ရေကြီးရေလျှံမှုကြောင့် ဆားကြမ်း ပိဿာချိန် သိန်းငါးဆယ်နီးပါး ပျက်စီး

0
605

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဂိုဒေါင်တွင် သိုလှောင်ထားသည့် ဆားကြမ်း ပိဿာချိန်ပေါင်း သိန်းငါးဆယ် နီးပါးပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်း ၀ယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးထံမှ သိရသည်။

သြဂုတ်လ ပထမအပတ်အတွင်း သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ်အတွင်း ဆားကြမ်းအများဆုံး ထုတ်လုပ်သည့် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဂိုဒေါင် ၄၇ လုံးရှိ ဆားကြမ်း ပိဿာချိန် ၄၁ သိန်းကျော်၊ ကရုပ်္ပိကျေးရွာရှိ ဂိုဒေါင် ၁၃ လုံးမှ ဆားကြမ်းပိဿာချိန် ၆ သိန်းနှင့် မော်လမြိုင်ဆားစက်လုပ်ငန်း တစ်ခုမှ ဆားကြမ်းပိဿာချိန် ၂ သောင်းနှင့် ဆားချောပိဿာချိန် ၁ သောင်းတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ဆားကြမ်းတစ်ပိဿာလျှင် ပျမ်းမျှ ကာလပေါက်ဈေး ကျပ် ၁၅၀ နှုန်းနှင့် တွက်ချက်ပါက ပျက်စီးခဲ့သည့် ဆားကြမ်း တန်ဖိုးမှာ ကျပ်သိန်းပေါင်း ခုနှစ်ထောင်ကျော်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်)ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည။

“သံဖြူဇရပ်မြို့နယ်ထဲက ပငကျေး ရွာအုပ်စုနဲ့ ဂရုပ်္ပိကျေးရွာအုပ်စု နောက်မော်လမြိုင်ပေါ့။ ရေကြီးနစ်မြုပ် ပျက်စီးသွားတာပေါ့နော်”ဟု ဦးခင်စိုးက ပြောသည်။

ဆားကြမ်းထုတ်လုပ်သည့် အခြားမြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သော်လည်း ဆားကြမ်းသိုလှောင်ထားသည့် ဂိုဒေါင်များ နစ်မြုပ်မှုမရှိသည့် အတွက် ဆားပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း ဦးခင်စိုးက ပြောသည်။

“မနှစ်က ရေကြီးလို့ ဂိုဒေါင်တွေ မြုပ်ထားတော့ ဒီနှစ်မှာ ဂိုဒေါင်တွေကို မြှင့်ပြီး လုပ်ထားပေမယ့် ဒီနှစ်က မနှစ် ကထက် ရေပိုတက်တော့ ဘယ်လိုမှ လုပ်လို့မရဘူး ထပ်မြုပ်ပြန်တယ်”ဟု ဆားကြမ်းပိဿာချိန် ၁၅၀ ခန့် ပျက်စီး ဆုံးရှုံးသွားသည့် ပငရွာမှ ဆားလုပ်ငန်းရှင် နိုင်ရွှေက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် သံဖြူဇရပ် မြို့နယ်အတွင်းတွင် ဆားကြမ်းများသာမက ငပိလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ကြက်စာလုပ်ငန်းတို့လည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

Dawei Watch