တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းခြောက်ထောင်ကျော်ရှိ လုပ်ငန်းသုံးခု ထပ်မံခွင့်ပြု

0
931

တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းခြောက်ထောင်ကျော်ရှိ လုပ်ငန်းသုံးခုကို သြဂုတ်လ ၁၉ ရက်က ထပ်မံခွင့်ပြုလိုက်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC)ထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်း ဟိုတယ် လုပ်ငန်းနှစ်ခုနှင့် မြိတ်ခရိုင်အတွင်း ရေခဲစက်လုပ်ငန်းတစ်ခုကို ခွင့်ပြု (အတည် ပြုမိန့်ပေး) လိုက်ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်းရှိ စမ်းလှမ်းကမ်းခြေတွင် ကျပ် ၅၂၃ ဒသမ ၇၅ သန်း ရင်းနှီးမြှုပ်နှံမည့် Sallal ventures ကုမ္ပဏီနှင့် တီဇစ်ကမ်းခြေတွင် ကျပ်သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည့် Myanmar Made ကုမ္ပဏီတို့ကို အတည်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

မြိတ်ခရိုင်အတွင်း ကျပ် ၅၈၂၀ သန်း ရင်းနှီးမြှုပ်နှံပြီး ရေခဲစက်လုပ်ငန်းလုပ်ကိုင်မည့် အောင်မြတ်ဖြိုး အင်တာ နေရှင်နယ်ကုမ္ပဏီကို အတည်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း TRIC ထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ၅ သန်း(သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင် (အတည်ပြုမိန့်ပေးနိုင်)သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည်။

TRIC က အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၂၄ ခုရှိပြီဖြစ်ပြီး  စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သန်း ပေါင်း ၃၅၀၀၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၃ သန်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီစာရင်းအရ သိရသည်။

လက်ရှိ TRIC တွင် အတည်ပြုမိန့် ထုတ်ပေးရန် စိစစ်ဆဲလုပ်ငန်း ၁၇ ခုရှိနေ ပြီး မြေယာအခြားနည်း အသုံးပြုခွင့် အတွက် စောင့်ဆိုင်းနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

“မြေကို အခြားနည်းအသုံးပြုခွင့် စောင့်ဆိုင်းနေတယ်၊ အခြားနည်း အသုံးပြုခွင့်ရပြီးဆိုရင် ကျွန်တော်တို့ဘက်က မြန်တယ်”ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

တိုင်းကော်မတီ TRIC က စိစစ်ဆဲ လုပ်ငန်းအများစုမှာ ဟိုတယ်လုပ်ငန်းများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

TRIC တွင် ရင်းနှီးမြှုပ်နှံခွင့် အတည်ပြုမိန့်ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်း၊ ပုလော၊ တနင်္သာရီနှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံပါက ၀င်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ် သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသောဒေသအဖြစ် သတ်မှတ်ထားသည့် ထားဝယ်မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ၀င်ငွေခွန် ကင်းလွတ်ခွင့်ကို ၅ နှစ် သတ်မှတ် ထားသည်။

ကိုဇော်