အလိုမတူဘဲ ပြည့်တန်ဆာလုပ်ခိုင်းပြီး နှိပ်စက်ခံရသည့် အမျိုးသမီးနှစ်ဦး ဆိုင်မှထွက်ပြေးကာ အမှုဖွင့်

0
919

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ ပြည့်တန်ဆာလုပ်ငန်း ပူးတွဲလုပ်ကိုင်သည့် စားသောက်ဆိုင်တစ်ခုမှ အလိုမတူဘဲ ပြည့်တန်ဆာလုပ်ခိုင်းပြီး လုပ်အားခေါင်းပုံဖြတ် နှိပ်စက်ခံနေရသည့် အမျိုးသမီးနှစ်ဦး ဆိုင်မှထွက်ပြေးကာ ဆိုင်ရှင်ကို အမှုဖွင့်လိုက်သည်။

သြဂုတ်လ ၂၀ ရက်က ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အမှုဖွင့်ပြီးနောက် ထိုအမျိုးသမီးနှစ်ဦးက ကော့သောင်းဆေးရုံသို့ တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်သည်ဟု သိရကြောင်း ကော့သောင်းခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်ဆန်းဝင်းက ပြောသည်။

အမျိုးသမီးနှစ်ဦးက ထွက်ဆိုချက်များ အရ တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးက ကော့သောင်းတွင် အ၀တ်လျှော်၊ သန့်ရှင်းရေး အလုပ်လုပ်လျှင် ၁ လ ကျပ် ၁သိန်းရမည်ဟု ပြောသဖြင့် သဘောတူကာ ကော့သောင်းမှ ဆိုင်ရှင် ဒေါ်အေးနှင့် ချိတ်ဆက်ကြကြောင်း ဒုရဲမှူးအောင်ဆန်းဝင်းက ပြောသည်။

ဒေါ်အေးကလည်း လမ်းစရိတ်ကျ ခံခေါ်ယူမည်ဖြစ်ကြောင်းပြောသဖြင့် သဘောတူလာရောက် လုပ်ကိုင်ခဲ့ကြောင်း ဒုရဲမှူးက ပြောသည်။

ကော့သောင်းဆိုင်ရောက်မှ ပြည့် တန်ဆာဆိုင်မှန်း သိခဲ့ရပြီး ပထမလေးလခန့်တွင် အ၀တ်လျှော် သန့်ရှင်းရေးသာ ခိုင်းစေခဲ့ကြောင်း၊ ထမင်းကို တနေ့တစ်ကြိမ် သာကျွေးကာ လစာကိုမူ မပေးဘဲ နှစ်ယောက် ပေါင်း ကျပ် ၅ ထောင်၊ တစ်သောင်းသာ ပေးခဲ့ပြီး ၄ လခန့်အတွက် ငွေကျပ် ၇ သောင်းသာပေးခဲ့ကြောင်း ကော့သောင်း ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

နောက်ပိုင်းတွင် ၎င်းအမျိုးသမီး နှစ်ဦးအား ဆိုင်ရှင်က ပြည့်တန်ဆာ လုပ်ခိုင်းခဲ့ရာ ၎င်းတို့က ငြင်းဆန်ခဲ့သဖြင့် ဆိုင်ပိုင်ရှင် ဒေါ်အေးနှင့်သမီး၊ ဆိုင်မှ ဘ၀တူအမျိုးသမီးတစ်ဦးနှင့် ဆိုင်လုပ်သားတစ်ဦးတို့က သံကြိုးဖြင့် ချည်နှောင်ပြီး ရေနွေးပူဖြင့် ခန္ဒာကိုယ်ကို လောင်းခြင်း၊ သံမိုကို မီးဖုတ်ကာ ခန္ဓာကိုယ်ကို ထိုးခြင်း၊ ဆံပင်ကို ကပ်ကြေးဖြင့်ညှပ်ကာ ကွက်ကြားဖြစ်အောင် ပြုလုပ်ခြင်း၊ ခုံနှင့် ရိုက်ခြင်း စသဖြင့် နှိပ်စက်ခဲ့ကြောင်း ဒုရဲမှူးက ဆိုသည်။

ထွက်ပြေးမည်စိုး၍ဆိုကာ လူခွဲ၍ တစ်ယောက်တစ်ခန်းထား၍ သံကြိုးခတ်ထားခြင်း၊ ညဘက်တွင် ဆိုင်နောက်ရှိ တဲထဲတွင် သံကြိုးခတ်ထားခြင်းများကို ၃ လခန့် ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဒုရဲမှူး အောင်ဆန်းဝင်းက ပြောသည်။

မခံမရပ်နိုင်သဖြင့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးက ဆိုင်ရှင်အလစ်တွင် ဆိုင်မှ အရင်ထွက်ပြေးကာ ရွှေဇင်ယော်ရပ်ကွက် မြေနီလမ်းရှိ အသိအမျိုးသမီး တစ်ဦးအိမ်သို့ သွားရောက် အကူအညီ တောင်းခဲ့ကြောင်း၊ နောက်နှစ်ရက်ခန့် အကြာတွင် နောက်တစ်ယောက်လည်း ထွက်ပြေးလာပြီးနောက် အထက်ပါအသိ အမျိုးသမီး၏ အကူအညီဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

အမှုဖွင့်တိုင်ကြားပြီးနောက် ထိုအမျိုးသမီးနှစ်ဦး ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။

ကော့သောင်းမြို့မရဲစခန်းမှ အပြစ်ကျူးလွန်ခဲ့သည့် ဆိုင်ရှင် ဒေါ်အေးအပါ အ၀င်သုံးဦးကို ဖမ်းဆီးကာ ရာဇသတ် ကြီးပုဒ်မ ၃၂၆၊ ၁၁၄၊ ၅၀၆၊ ၃၄၂ တို့ဖြင့် အမူဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှလည်း ပါဝင်ပတ်သက်ကျုးလွန်သူ ၅ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ၂၄/၂၉/၃၂ တို့ဖြင့် သြဂုတ်လ ၂၁ ရက်က အမှုဖွင့်လိုက်ကြောင်း ဒုရဲမှူး အောင်ဆန်းဝင်းက ပြောသည်။

ဥပဒေပုဒ်မ ၂၄ သည် ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်၊ ပုဒ်မ ၂၉ သည် ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

“ဒီဖြစ်စဉ်က ဘ၀ရပ်တည်မှု ခက်ခဲနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လုပ်အားခ မပေးဘဲနဲ့၊ ခေါင်းပုံဖြတ်ပြီး ခိုင်းစေတယ်။ ခေါင်းပုံဖြတ်ခိုင်းစေတဲ့ အထဲမှာ (အမျိုးမျိုး)ညှင်းပန်းနှိပ်စက်တာရယ်၊ ပြည့်တန်ဆာအဖြစ် သဘောမတူ ဘဲ ခိုင်းစေတာလည်း ပါတယ်။ ပူးပေါင်းပါဝင် ကျူးလွန်တဲ့ ရန်ကုန်က စည်းရုံးတဲ့ လူရော၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တဲ့ သူတွေရော စုစုပေါင်း ငါးဦးကို ကူကုန်ကူး မှုတားဆီးရေးဥပဒေနဲ့ ဆက်လက် အရေးယူဆောင်ရွက်ထားပါတယ်”ဟု ဒုရဲမှူး အောင်ဆန်းဝင်းက ပြောသည်။

ဆေးရုံကဆင်းလာပြီဖြစ်သည့် ယင်း အမျိုးသမီးနှစ်ဦးကို  ကော့သောင်းရှိ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက် ရေးဂေဟာတွင် စောင့်ရှောက်ထားပြီး အခြားအဖွဲ့အစည်းအချို့ကလည်း ကူညီ ထောက်ပံ့ပေးနေကြောင်း သိရသည်။

အမှုနှင့်ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေးချက်၊ သက်သေထွက်ဆိုချက်များရယူပြီးနောက် ၎င်းတို့ နှစ်ဦးအား မိသားစု ပြန်လည်ပေါင်းစည်းရေး၊ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှု၊ အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့မှုတို့ဖြင့် လုပ်ဆောင်သွားရန် ချိတ်ဆက်ထားကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ၎င်းအမျိုးသမီး နှစ်ဦး မိသားစုဝင်တို့နှင့် အဆက်အသွယ်ရရှိရေး ရန်ကုန်ရှိ လူကုန်တားရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု သိရသည်။

“သူတို့ အိမ်နဲ့ ဆက်သွယ်လို့ မရအောင် သူတို့ရဲ့ ပါလာတဲ့ မှတ်ပုံတင်တွေ၊ ဖုန်းတွေကအစ၊ အ၀တ်အစားတွေကအစ (ဆိုင်ရှင်က) မီးရှို့တဲ့အထဲအကုန် ပါသွားတယ်။ သူတို့ အိမ်နဲ့လည်း အဆက်အသွယ် မရကြပါဘူး”ဟု ဒုရဲမှူး အောင်ဆန်းဝင်းက ပြောသည်။

ကော့သောင်းတွင် ပြည့်တန်ဆာလုပ်ငန်း တွဲဖက်လုပ်ကိုင်သည့် စားသောက်ဆိုင် ၃၀ ခန့်ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Dawei Watch