ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကောက်ရန် နေ့စားဝန်ထမ်းခေါ်

0
624

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ရန် နေ့စားဝန်ထမ်းခေါ်ယူနေကြောင်း တနင်္သာရီတိုင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လ၀က)ထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း လူဦးရေ စာရင်းကောက်ကွက် ၁၄၆ ကွက်ရှိပြီး စာရင်းကောက်၊ စာရင်းစစ်အဖြစ် လျှောက် ထားလိုသူများ သက်ဆိုင်ရာ မြို့နယ်လ၀က ရုံးများတွင် လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီး လ၀ကရုံးထံမှ သိရသည်။

လူဦးရေ စာရင်းကောက်ကွက်၂ ကွက်လျှင် စာရင်းကောက် ၁ ဦး၊ စာရင်း ကောက် ၄ ဦးလျှင် စာရင်းစစ် ၁ ဦးနှုန်း ရွေးချယ်ခန့်ထားမည် ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလ ၁၈ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ(လ၀က) ထားဝယ်မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်နိုင်က ဆိုသည်။

အထက်ပါနေရာများအတွက် ကျား /မ မရွေးလျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင် တန်းအောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ် ကျောင်းသား ကျောင်းသူနှင့် ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

“ဘွဲ့မရတဲ့ကလေးများနေရင်လည်း ဘွဲ့ရတဲ့ကလေးကို ဦးစားပေး ရမယ်ပေါ့”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ထားဝယ်မြို့ နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်က ပြောသည်။

လျှောက်ထားလိုသူများသည် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်ထက်မကြီးသူ ဖြစ်ရမည်ဖြစ်ပြီး မိုဘိုင်းဖုန်းနှင့် မိုဘိုင်းတက်ဘလက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများ လျှောက်ထားနိုင် သည်ဟု ယင်းဌာနထံမှ သိရသည်။

စာရင်းကောက်နှင့် စာရင်းစစ်လုပ်ရန် ရွေးချယ်ခံရသူများကို သင်တန်းပေး မည်ဖြစ်ပြီး သင်တန်းတက်ရောက်စဉ်နှင့် ကြားဖြတ် သန်းခေါင်စာရင်းကောက်သည့်နေ့များတွင် နေ့တွက်စရိတ်အဖြစ် တစ်ရက်လျှင် ကျပ် ၄၈၀၀ နှုန်းရရှိမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ယခုနှစ် နိုဝင်ဘာလ ၁၈ ရက် နောက်ပိုင်းတွင် ကောက်မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်တွင် နောက် တစ်ကြိမ်ကောက်ယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လ၀ကဌာနထံမှ သိရသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များမရမီ ကြားကာလတွင် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်း အချက်အလက်များကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအကောင်အထည်ဖော်ရာ တွင် လိုအပ်သော အညွှန်းကိန်းများရရှိရန် ကြားဖြတ်ကောက်ယူခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လ၀ကဌာနထံမှ သိရသည်။

Dawei Watch