အကျဉ်းသားတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်ဆယ်ကျော် ဖမ်းမိ

0
1081

တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသားတစ် ဦးထံမှ WY စိတ်ကြွဆေးပြားနှစ်ဆယ်ကျော်ကို သြဂုတ်လ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ပြင်ပအလုပ်ခွင်တွင် ၀ါးခုတ်ရာမှ ပြန်လာသည့် အသက်၂၈ နှစ် အရွယ်ရှိ အကျဉ်းသားကို ဗူးတံခါးဝတွင် စစ်ဆေးရှာဖွေရာ ဘေးလွယ် အိတ်အတွင်းမှ WY စိတ်ကြွဆေး ၂၁ ပြားကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးဖမ်းမိသည့် အကျဉ်းသားအား စစ်မေးရာ သြဂုတ်လ ၁၉ ရက် ညနေငါးနာရီခွဲခန့်က ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအနီး ၀ါးခုတ်နေစဉ် အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက အကျဉ်းစခန်းအတွင်း ရောင်းချပေးရန်နှင့် လတ်တလောသုံးစွဲရန် WY စိတ်ကြွဆေးများ  ပေးအပ်ခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးသယ်လာသည့် အကျဉ်းသားမှာ တပ်မတော်အက်ဥပဒေဖြင့် ထောင်ဒဏ်လေးနှစ် ကျခံနေရသူဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးများတွေ့ရှိသည့် အကျဉ်းသားကို သက်ဆိုင်ရာမူးစိတ်ပုဒ်မဖြင့် တနင်္သာရီမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch