ထားဝယ်လျှပ်စစ် တစ်ယူနစ် ကျပ်၂၄၀ ၀န်းကျင်ဖြင့် ကုမ္ပဏီနှစ်ခု အဆိုပြု၊ တင်ဒါအောင်ကုမ္ပဏီအား မကြာမီထုတ် ပြန်မည်

0
1804

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် ကုမ္ပဏီနှစ်ခုက လျှပ်စစ်တစ်ယူနစ်လျှင် ၂၄၀ ကျပ်ဝန်းကျင် ကောက်ခံရန် အသီးသီးအဆိုပြု ခဲ့ကြသည်။

လျှပ်စစ်တင်ဒါဖွင့်ပွဲကို သြဂုတ်လ ၂၀ ရက်မွန်းလွဲပိုင်းက ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီနှစ်ခုက ဈေးနှုန်းကို အဆိုပြုခဲ့ကြခြင်း ဖြစ်သည်။

တင်ဒါအဆိုပြုထားသည့် ရန်ကုန် အခြေစိုက် Petro and Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် အဆို ပြုခဲ့သည်။

စင်ကာပူအခြေစိုက် မြန်မာနိုင်ငံသားပိုင် Stellar Powerhouse Prt လီမိတက်က လျှပ်စစ်တစ်ယူနစ်လျှင် ၂၄၀ ဒသမ ၁၆ ကျပ်ဖြင့် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီနှစ်ခုသည် ၎င်းတို့ရရှိ ထားသည့် သတင်းအချက်အလက် (ဂက်စ် ဈေးနှုန်း)ကို အခြေခံ၍ လျှပ်စစ်တစ်ယူ နစ်နှုန်းထားကို တွက်ချက်အဆိုပြုခဲ့ခြင်း ဖြစ်ပြီး Petro and Trans ကုမ္ပဏီက ဂက်စ် 1MMBTU လျှင် ၇.၅ ဒေါ်လာ နှင့် Stellar Powerhouse Pet လီမိတက်က ၉.၁ ဒေါ်လာအပေါ် အခြေခံတွက်ချက် ထားသည်။

ထားဝယ်ခရိုင်အတွက် ဂက်စ်ကို ယခုနှစ် မေလမှ စတင်၍ အစိုးရနှုန်းထားဖြင့် ၀ယ်ယူခွင့်ရခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးက ပြောဆိုထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ ၀က်ဆိုဒ်တွင် Petro and Trans ကုမ္ပဏီ၏ အချက်အလက်ကိုသာ ဖော်ပြထားပြီး Stellar Powerhouse Pet လိမီတက်၏ အချက်အလက်ကို ဖော်ပြထားခြင်း မရှိပေ။

အဆိုပြုဈေးနှုန်းများမှာ ပြည်သူလက်ဝယ်အရောက် နှုန်းထားဖြစ်ပြီး ကုမ္ပဏီနှစ်ခုလုံးက လျှပ်စစ်ကို ဂက်စ်အင်ဂျင်များဖြင့် ထုတ်လုပ်ရန် အဆိုပြုခဲ့ကြခြင်း ဖြစ်သည်။

တင်ဒါဖွင့်ပွဲတွင် ကုမ္ပဏီများက အဆိုပြုလာသည့်အပေါ် တင်ဒါစည်းမျဉ်း အမှတ်ပေးစနစ်များဖြင့် တိုက်ဆိုင်ကာ တင်ဒါ ကော်မတီဝင်များက အမှတ်ပေးမည်ဖြစ်ပြီး ယင်းရမှတ်များကို တိုင်းအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ကျွန်တော်တို့ ကော်မတီက ဆုံးဖြတ်မှာ မဟုတ်ပါဘူး၊ အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်မှာ”ဟု ဦးအောင်သူရက ပြောသည်။

တင်ဒါနှင့်ပတ်သက်၍ လာမည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ပြီး တင်ဒါအောင်ကုမ္ပဏီ အမည်စာရင်းအား သြဂုတ်လနှောင်းပိုင်း သို့မဟုတ် စက်တင်ဘာလဆန်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကုမ္ပဏီနှစ်ခုက အဆိုပြုခဲ့ကြသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းမှာ အပြောင်းအလဲရှိမည်မဟုတ်ကြောင်း ၀န်ကြီး ဦးအောင်သူရက ပြောသည်။

တင်ဒါဖွင့်ဖောက်ချိန်တွင် တင်ဒါစည်းမျဉ်း အပါအ၀င် အခြားအကြောင်း အရာအချို့နှင့် ပတ်သက်၍ တင်ဒါ ၀င်ပြိုင်သည့် Stellar Powerhouse Pet လီမိတက်က တာဝန်ရှိသူနှင့် တင်ဒါကော်မတီအကြား အငြင်းပွားမှုအချို့ ရှိခဲ့သည်။

လက်ရှိတွင် ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို GGS ကုမ္ပဏီက ယာယီလုပ်ကိုင်နေပြီး လျှပ်စစ် တစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်း ကောက်ခံနေသည်။

ကိုဇော်