နုဆေး

0
2487

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာနေ ကိုသံဂွင်းက တစ်ရွာတည်းသား သူ့ညီငယ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ယောက်ကို ဗလာစာရွက်ပိုင်းဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ် ပေးလိုက်သည်။

ထိုလူငယ်က ထိုစက္ကူထုပ်ကို ဂရုတစိုက် ဖွင့်သည်။ ထိုစက္ကူထုပ် အတွက် ကိုသံဂွင်းအား ထိုလူငယ်က တောချက်အရက် တစ်လုံးဖိုး ပေးထားရသည်။

စက္ကူထုပ်ထဲမှ ထွက်လာသည်က ဂျင်းအဖုငယ်ကို နေလှမ်းထားသည့် ပုံပေါက်နေသော ပဲကြီးစေ့အရွယ် ဖြူညို ညစ် အတုံးငယ် တစ်တုံး။

“ဒါ မင်းလိုချင်နေတဲ့ နုဆေးအတွက် ဂမုန်းပဲ”ဟု ကိုသံဂွင်းက လူငယ်ကို ပြောသည်။

လူငယ် ပျော်သွားသည်။ ပျော်သည် ဆိုသည်ထက် ရင်လှိုက်ဖိုမှုက ပိုနေသည်။ သို့သော် အစွမ်းထက် ထိုဂမုန်း ကို မည်သို့ သုံးရပါ့။

“ဒါကို ဘယ်လို သုံးရမှာလဲ၊ နည်းပြောပြဦးလေ”ဟု လူငယ်က ကိုသံဂွင်းကို တောင်းဆိုသည်။

ကိုသံဂွင်းက ဆရာကြီးအထာဖြင့် လူငယ်ကို မျက်လုံးမှေး၍ ကြည့်သည်။ ထိုနောက် လက်မကို ပါးစပ်နား တေ့ပြ သည်။

“အရက်ဖိုး ထပ်ပေး”ဆိုသည့် သဘော။

ထိုလူငယ်သည် ကသိကအောက် ဖြင့် ကိုသံဂွင်းတောင်းသည့်အရက်ဖိုးကို မုန့်ဖိုးများစုကာပေးရင်း ၃ ရက်ခန့် အတွင်း သူလိုချင်လွန်းနေသည့် နုဆေး (ခေါ်) ပီယဆေးတစ်ဖုံ ရရှိသွားပါသည်။

ဇယ်တောက်ရာတွင်ဖြူးသည့် ကျောက်မှုန့်ပုလင်းအလွတ်ထဲ အစွမ်းထက် မျက်နှာပွင့်ဂမုန်းကိုထည့်ကာ ပသျှူးမရေမွှေးအပြည့်ထည့်ထားသည့် နုဆေးပုလင်း။

ကိုသံဂွင်းအပြောအရ ထိုရေမွှေးဖြင့် မိန်းကလေးကို တစ်ချက်တို့နိုင်က ထိုမိန်းကလေး တမ်းတမ်းစွဲဖြစ်မည့် နုဆေးပုလင်း။

လူငယ်သည် ညဦးတွင် ထိုနုဆေး ပုလင်းကို အင်္ကျီအိပ်ထဲထည့်ကာ လက်ဖြင့် ဂရုတစိုက်ဖိ၍ ရွာလယ်ဗွီဒီယိုရုံသို့ ယုံကြည်ချက်ရှိလှသည့် ခြေလှမ်းများဖြင့် ချီတက်လာပါတော့သည်။

သူ့စိတ်ကူးထဲတွင်ကား လုံးကြီး ပေါက်လှ ကွမ်းတော်ကိုင် ချစ်မမဖြင့် ညလရောင်ထဲ ရင်ခုန်ပွဲကြီး နွှဲ၍…။

။။        ။။             ။။

ထိုလူငယ်ကဲ့သို့ပင် လွန်ခဲ့သည့် ဆယ်စုနှစ်များက နုဆေး(ခေါ်) ပီယဆေးကို ဖော်စပ်ကာ စမ်းသပ်ဖူးသူ များစွာ ရှိခဲ့ပါသည်။

ကိုယ်တိုင် မဖော်စပ်တတ်လျှင် လုပ်တတ်သည့် သက်ကြီးရွယ်ကြီး အားကိုးရ သူများထံ ချည်းကပ်ကြရသည်။

နုဆေးဖော်စပ်ပုံက တစ်ယောက် နှင့် တစ်ယောက် မတူ။

အချို့က အထက်ပါလူငယ်ကဲ့သို့ အစွမ်းထက် မျက်နှာပွင့် ဂမုန်းနက်ဖြင့် စီရင်ကြမည်။

အချို့က အစွမ်းထက်သည်ဆိုသည့် သစ်သားများ၊ မိမိနှင့် နေ့နံကိုက် သစ်သား များကိုရှာကာ လာဘ်လာဘအရာတွင် ဧတဒဂ်ရ ရှင်သီဝလိပုံတော်ကို သေးသေး လေးထုလုပ်ကာ ပုလင်းသေးထဲထည့်၍ ရေမွှေးဖြင့် စိမ်ကြမည်။

အချို့က  ရင်ခွင်ပိုက်ခေါ် နှစ်ယောက် ဖက်နေသည့်ပုံကိုထုကာ ပုလင်းသေးထဲ ထည့်၍ ရေမွှေးဖြင့် စိမ်ကြမည်။

ထိုရေမွှေးဖြင့် မိမိနှုတ်ခမ်းတွင် ဆွတ်ကာ စကားပြောလျှင် ပြောသမျှ အောင်ပြီး ကိုယ်ချစ်သည့်ကောင်မလေးကို တို့လိုက်လျှင် တို့သူကို တမ်းတမ်းစွဲစေ မည်ဟု ယုံကြ ဆေးကို အားကိုကြမည်။

နုဆေးအရာတွင် မြိတ်ဒေသတွင် နာမည်ကြီးသည့် ပသျှူးဆေးက ပိုစွမ်းသည်ဟု  သိထားကြောင်း မြိတ်မြို့ ဇေယျာသီရိရပ်နေ အသက် ၇၅ နှစ်ရှိ ဒေါ်မြသန်းက ပြောသည်။

ပသျှူးဆေးကို ကွမ်းယာ၊ ဆေးလိပ်၊ ပေါင်ဒါ၊ ရေ၊ အစားအသောက်တစ် ခုခုထဲ ထည့်အသုံးပြုလေ့ရှိသည်ဟု သိရကြောင်း ဒေါ်မြသန်းက ဆိုသည်။

“စီးကရက်ငွေ့နဲ့ အနံ့ရအောင် လာသောက်တာတို့၊ ပေါင်ဒါနဲ့ အမှတ်မထင် လာသုတ်လိုက်တာတို့၊ ကွမ်းယာ ကျွေးတာတို့ပေါ့။ စားမိရင် ကျွေးတဲ့လူ နောက် ကောက်ကောက်ပါအောင် လိုက်သွားတယ်ဆိုပဲ။ ကိုယ်တိုင်တော့ မကြုံဖူးဘူး”ဟု ဒေါ်မြသန်းက ပြောသည်။

တစ်ချို့က ရစ်ဆစ်နီ(မြိတ်အခေါ် ရွက်ဆစ်နီ) နှစ်ကွင်းကျ၊ သုံးကွင်းကျကို ရှာဖွေကာ ဆောင်ထားကြသည်။

ရစ်ဆစ်နီက ကျောက်ပြင်တွင် အနည်းငယ်သွေး၍ ရေခွက်တွင် အစက်ချ လိုက်လျှင် အကွင်းလိုက် နှစ်ကွင်း၊ သုံး ကွင်း ကျတတ်ပြီး အကွင်းကျများလေလေ အစွမ်းထက်လေလေဟု ယုံကြည်တတ် ကြသည်။

တစ်ချို့ကလည်း မိမိတွင် ဆေးစွမ်းကောင်းရှိလျှင် အသုံးလိုနေသည်ဟု ယူဆရသည့် မိမိသူငယ်ချင်းကို မျှပေးတတ် ပါသည်။

မြိတ်မြို့၊ ရွှေပေးရွာနေ အသက် ၃၂ နှစ်ရှိ ကိုကျော်နိုင်ဦးကလည်း တက္ကသိုလ် ကျောင်းတက်စဉ်က သူငယ်ချင်းတစ်ဦးမှ နုဆေးလာပေး၍ ယူခဲ့ဖူးကြောင်း ပြောသည်။

လာပေးသည့် နုဆေးမှာ ပုလင်းသေးသေးလေးတွင် ရေမွှေးနံ့သာဖြင့် စိမ်ထားသည့် ရွက်ဆစ်နီ။

သို့သော်သူ မသုံးဖြစ်ဘဲ မြေထဲ မြှုပ်လိုက်ကြောင်း ပြောပါသည်။

““လာပေးတော့ ယူလိုက်တယ်။ ဒါပေမယ့် ဒီဆေးကို ကောင်မလေးတွေကို တို့ထိပြီး စမ်းတာမျိုးတော့ လုံးဝမလုပ် ခဲ့ဘူး။ ဘာကြောင့်မြေမြှုပ်လိုက်လဲ ဆိုတော့ ဒီဗူးကို ကိုယ်က မသုံးပေမယ့် တခြားတစ်ယောက်ကရပြီး တိုက်တိုက် ဆိုင်ဆိုင် အစွမ်းထက်နေမှာစိုးလို့ပါ”ဟု ကိုကျော်နိုင်ဦးက ပြောသည်။

တချို့က နုဆေးကို ကြားဖူးသော်လည်း မမြင်ဖူးကြဟု ဆိုပါသည်။

“ပီယဆေးဆိုတာ ဇာတ်ပွဲတွေမှာ လူပြက်တွေ ပြက်တာလောက်ပဲ ကြား ဖူးတယ်။ ကိုယ်ကြိုက်တဲ့ မိန်းမကို အဲ့ဒီ ဆေးနဲ့တို့လိုက်ရင် ပြန်ကြိုက်တယ် ပြောတယ်။ အဲ့ဒါတွေက လက်တွေ့မှာတော့ မမြင်ဖူးဘူး”ဟု ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာမှ ဒေါ်မြတ်စုသွယ်က ပြောသည်။

အချို့ကမူ နုဆေးကို မမြင်ဖူး၊ မသုံးဖူးသဖြင့် နုဆေးအစွမ်းကို မယုံတစ်ဝက် ယုံတစ်ဝက်။

သရက်ချောင်းမြို့နယ် ညောင်ဇင်စံပြကျေးရွာမှ ဦးသိန်းဦးသည်လည်း နုဆေးကို ယုံရခက် မယုံရခက်။

“မိန်းမချောချောလှလှလေးရလာရင် ဟာ..ဒီကောင်မှာ အဲ့ဒီဆေးရှိတယ် ဆိုပြီး တကယ်ပဲ ပြောသလား။ စ ပြော တာလားတော့ မသိဘူး”ဟု ဦးသိန်းဦးက ဆိုသည်။

မြိတ် မြို့သစ်ရပ်နေ အသက် ၅၂ နှစ်အရွယ် ဦးရဲထွန်းကမူ ၎င်းအား မိန်းမတစ်ဒါဇင်ခန့်ကို တစ်ယောက်ပြီး တစ်ယောက် ယူပြခဲ့သူတစ်ဦးက သူ့တွင် နုဆေးရှိသည်ဟု ပြောရာ မယုံတစ်ဝက် ယုံတစ်ဝက်။

တချို့ကတော့ နုဆေးကို လုံးဝမယုံ။

မသုံးဘဲ မြေမြှုပ်ခဲ့သည်ဆိုသည့် ကိုကျော်နိုင်ဦးကလည်း မယုံပါ။

မိန်းမလေးငါးယောက် ယူဖူးသူ တစ်ဦးကို မေးကြည့်ရာ သူ့တွင်ရှိသည့် နုဆေးအစွမ်းကြောင့်ဟု ပြောသည်ကို ကိုကျော်နိုင်ဦးမယုံခဲ့။

ထိုသူ ယူခဲ့သည့် မိန်းမများက တခုလပ်၊ မုဆိုးမတို့သာ ဖြစ်နေသော ကြောင့်ဟု ဆိုသည်။

“တကယ်နုဆေးစွမ်းရင် ရုပ်ချောချော သူဌေးသမီးကို သူဘာကြောင့်မရ ခဲ့သလဲပေါ့။ ခုတော့ နီးတဲ့မိန်းမဆွဲယူပြီး သူကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ နေနေရတယ်။ ပြောရရင် အဲဒီဆေးကို မယုံပါဘူး”ဟု ကိုကျော်နိုင်ဦးက ဆိုသည်။

လက်ရှိအသက် ၂၀ ၀န်းကျင် လူငယ်များကတော့ နုဆေးဆိုသည်ကို ယုံရန် အပထား ကြားဖူးသူပင် နည်းလှပါပြီ။

။။              ။။          ။။

လွန်ခဲ့သည့် နှစ် ၂၀ ကျော် ညတစ် ညက အစွမ်းထက် ဂမုန်းနုဆေးပုလင်းကို အင်္ကျီအိပ်ထဲထည့်ကာ လက်ဖြင့် ဂရုတစိုက်ဖိ၍ ရွာလယ်ဗွီဒီယိုရုံသို့ ချီတက်သွားခဲ့ ဖူးသည့် လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာက လူငယ်ကတော့ ကိုသံဂွင်း ဖော်ပေး သည့်ဆေးကို အလွန်ယုံကြည်ကိုးစား ခဲ့ပါသည်။

ဗွီဒီယိုရုံထဲရောက်သည်နှင့် ကွမ်းတော်ကိုင် ချစ်မမနောက်နားသို့ မသိမသာမရမက တိုးဝှေ့ နေရာယူသည်။

ဗွီဒီယိုဇာတ်ကား ဇာတ်ဝင်ခန်းရောက်ချိန်၊ လူအများအာရုံ ဗွီဒီယိုတွင် စီးမျော နေချိန်တွင် နုဆေးပုလင်းကို ဖွင့်သည်။ လက်ညှိုးဖြင့် ပုလင်းဝတေ့ကာ ဆွတ်သည်။ အဖုံးပြန်ဖုံးသည်။

အတွေ့အကြုံမရှိ၊ ရင်တုန်ပန်းတုန်ဖြင့် လက်ရောလူပါ တဆတ်ဆတ်တုန်ကာ ဇောချွေးများရွှဲနစ်လာသည်။ သို့သော် နောက်မတွန့်။

ချစ်မမ၏ လက်မောင်းသားကို လှစ်ခနဲ့ တို့လိုက်သည်။

ချစ်မမက ဆတ်ခနဲ လှည့်ကြည့်သည်။ သူရင်ခုန်လှပြီ။

ချစ်မမက မေးဆပ်ပြသည်။ “ဘာလဲ”ဟု မေးသည့်သဘော။

လူငယ်က ရူးချင်ယောင်ဆောင်ကာ သွားဖြီးပြလိုက်ရသည်။

ချစ်မမက ပြုံးပြကာ ပြန်လှည့်သွား ပြီး ဗွီဒီယိုဆက်ကြည့်နေသည်။

လူငယ်မှာတော့ မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်ဖြင့် စိတ်ကူးဖဲရိုက်ကာ ဗွီဒီယို ပြီးမည့်အချိန်ကို ရင်တုန်ပန်းတုန် ဖြင့် စောင့်နေသည်။

ဗွီဒီယို ပြီးချိန်တွင် ချစ်မမက ဖုတ်ဖက်ခါထပြီး သူ့ကို တစ်ချက်ပြုံးပြကာ သူ့အိမ်သူ တန်းတန်းမတ်မတ် ပြန်သွား သည်။

လူငယ်သည်လည်း ကိုသံဂွင်းကို စိတ်ထဲမှ ကျိန်ဆဲကာ သူ့အိမ်သူ ပြန်ခဲ့ရ လေသည်။

တနင်္သာရီသတင်းအဖွဲ့