ကော့သောင်းဗျူးပွိုင့်တွင် ဟိုတယ်ဇုန် မဖော်ဆောင်တော့

0
978

ကော့သောင်းမြို့အ၀င်“ကော့သောင်း မြို့မှ ကြိုဆိုပါ၏”ဗျူးပွိုင့်မြေနေရာတွင် ဟိုတယ်ဇုန် ဖော်ဆောင်တော့မည် မဟုတ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ယင်းနေရာတွင် ကောင်းမြန်မာ အောင်ကုမ္ပဏီက ဟိုတယ်ဇုန်ဆောက်ရန် ၂၀၁၇ ခုနှစ်က အစိုးရသို့ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

“မလုပ်ဖြစ်တော့ပါဘူး၊ အဲဒီဗျူးပွိုင့် နေရာမှာ ဟိုတယ်ဇုန် မဆောက်ဖြစ် တော့တာပါ”ဟု ၀န်ကြီးချုပ်က ပြောသည်။

ကုမ်္ပဏီက ဟိုတယ်ဇုန်ဆောက်ရန် အဆိုပြုစဉ်က ကော့သောင်းဒေသခံအချို့က စီမံကိန်းကို ကန့်ကွက်ကြောင်း စုပေါင်းလက်မှတ်ရေးထိုးကာ တိုင်းအစိုးရနှင့် တိုင်းလွှတ်တော်သို့ ပေးပို့ခဲ့ကြသည်။

ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ ကမ်ပုံလာမာတောင်ရှိ ယင်းနေရာသည် အများပြည်သူအနားယူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဟိုတယ်ဇုန်လုပ်မည့်ကိစ္စ သဘောမတူကြောင်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ် နိုင်ငံပိုင် မြေယာထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကလည်း ယင်းနေရာအား ကော့သောင်း မြို့၏ အများပြည်သူပိုင်နေရာ၊ အထင်ကရ ဗျူးပွိုင့်နေရာအဖြစ်သာထားရှိ ပေးရန် သဘောထားထုတ်ပြန်ခဲ့ဖူးသည်။

ယခုကဲ့သို့ ဟိုတယ်ဇုန် မဖော်ဆောင်တော့သည်ကို ကျေနပ်မိပြီးနောက် အစိုးရ အဆက်ဆက်ကလည်း ၎င်းနေရာ ကို ပြည်သူပိုင်နေရာအဖြစ် ထိန်းသိမ်းထားစေလိုကြောင်း ဟိုတယ်ဇုန်အား ဦးဆောင်ကန့်ကွက်ခဲ့သည့် ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

“ကော့သောင်းမြို့ရဲ့ အထင်ကရ နေရာပါ။ နောက်အဆက်ဆက်လည်း ဒီနေရာမှာ ဟိုတယ်ဇုန် မဆောက်သင့် ပါဘူး”၎င်းမြို့ခံက ပြောသည်။

ကောင်းမြန်မာအောင်ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးအောင်မင်းကျော်က ၎င်းနေရာသည် ကြေးတိုင်ပြင် ကွင်းအမှတ် (23/OSS)၊ အမှတ်(N/108)ရှိ ပုံစံ ၇ ထွက်ပြီးသားမြေဖြစ်ပြီး ဒေသခံတစ်ဦး ထံမှ ၀ယ်ယူထားကြောင်း ပြောဆိုထားသည်။

ဟိုတယ်ဆောက်ရန် ရရှိထားသည့် မြေဧရိယာ ၄ ဒသမ ၃၉ ဧက အနက် ၁ ဒသမ ၇၅ ဧက တွင်သာ ဟိုတယ် ဆောက်လုပ်မည်ဖြစ်ပြီး ကျန်ရှိသော မြေ ၂.၆ ဧက ကို အများပြည်သူ အပန်းဖြေနေရာအဖြစ် တည်ဆောက်မည်ဟု ဦးအောင်မင်းကျော်က  ပြောဆိုခဲ့ဖူးသည်။

Dawei Watch