တနင်္သာရီမြို့နယ်တွင် ရေတွင်း ငါးရာကျော်ကို ပြန်လည်သန့်စင်ပေး မည်

0
1020

တနင်္သာရီမြိုနယ်ရှိ ရေကြီးရေလျှံခဲ့သည့် ကျေးရွာများမှ ရေတွင်းငါးရာကျော်ကို တွင်းဆေး၊ တွင်းမှုတ်လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ကျေးရွာ ၆၇ ရွာမှ ရေတွင်း ၅၅၅ တွင်းကို ပြန်လည်သန့်စင်ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းအတွင်း ရေကြီးရေလျှံခြင်းများဖြစ် ပေါ်ခဲ့ပြီး ကျေးရွာအချို့ရှိ ရေတွင်းများထဲ သို့ ရေဆိုးရေညစ်များနှင့် နုန်းများဝင်ရောက်ခဲ့သဖြင့် ရေစုပ်စက်များဖြင့်စုပ် ထုတ်ကာ ပြန်လည်သန့်စင်ရန်အတွက် တွင်းဆေး တွင်းမှုတ်ခြင်းများပြုလုပ်ပေးမည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တွင်းဆေး တွင်းမှုတ်ပြုလုပ်လိုသည့် ကျေးရွာများကိုစာရင်းတောင်းယူခဲ့ရာ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ် ကျေးရွာများသာ စာရင်းလာတင်သည်ဟု ၎င်းက ပြောသည်။

ပုလောမြို့နယ်ရှိ ကျေးရွာများမှ ရေတွင်းများကိုမူ ကလိုရင်းဆေးခတ်ပေး မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စာရင်းအရပဲ လုပ်ပေးတာ။ ကျန်တဲ့ ရွာတွေက စာရင်းလာမတင်ဘူး။ မပျက် စီးဘူးပဲပြောတာ။ မြို့နယ်အနေနဲ့ ထွေအုပ်တို့ဘာတို့နဲ့ ပူးပေါင်းပြီး သူတို့ဘာသာ လုပ်တာတွေတော့ ရှိတာပေါ့”ဟု တာဝန် ရှိသူက ဆိုသည်။

သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများမှ တာဝန်ရှိသူများနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပူးပေါင်းကာ သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ရေတွင်း ၃၆ တွင်းကို တွင်းဆေး တွင်းမှုတ်ပြုလုပ်ပေး ခဲ့ပြီးဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

အချို့မြို့နယ်များတွင် ပျက်စီးခဲ့သည့် ရေတွင်းများကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ကြသူများလည်းရှိသည်။

တနင်္သာရီမြို့နယ်တွင် ရေကြီးရေလျှံမှုမှာ အန္တရာယ်ရေမှတ်ထက် မြင့်တက်ခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်ခဲ့သည်။

မိုးမြင့်