တစ်ကိုယ်တော်များ

0
498

လက်ရှိတိုင်းအတွင်း ရေဘေးကယ်ဆယ် ကူညီရေးနှင့် ပတ်သက်ပြီး လေ့လာမိသလောက် သတင်းအချက်အလက်များကို  တစ်ဦးချင်းစီ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်များမှ အသိပေးနေသည်ကို တွေ့ရသည်။ တစ်ယောက်တစ်ပေါက် အသိပေးတတ်သလောက် အသိပေးနေသလို ဖြစ်နေသည်။

တစ်ဦးတစ်ယောက်ဟုဆိုရာတွင် ၀န်ကြီးချုပ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ တစ်ဦးတစ်ယောက်ကိုသာ ဆိုလိုသည့်အတွက် သတင်းအချက် အလက်များကို ယုံကြည်ရမှုအတွက် အားနည်းချက် ရှိနေသည်။

၎င်းင်းတို့ ရေးတင်ထားသည့် အချက်အလက်များကို တကယ်ယုံကြည်ရသည့် အချက်အလက်များ ဖြစ်မဖြစ် စိစစ်ရဦးမည်။ မေးမြန်းအတည်ပြုရဦးမည် ဖြစ်သည်။

ထို့ကြောင့် သတင်းအချက်အလက်များ ဆုံချက်ပျောက်ပြီး ပြန့်ကျဲနေသည်။ ယုံကြည်ရမှု လျော့ရဲနေသည်။

အမှန်တကယ်ဖြစ်သင့်သည်မှာ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကော်မတီတစ်ခုခု၏ ဖေ့စ်ဘွတ်မှဖြစ်ဖြစ်၊ ဌာနတစ်ခုခု၏ ဖေ့စ်ဘွတ်မှဖြစ်ဖြစ်၊ တိုင်းအစိုးရ၏ ဖေ့စ်ဘုတ်မှဖြစ်ဖြစ် တရားဝင် ထုတ်ပြန်သင့်သည်။

ထိုသို့ ထုတ်ပြန်ထားသည်ကိုသာ သက်ဆိုင်ရာ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ၀ိုင်းဝန်းမျှဝေကြသည်မျိုး ဖြစ်သင့်သည်။

လက်ရှိ ဘေးအန္တရာယ်ကြုံရချိန် မြင်ရသည့် အခင်းအကျင်းသည် သတင်းအချက်အလက်နှင့် ပတ်သက်ပြီး စုပေါင်းချိတ်ဆက်မှု၊ အဖွဲ့အစည်းအခြေပြု လုပ်ကိုင်မှု အားနည်းသည်ကို တွေ့ရသည်။ တစ်ကိုယ်တော်သာ များနေသည်။

ယခုကဲ့သို့ ဘေးအန္တရာယ်ကြုံရချိန်တွင် မှန်ကန်မြန်ဆန်သည့်သတင်းအချက် အလက်သည် အင်မတန် အရေးကြီးသည်ကို အားလုံးသိပြီး ဖြစ်ပါသည်။

ယင်းအတွက်ကို အလေးထား စဉ်းစားလုပ်ဆောင်လုပ်ရန် ပိုအရေးကြီးပါသည်။

အယ်ဒီတာ (သြဂုတ် ၁၈၊ ၂၀၁၉)