံဖွန်၊ ရနောင်းခရိုင်တို့နှင့် မြန်မာ နိုင်ငံရှိ မြိတ်၊ ကော့သောင်း ခရိုင်တို့ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရနောင်း ဒုတိယခရိုင်ဝန် Mr.Chartree Chanvirachai က ပြောသည်။

သြဂုတ်လ ၂၂ ရက်က မြိတ်မြို့ရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သည့် ထိုင်းနိုင်ငံရနောင်းခရိုင်မှ တာဝန်ရှိသူ များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံကာ နယ်စပ်ချင်းထိစပ်နေသည့် ခရိုင်များ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုမြှင့် တင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီးနောက် ဒေသအခြေစိုက်မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းခရိုင်သို့ ၂၀၁၈ ခုနှစ်က ပြည်တွင်းပြည်ပ ခရီးသွား ၁ သန်းခန့် လာရောက်လည် ပတ်ခဲ့ကြပြီး ခရီးသည်အများစုက ရနောင်း မှတဆင့် ကော့သောင်းခရိုင်ရှိ ကျွန်းများသို့ သွားရောက်လည်ပတ်ကာ ကော့သောင်း ခရိုင်အတွင်းသို့  ပြန်လည်ဝင်ရောက်လာကြောင်း Mr.Chartree Chanvirachai က ပြောသည်။

ခရီးသွားစက်ဝန်းအကောင်အထည်ဖော်နိုင်မည်ဆိုပါက ကော့သောင်းမှ ၀င်ရောက်ကာ မြန်မာနိုင်ငံတွင်းလည်ပတ်နိုင်မည်ဖြစ်ပြီး မြိတ်ခရိုင် မောတောင်နယ်စပ်မှတဆင့် ပြန်လည်ထွက်ခွာနိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခရိုင် ၆ ခု ခရီးသွားစက်ဝန်းစီမံကိန်း နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်း မရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မြိတ်ရုံးခွဲ)ထံမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာဘက်မှ မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလအတွင်းက တရားဝင်ဂိတ်အဖြစ် ဖွင့်လှစ်ထားရှိပြီး ထိုင်းနိုင်ငံဘက်ကမူ ယာယီနယ်စပ်ဂိတ်အဖြစ်သာ ဖွင့်လှစ်ထားသည်။

ကိုဆန်း