ရပ်၊ ပျက်၊ နှေးဖြစ်နေသည့် ဌာနမီတာများကို အသစ်လဲပေး

0
944

ထားဝယ်မြို့အတွင်း တပ်ဆင်ထားသည့် ဌာနမီတာများ ရပ်၊ ပျက်၊ နှေး ဖြစ်နေပါက မီးဆက်ကြေးအဖြစ် ငွေကျပ် နှစ်ထောင် ပေးသွင်းစေပြီး မီတာအသစ်ဖြင့် လဲပေးနေကြောင်း ထားဝယ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းဇော်ဦးက ဆိုသည်။

ယခင်က လျှပ်စစ်ဌာနပိုင်မီတာ ရပ်၊ ပျက်၊ နှေး ဖြစ်နေသည့်အတွက် မီးလင်းရေးမီတာ တပ်ဆင်အသုံးပြုနေသူများ အနေဖြင့် ဌာနပိုင်မီတာအသစ်ကို လဲလှယ်တပ်ဆင်လိုပါက မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် လာရောက်လျှောက် ထားနိုင်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် ဌာနပိုင်မီတာများ အပြင် မီးလင်းရေးမီတာ၊ ဖိုးသီးချိုမီတာ စသဖြင့် လျှပ်စစ်မီတာအမျိုးမျိုးကို ယခင်က တပ်ဆင်အသုံးပြုခဲ့ကြသည်။

“အိမ်ရှင်က ကိုယ်တို့ကို လာပြောရင် ကိုယ်တို့က လဲပေးမယ်”ဟု မြို့နယ်လျှပ် စစ်အင်ဂျင်နီယာ ဦးသန်းဇော်ဦးက ပြောသည်။

ယခုနှစ် ဇူလိုင်လမှ သြဂုတ်လ လက်ရှိအချိန်ထိ ရပ်၊ ပျက်၊ နှေးဖြစ်နေသည့် မီတာအလုံးရေ ၁၀၀ ခန့်ကို လဲလှယ်ပေးခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဌာနမီတာမရှိသည့် အိမ်များကမူ ဌာနမီတာကို လျှောက်ထားနိုင်ပြီး မီတာတပ်ဆင်မှုအတွက် သတ်မှတ်နှုန်းထား အတိုင်းပေးသွင်းရမည်ဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

ထားဝယ်ခရိုင်အတွင်း စုစုပေါင်း မီတာအလုံးရေ ခြောက်သောင်းကျော် ရှိသည်။

ကိုဇော်